တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဉ်းထောင်တွင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ အကြမ်းဖက်ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် အမျိုးသမီး ၃ ဦး အရေးပေါ် ဆေးကုသမှု လိုအပ်နေကြောင်း ထားဝယ် အကျဉ်းသားများကွန်ရက်ထံမှ သိရသည်။
အဆိုပါ အမျိုးသမီး ၃ ဦးအနက် ၁ ဦးမှာ ဖမ်းဆီးခံရစဉ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် ကျည်ဆန် ဝမ်းဗိုက်ကို ထိမှန်ဒဏ်ရာရထားပြီး ကျန် ၂ ဦးမှာ ကျောက်ကပ်၊ သားအိမ်ရောဂါဝေဒနာ ခံစားနေရသူနှင့် လည်ပင်း အကျိတ် ခွဲစိတ်ရမည့် အခြေအနေများ ရှိနေသည်ဟု ဆိုသည်။
ထားဝယ်အကျဉ်းသားများကွန်ရက်အဖွဲ့ဝင် တဦးက “အထဲမှာက ဆေးမှူး ၂ ယောက် ရှိတယ်။ သူတို့က ရိုးရိုးဖျားတဲ့ ကိစ္စတွေ နှာစေး၊ ချောင်းဆိုးလောက်ပဲ လုပ်လို့ရတယ်။ ကျည်ထိထားတဲ့ တယောက်ရဲ့ ဒဏ်ရာက ဝမ်းဗိုက်ထဲက ဒဏ် ရာဆိုတော့ အက်ထရာဆောင်း ရိုက်တာတို့ လုပ်ရမှာ။ ဘာဖြစ်လဲဆိုတာကို ကာယကံရှင်တောင် သေချာမသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “နောက် ၂ ယောက်ကတော့ သူတို့မှာ နဂိုရောဂါအခံ ရှိတယ်။ တယောက်က သားအိမ်နဲ့ ပတ် သက်တဲ့ဝေဒနာ ခံစားနေရတယ်။ အပြင်မှာ ဆေးကုသဖို့ တောင်းခံထားတယ်။ ဒါပေမဲ့ မရသေးဘူး။ နောက် တယောက်ကကျတော့ လည်ပင်းမှာရှိတဲ့ အကျိတ်ကို ခွဲစိတ်ဖို့အတွက် တောင်းဆိုထားတယ်” ဟု ရှင်းပြသည်။
၎င်းတို့အား စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ထားဝယ်ဆေးရုံတွင် ဆေးကုသခွင့် ပေးခဲ့သော်လည်း ထားဝယ် အကျဉ်းထောင်သို့ ပို့ဆောင်ပြီးနောက်ပိုင်း ဆေးကုသမှု မပေးတော့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး ၃ ဦးမှာ ၂၀၂၁ စက်တင်ဘာလအတွင်း သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ကျေးရွာအား စစ်ကောင် စီတပ်များ ဝင်ရောက် ပစ်ခတ်ခဲ့စဉ် ကျည်ဆန်ထိမှန်ကာ ဖမ်းဆီးခံခဲ့ရသည့် မခင်ကေခိုင်နှင့် မေလ ၂၉ ရက်၊ ထားဝယ် မြို့၊ ဆင်ဆိပ်ရပ်ကွက်တွင် လူငယ် ၈ ဦးနှင့်အတူ ဖမ်းဆီးခံရသည့် မစုလှိုင်နွေးတို့ ဖြစ်ကြောင်း၊ ကျန်တဦးနှင့် ပတ် သက်၍ အသေးစိတ် သိရှိရခြင်း မရှိသေးကြောင်း ထားဝယ်အကျဉ်းသားများကွန်ရက်အဖွဲ့ဝင်က ပြောသည်။
မစုလှိုင်နွေး၏ မိသားစုဝင် တဦးကလည်း “အမြန်ဆုံး ဆေးကုသခွင့် ရစေချင်တယ်။ သူမှ မဟုတ်ဘူး။ အခုဖြစ်နေတဲ့ ၂ ယောက်ကိုပါ အမြန်ဆုံး ကုသခွင့် ရစေချင်တယ်။ လွတ်ငြိမ်းတွေဘာတွေလည်း မမျှော်လင့်တော့ဘူး။ ဆေးကုသ ခွင့်ပဲ ရစေချင်တယ်။ အဲဒါလေးပဲ တောင်းထားတယ်။ တခြားလည်း ဘာမှ မမျှော်လင့်တော့ဘူး” ဟု ဆိုသည်။
ဆေးကုသခွင့် မပေးဘဲ အခြေအနေများ ဆိုရွားလာပါက အသက်အန္တရာယ်ကို ထိခိုက်နိုင်သည့်အတွက် စစ်ကောင်စီ အနေဖြင့် အကျဉ်းသား အခွင့်အရေးများကို လိုက်နာ၍ ဆေးကုသမှု အမြန်ဆုံးပေးရန် လိုအပ်ကြောင်းလည်း ကာယ ကံရှင် မိသားစုဝင်များနှင့် ထားဝယ်အကျဉ်းသားများကွန်ရက်က တောင်းဆိုသည်။
“ဒီအခြေအနေတွေက တော်တော်ဆိုးရွားတယ်။ သူတို့က အကြမ်းဖက်ပုဒ်မနဲ့ အဖမ်းခံထားရတယ်။ ဖမ်းဆီးထားပြီ ဆိုတော့ သူတို့ကို ဆေးကုသပေးဖို့ အကျဉ်းသား အခွင့်အရေးတွေကို လိုက်နာပြီးတော့မှ လုပ်ပေးဖို့က အကျဉ်းထောင်မှာ တာဝန်ရှိတယ်။ သူတို့က အဲဒီလို မလုပ်ပေးဘဲနဲ့ ဒီတိုင်း အကိုက်အခဲပျောက်ဆေးလေး ပေး ပြီးတော့ ထားတယ်။ အခြေအနေတွေ ဆိုးရွားလာရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ်။ အဲဒီအတွက် အမြန်ဆုံး အကျဉ်းသားအခွင့်အရေးနဲ့ အညီလုပ်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ထားဝယ်အကျဉ်းသားများကွန်ရက်အဖွဲ့ဝင် က ပြောသည်။
၎င်းတို့၏ ဆေးကုသခွင့် တောင်းဆိုချက်များအား ထားဝယ်အကျဉ်းထောင်ဘက်မှ အကြောင်းအမျိုးမျိုးပြ နေခြင်းကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်စေပြီး မိသားစုဝင်များအတွက် စိုးရိမ်စိတ် ပိုဖြစ်စေသည်ဟုလည်း ၎င်းတို့က ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ၁ နှစ်တာ ကာလအတွင်း ထားဝယ်မြို့ထောင်တွင်း တရားရုံးက အမျိုးသမီး ၂၆ ဦးကို အကြမ်းဖက်ဥပဒေပုဒ်မ၊ ၅၀၅-က များဖြင့် ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ၎င်းတို့အနက် ၄ ဦးမှာ အောက်တိုဘာ ၁၈ ရက်တွင် လွတ်ငြိမ်းဖြင့် ပြန်လွတ်မြောက်ခဲ့သည့်အတွက် လက်ရှိတွင် ထားဝယ်အကျဉ်းထောင်ထဲ၌ နိုင်ငံရေးအကျဉ်း သား အမျိုးသမီး ၂၂ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။