နိုင်ငံကျော် အဆိုတော် လင်းလင်းနှင့် ချစ်သုဝေ အပါအဝင် လူမှုကွန်ရက်တွင် လူသိများသော ပန်ဆယ်လိုတို့၏ နေအိမ် များကို အာဏာသိမ်း စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လိုက်လံချိပ်ပိတ်နေသည်။
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းထောင့်၊ အောင်ဆုပန်ရပ်ကွက်၊ ရွှေအင်ကြင်းရိပ်မွန် အိမ်ရာရှိ လင်းလင်းနှင့် ချစ်သုဝေတို့၏ နေအိမ် တိုက်အမှတ် (T)၊ အခန်း (၆) ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါ ရီ ၁၆ ရက် ညပိုင်းတွင် လာရောက် ချိပ်ပိတ်သွားခဲ့သည်။
၎င်းတို့ လာရောက် ချိပ်ပိတ်သည့် အချိန်တွင် အဆိုပါ နေအိမ်၌ နေထိုင်သူ မရှိကြောင်း ယင်းပတ်ဝန်းကျင်ထံမှ သိရသည်။
ပြီးခဲ့သည့် နှစ်ကတည်းက စစ်ကောင်စီသည် အဆိုတော် လင်းလင်းနှင့် ချစ်သုဝေအား နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်သည် ဟုဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ထားပြီး လိုက်လံဖမ်း ဆီးနေခြင်း ဖြစ်သည်။
၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် စစ်အာဏာသိမ်းပြီးစကာလ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သလို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူများအတွက် ရန်ပုံငွေ ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် လည်း တော်လှန်ရေးနယ်မြေ တနေရာမှ စစ်အာဏာရှင်အား ဆက်လက် ဆန့်ကျင် တော်လှန်နေဆဲ ဖြစ်သည်။
အဆိုတော် လင်းလင်းသည် အဆိုတော် R ဇာနည်နှင့်အတူ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက “နောက်ဆုံးဖြစ်ရမယ်” သီချင်းနှင့် အာဏာသိမ်း တနှစ်ပြည့်သည့်နေ့က “နိုင်ငံဆိုတာ လူထုအမိန့်” စသည့် တော်လှန်ရေးသီချင်းများကို ဖြန့်ချိ ခဲ့သည်။
ထို့ပြင် လူမှုကွန်ရက်တွင် လူသိများပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအတွက် ရန်ပုံငွေ ရှာဖွေကူညီပေးနေသည့် ပန်ဆယ်လို၏ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၄၁ ရပ်ကွက်ရှိ နေအိမ်ကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ချိပ်ပိတ်ခဲ့သည်။
ပန်ဆယ်လိုက ယင်းသို့ ချိပ်ပိတ်လာမည်ကို မျှော်လင့်ထားကြောင်း၊ အိမ်ကိုသာ ချိပ်ပိတ်လို့ရမယ်၊ တော်လှန်စိတ်ကို ချိပ်ပိတ်လို့ မရဘူးဟုလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြန်လည်တုံ့ပြန် ရေးသားထားသည်။
ထိုကဲ့သို့ ချိပ်ပိတ်ရန်အတွက် ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ်အကောင့်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်နေသော အနုပညာရှင်များ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသော လူသိများသူများ၏ နေရပ်လိပ်စာ များကို ဖော်ပြပြီး တွန်းအားပေး ပြောဆိုခြင်းများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက လိုက်လံ ချိပ်ပိတ်နေခြင်း လည်း ဖြစ်သည်။
ဟန်ငြိမ်းဦးဆိုသည့် တယ်လီဂရမ်အကောင့်မှ အခြားသော အနုပညာရှင်များ ဖြစ်ကြသည့် အဆိုတော် R ဇာနည်၊ ဒါရိုက်တာ ဏကြီးနှင့် ပိုင်ဖြိုးသု၊ သရုပ်ဆောင် ဒေါင်း၊ မင်းမော်ကွန်း၊ ထားထက်ထက်၊ ကျားပေါက်၊ မြနှင်းရည်လွင်၊ ဟားငါးကောင် အဖွဲ့၊ ဒါရိုက်တာ သည်ခေတ်နေ၊ မော်ဒယ် ဟန်လေး၊ မိတ်ကပ် မေဦး စသူတို့၏ နေအိမ်များကိုပါ ချိပ်ပိတ်ရန် လှုံ့ဆော် ထားသည်။
ထို့ပြင် လူမှုကွန်ရက်တွင် လူသိများသည့် ဒေါက်တာဖြိုးသီဟ၊ ကိုဇင်ဇေလွင်နှင့် အစီအစဉ် တင်ဆက်သူ မောင်မောင်အေး တို့၏ နေအိမ်များကိုပါ လိုက်လံချိပ်ပိတ်ရန် လှုံ့ဆော်ရေးသားမှုများ ဟန်ငြိမ်းဦးအကောင့်တွင် ဆက်တိုက် ရေးသားလျက် ရှိ သည်။
ထို့အတူ အာဏာသိမ်း စစ်ကောင်စီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ NLD နှင့် ဆက်စပ်သူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တွင် ပါဝင်နေသူ တို့၏ နေအိမ်များကို ချိပ်ပိတ်နေသလို ယင်းတို့နှင့် ဆက်သွယ်သည်ဆိုကာ ပြည်သူအချို့၏ နေအိမ်များကိုလည်း လိုက်လံ ချိပ် ပိတ်လျက် ရှိသည်။
စာရေးဆရာ နိုင်သင့်မြတ်က ယင်းကဲ့သို့ ဟန်ငြိမ်းဦးအကောင့်မှ တင်နေသမျှကို စစ်ကောင်စီ အကြမ်းဖက်အုပ်စုမှ လိုက်လံ ချိပ်ပိတ်နေသည့်အပေါ် ငြိမ်ခံနေခြင်း မပြုဘဲ မီဒီယာများမှ များများဖော်ပြပေးရန်နှင့် ပြည်သူ့ဘက်တော်သားများ ကလည်း စစ်ကောင်စီ ထောက်ခံသူများ၏ နေအိမ်များကို ပြည်သူအချင်းချင်း သတင်းပေး ဖြန့်ဝေကြရန် တိုက်တွန်း နှိုးဆော်ထားသည်။
တယ်လီဂရမ် ချန်နယ်တွင် ဟန်ငြိမ်းဦး ကဲ့သို့ပင် ၎င်းတို့ဘက်တော်သား တခြားသော အမည်ခံတချို့ကလည်း ၎င်းတို့၏ အကောင့်မှတဆင့် သတင်းမီဒီယာတချို့ အပါအဝင် ထင်ရှားကျော်ကြားသူများ၏ နေအိမ်လိပ်စာများ ရှာဖွေစုဆောင်းကာ စစ်ကောင်စီက ချိပ်ပိတ်နိုင်ရေး လှုံ့ဆော်လျက် ရှိသည်။