ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တို့တွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ယမန်နေ့က တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) များ အကျအဆုံး များခဲ့ပြီး ၁ ရက်တည်း ၃၀ ဦးကျော် သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
PDF ၂၀ ခန့် ကျဆုံးသည့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်ပွဲ
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲ ဝါရီဆူးပလိုင် ရွာအနီးတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်များကြား ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် ကျဆုံးမှု ရှိခဲ့ ကြောင်း PDF များထံမှ သိရသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲခဲ့သည့်အပြင် တင့်ကား ၃ စီးဖြင့် တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့်လည်း ဆက်တိုက် ပစ်ခတ်မှု ရှိကြောင်း တိုက်ပွဲတွင် ပူးပေါင်းတိုက်ခဲ့သည့် ဒီးမော့ဆို ပြည်သူ့ကာ ကွယ်ရေးတပ်မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၎င်းက “ထိုးစစ်ဆင်လာလို့ ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်။ တနေကုန် တိုက်ပွဲဖြစ်ပြီးတော့ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးလာကြဲတယ်။ မနေ့က ညနေပိုင်းလောက်မှာကြဲတာ။ တင့်ကား ၃ စီးလည်း သုံးတယ်။ လက်နက်ကြီးနဲ့ အဘက် ဘက်ကနေ ပစ်တယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ တင့်ကားနဲ့လည်း ပစ်တယ်” ဟု ရှင်းပြသည်။
ယင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ၂၀ ခန့်အနက် မိုးဗြဲ PDF မှ ၇ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကာ ကျဆုံးသူများ ထဲတွင် ရှေ့တန်း ဆရာဝန် ၁ ဦး ပါဝင်ကြောင်းနှင့် ကယ်ဆယ်ရေးကား ၁ စီး ပျက်စီးခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာ ကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။
တိုက်ပွဲသည် ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ထိ ဆက်လက် ပြင်းထန်နေပြီး ဒေသခံ ထောင်ချီမှာလည်း တိုက်ပွားကြား ပိတ်မိနေကြောင်း၊ စစ်ဘေးရှောင် အများစု ခိုလှုံနေသည့် ဝါရီဆူးပလိုက်ကျေးရွာတွင် တိုက်ပွဲကြောင့် မီးလောင်နေ ကြောင်း သိရသည်။
ဆက်လက် ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် သေဆုံးသူတချို့၏ ရုပ်အလောင်းများကို သွားရောက် ကောက်ယူ နိုင်ခြင်း မရှိသေးကြောင်းလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ကိုစိုးနိုင်က ပြောသည်။
“ကျနော်တို့ စစ်မျက်နှာမှာတောင် ၁၂ ယောက်လောက် ရှိတယ်။ အလောင်းတွေ အခုထိ မကောက်နိုင်သေးတာ ရှိတယ်။ ကောက်နိုင်အောင်လည်း အခုလက်ရှိ အချိန်အထိ ကြိုးစားနေတာပေါ့။ အခုလက်ရှိ စစ်ကောင်စီက မိုးဗြဲမှာ စစ်ကောင်စီက နေရာအပြည့် ယူလိုက်ပြီပေါ့” ဟု ၎င်းက ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အသေအပျောက်များသော်လည်း တိုက်ပွဲပြင်းထန်နေသည့်အတွက် အရေ အတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများ သေဆုံးမှုရှိပြီး ဒဏ်ရာရထားသူများ ရှိသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း ဒေသသတင်းရင်း မြစ်များက ဆိုသည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များကြား ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေ ခြင်းဖြစ်ပြီး တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခင်ဦးမြို့နယ် တိုက်ပွဲတွင်လည်း PDF ၁၂ ဦး ကျဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံကြီးကုန်းရွာအနီး ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် PDF ၁၂ ဦးခန့် သေဆုံးမှု ရှိကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက် နေလယ် ၂ နာရီခန့်က ခင်ဦး – ရေဦးကားလမ်း မြို့သစ်ရွာနှင့် ကံကြီးကုန်းရွာကြားတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာ အနီးရှိ မြို့သစ်ရွာမှ ဒေသခံပြည်သူများ၏ စပါး၊ ဆန်နှင့် အခြားသော ပစ္စည်းများကို စစ်ကောင်စီတပ် နှင့် ပျူစောထီး အဖွဲ့ဝင်များက လာရောက်ယူဆောင်သည်ကို ဒေသခံကာကွယ်ရေးအဖွဲ့က ကာကွယ်ရာမှ တိုက်ပွဲဖြစ် ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ပြီး ၎င်းတို့အနေဖြင့် လက်လုပ်တူ မီးနှင့် တတောင့်ထိုး လက်လုပ်သေနတ်များကိုသာ အသုံးပြုကာ အကာအကွယ်မရှိသည့် ကွင်းပြင်တွင် တိုက်ခိုက် ရသောကြောင့် အသေအပျောက်များခဲ့ခြင်း ဖြစ်ကြောင်း ခင်ဦးမြို့နယ် PDF တပ်ဖွဲ့ဝင် တဦးက ရှင်းပြသည်။
“ကျနော်တို့ မြို့နယ်က တောလည်း မရှိဘူး၊ တောင်လည်း မရှိဘူး၊ လယ်ကွင်းတွေပဲ အများဆုံး ရှိတာ။ ဒီကန်သင်းရိုး ကိုပဲ အကာအကွယ်ယူပြီး ပစ်ရတာမျိုး။ ကွင်းပြင်ကြီးမှာ ထီးထီးခေါင်ခေါင် တိုက်ရတာပဲ များတယ်။ ဒီဖြစ်စဉ်မှာဆိုရင် လက်နက်အင်အား မမျှတတာတွေ ရှိတယ်။ ကျနော်တို့မှာ စိတ်ဓာတ်နဲ့လူပဲ ရှိတယ်။ လက်နက်အင်အား မမျှတဘူး” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “ကျည်ဆန် လုံလုံလောက်လောက် မရှိတဲ့ အခက်အခဲတွေလည်း ရှိတယ်။ တိုက်ပွဲမှာ ရဲဘော် တချို့ ကျည်ဆန် ပြတ်သွားတာမျိုး ကုန်သွားတဲ့ အနေအထားအထိ ရောက်ခဲ့ပါတယ်။ တာဝန်ရှိတဲ့ လူကြီးတွေအနေ နဲ့ရော၊ ပြည်သူလူထု အနေနဲ့ကရော ကျနော်တို့ စစ်ကိုင်းတိုင်းကို နည်းနည်း ဂရုစိုက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ကတော့ အာဏာရှင်ကို တိုက်ဖျက်တဲ့နေရာမှာ အဆုံးထိ ဆက် လက် တော်လှန်သွားမှာပါ” ဟု ဆိုသည်။
You may also like these stories:
ရုရှား စစ်လေယာဉ်မှူးများ ပါသော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်နေ
မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးသောကြောင့် ဂျပန် ဝေဖန်ခံနေရ
ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး