မြန်မာစစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို နှိမ်နင်းရာတွင် အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်နေသည့် ကသည်းသူပုန်များအား အသုံးပြုနေသည်။
PDF များသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာသော စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင် တော်လှန်နေသည့်တပ်ဖွဲ့ ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် Meitei ဟု ခေါ်ပြီး မြန်မာနိုင်ငံတွင် ကသည်းဟု လူသိများသော မဏိပူရပြည်နယ်ဇာတိသား ကသည်းသူ ပုန်များသည် လက်နက်ကိုင်အဖွဲ့ ၃ ခုထက်မနည်း ဖွဲ့စည်းထားပြီး လက်ဝဲအယူအဆ ကိုင်စွဲကာ အိန္ဒိယမှ မဏိပူရပြည်နယ် လွတ်လပ်ရေး တောင်းဆိုတော်လှန်နေသူများ ဖြစ်သည်။
အဆိုပါ သူပုန်အဖွဲ့များအနက် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)၊ Kangleipak ပြည်သူ့တော်လှန်ရေးပါတီ (PREPAK)၊ ညီညွတ်သော အမျိုးသားလွတ်မြောက်ရေးတပ်ဦးနှင့် Kangleipak ကွန်မြူနစ်ပါတီတို့မှာ အိန္ဒိယအရှေ့မြောက်ဒေသတွင် လူသိများသည်။
ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် စစ်ကိုင်းတိုင်း အနောက်ပိုင်း တမူးခရိုင်ထဲရှိ အာဏာသိမ်းမှု ဆန့်ကျင် သည့် ကူကီးအမျိုးသားတပ် (KNA) စခန်းတခုကို ပျူစောထီးနှင့် ကသည်းသူပုန်များ ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သည် တိုက်ခိုက်ရန် စစ်ကြောင်းထိုးလာခဲ့သည်။
အဆိုပါ စစ်ကြောင်းကို KNA က ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ပျူစောထီးနှင့် ကသည်းများသည် ပြည်သူဘက် မရပ်တည်ဘဲ စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်းနေပါက သည်းခံခွင့်လွှတ်မည် မဟုတ် ကြောင်း KNA က သတိပေးထားသည်။
အိန္ဒိယ-မြန်မာနယ်စပ် မြန်မာပိုင် တမူးမြို့နယ်တွင် စစ်ကောင်စီကို လက်နက်ကိုင် တိုက်နေသည့် တမူး PDF – တပ်ရင်း (၁) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဘမန်ကလည်း မြေပြင်အခြေအနေတွင် ကသည်းလက်နက်ကိုင်များသည် အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းစစ်ရေး လှုပ်ရှားမှုများ ရှိနေကြောင်း ဆိုသည်။
၎င်းက “သူတို့ တိုက်ခိုက်ရေးမှာလည်း ပါတယ်။ ကျနော်တို့ ပထမဦးဆုံး PDF တပ်ရင်း ၁၊ ၂၊ ၃၊ ၄ ဖြစ်မလာခင်က ကျနော်တို့ အရင်ဆုံး တမူးက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အကုန်ပူးပေါင်းပြီး ကွန်ဒေါင်း (တမူးမြောက်ဘက်မှရွာ) တိုက်ပွဲကို တိုက်တယ်။ ၂၀၂၁ မေလ ၁၂ ရက်ကပေါ့။ အဲဒီထဲမှာ သေသွားတဲ့အထဲမှာ ကသည်း ၄/၅ ယောက်လောက်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်ကလည်း တမူးမြို့နယ် အောင်ဇေယျတံတားအနီး PDF များအား လိုက်လံတိုက်ခိုက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသည် အိန္ဒိယနိုင်ငံဘက်အခြမ်း နယ်ကျွံဝင်သွားသဖြင့် အိန္ဒိယအစိုးရ၏ အမှတ် (၁၃) အာသံ ရိုင်ဖယ်တပ်ရင်းက ဖမ်းဆီးခဲ့သည်။
အဖမ်းခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးအနက် ကသည်းသူပုန် ၂ ဦး ပါဝင်ကြောင်း ဒေသခံများက ပြောဆိုကြသော် လည်း တမူး PDF အနေဖြင့် သီးခြားအတည်မပြုနိုင်သေးကြောင်း တမူး PDF – တပ်ရင်း (၁) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် ဘမန်က ပြောသည်။
သို့သော် အဖမ်းခံရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အမှတ် (၁၃) အာသံရိုင်ဖယ်တပ်ရင်းက ယင်းနေ့ ညနေပိုင်းမှာပင် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများထံမှ သိရကြောင်း ၎င်းက ဆိုသည်။
အိန္ဒိယဘက်က ကသည်းသူပုန်များကို ပြန်မလွှတ်ဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုသာ ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းများ ထွက်နေသော်လည်း ဧရာဝတီက သီးခြား အတည်မပြုနိုင်သေးပေ။
ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာလတုန်းကလည်း မြန်မာနိုင်ငံဘက်မှလာသော ကသည်း PLA ပြောက်ကျားများက အာသံရိုင် ဖယ်တပ်ကို မဏိပူရပြည်နယ်၊ ချူရာချန်ပါခရိုင်တွင် ခြုံခိုတိုက်သောကြောင့် အိန္ဒိယစစ်တပ်မှ ဗိုလ်မှူးကြီး ၁ ဦးနှင့် ဇနီး၊ ၄ နှစ်အရွယ် သားငယ်နှင့် အခြားတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရဘက်က ကသည်းသူပုန်များနှင့် သူပုန်များကို လက်ခံထားသော အာဏာ သိမ်း စစ်ကောင်စီကို ဒေါသထွက်နေဆဲ ဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူအချို့က ပြောသည်။
တမူး PDF – တပ်ရင်း ၁ မှ ဗိုလ်ဘမန်ကလည်း ချူရာချန်ပါခရိုင်တွင် ကသည်းသူပုန်များ ခြုံခိုတိုက်ခိုက်နိုင်ရေး အာဏာ သိမ်း စစ်ကောင်စီဘက်တွင် တာဝန်မကင်းကြောင်း ဆိုသည်။
၎င်းက “PLA လာမယ့် ဘက်အခြမ်းမှာ ထိုင်တာက တမူး PDF ရင်း ၃ ပေါ့။ ရင်း ၃ လှုပ်ရှားနယ်မြေကို သူတို့ တောက်လျှောက် ဖိတယ်။ မကြာဘူး ၁/၂ ပတ် ပြီးတော့ အဲဒီအသံ ထွက်လာတာ။ ပြောချင်တာက ဒီကောင်တွေ ဖိပြတယ်ပေါ့ဗျာ။ ဖိပြ ပြီးတော့မှ လမ်းရှင်းပေးတဲ့ သဘောလို့ မြင်ရတယ်။ သူတို့ လမ်းရှင်းပေးတယ်။ ပြီးတော့ ဝင်သွားတယ်။ တိုက်တယ်။ ပြီးတော့ ပြန်ဆုတ်လာတယ်” ဟု ရှင်းပြသည်။
PLA နှင့် အခြားသူပုန်အုပ်စုများ အခြေချနေသော မြန်မာနိုင်ငံပိုင်နက်အတွင်းမှ စခန်းများကို PDF နှင့် မဟာမိတ်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ကဲ့သို့သော ဒေသခံတိုင်းရင်းသားကာကွယ်ရေးတပ်များက သွားရောက် တိုက်ခိုက်ခဲ့သည် လည်း ရှိသည်။
CNF ၏ လက်နက်ကိုင်တပ်ဖြစ်သော ချင်းအမျိုးသားတပ်မတော် (CNA) က ဇန်နဝါရီ ၁၄ ရက်တွင် တမူးမြို့တောင်ဘက်ရှိ ဆီနမ် ရွာအနီး တပ်ဆွဲနေသော PLA စခန်းတခုအား သွားရောက် တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ စခန်းတွင် PLA နှင့် အိန္ဒိယအစိုးရကို တော်လှန်နေသော အခြားလက်နက်ကိုင်အဖွဲ့တဖွဲ့မှ တပ်ဖွဲ့ဝင်အင်အား ၁၂၀ ခန့်က တပ်စွဲနေခြင်းလည်း ဖြစ်သည်။
နာရီအတန် ကြာမြင့်သည့် အဆိုပါတိုက်ပွဲတွင် CNA ဘက်မှ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ မဏိပူရသူပုန်များဘက်မှ ၁၀ ဦးကျော် သေဆုံးကြောင်း သိရသည်။
CNF ပြောခွင့်ရ ဆလိုင်းထက်နီက “ကျနော်တို့ ဇန်နဝါရီ ၁၄ ရက်မှာ ချင်းပြည်နယ် မြောက်ပိုင်းအစွန် တွန်းဇံမြို့နယ်ထဲမှာ တိုက်ပွဲ ဖြစ်တယ်။ အဲဒီတိုက်ပွဲမှာ သူတို့ (မဏိပူရသူပုန်များ) သုံးတဲ့ လက်နက်ကြီးတွေ၊ ကျည်တွေ ကြည့်လိုက်ရင် စစ်ကောင်စီသုံးတဲ့ စစ်ကောင်စီလက်သုံး လက်နက်တွေ ဖြစ်နေတယ်။ စစ်ကောင်စီရဲ့ ဗဟိုအဆင့်၊ တိုင်းအဆင့်က မသိ ရင်တောင်မှ အောက်ခြေက ချိတ်ဆက်မှုတွေ၊ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်” ဟု ဆိုသည်။
မြန်မာစစ်ကောင်စီသည် တဖက်တွင် အိန္ဒိယအစိုးရကို တော်လှန်သည့် လက်နက်ကိုင်များအား မြန်မာနိုင်ငံထဲ ခိုလှုံ ခွင့်ပေးပြီး အိန္ဒိယအာဏာပိုင်များကို လှည့်ဖျားနေကြောင်း ဆလိုင်းထက်နီက ပြောသည်။
ချင်းပြည်နယ်ထဲတွင်လည်း အိန္ဒိယအစိုးရနှင့် သဘောတူညီချက်ရရှိပြီး ပြည်သူ့စစ်အသွင် ရပ်တည်နေသည့် ဇိုမီးတော် လှန်ရေးတပ် (ZRO/ZRA) အဖွဲ့သည် ဒေသကာကွယ်ရေး တပ်ဖွဲ့စခန်းအချို့ကို စီးနင်းဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီကို ခုခံတွန်းလှန်နေသည့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့်လည်း တိုက်ပွဲအချို့ မကြာသေးမီက ဖြစ်ပွား ထားသည်။
ZRA ဘက်က မည်သည့် အာဏာရှင်အစိုးရ၊ စစ်တပ်လက်အောက်တွင်မှ ပူးပေါင်း လုပ်ဆောင်နေခြင်း မရှိဟု ကြေ ညာသော်လည်း CNF ဘက်ကမူ ZRA သည် စစ်ကောင်စီနှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားနေကြောင်း အခိုင်အမာ ပြောသည်။
“အဲဒီ ZRO/ZRA က စစ်ကောင်စီနဲ့ ဆက်စပ်မှုတွေ ရှိနေတယ်။ အဲဒါက ဘာလဲဆိုတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ကို မောင်းထုတ်တယ်။ သတ်ဖြတ်တာတွေ လုပ်တယ်။ နောက်ပြီး ဇန်နဝါရီအတွင်းမှာပဲ စစ်ကောင်စီနဲ့ ကျနော်တို့ ကြားထဲ မှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ZRA က တရားဝင် ပါလာမှုတွေ ရှိတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့လွတ်မြောက်ရေးတပ် – နာဂ (PLA-N) ၏ တာဝန် ခံ ကိုပီတာကလည်း မဏိပူရသူပုန်များသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကို မကြိုက်သော်လည်း ၎င်းတို့အား မြန်မာ ပြည်တွင် နေထိုင်ခွင့်ကို စစ်တပ်က ပေးထားသောကြောင့် မြန်မာစစ်တပ်အား မလွန်ဆန်နိုင်ကြဘဲ စစ်တပ်အလိုကျသာ လိုက်လုပ်နေရခြင်း ဖြစ်ကြောင်း ဆိုသည်။
၎င်းက “တမူးရဲ့ အထက်ဘက်မှာတော့ သူတို့ရဲ့ ဧရာမတော်တော်ကြီးတဲ့ စခန်းတွေ ရှိတယ်။ တမူးမှာဆိုရင်လည်း စခန်းပုံစံ မဟုတ်ဘဲနဲ့ ရပ်ကွက်ပုံစံ နေကြတယ်။ သူတို့ကလည်း အားလုံးနီးပါးက စစ်ကောင်စီကို မကြိုက်ပါဘူး။ နွေဦးတော်လှန်ရေး ကို အားပေးလိုတဲ့ သဘောတော့ ရှိတယ်။ အခြေအနေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သူတို့တွေကို ဒီနေရာ မှာ အခြေချခွင့် ပေးထားတာ မဟုတ်ဘူး။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ နားလည်မှုယူ ခိုနားခဲ့တဲ့ အခွင့်အရေး ရခဲ့တာဆိုတော့ သူတို့က စစ်တပ်ကို ရာနှုန်းပြည့်ဆန့်ကျင်ဖို့ အဆင်မပြေတဲ့ အနေအထားပေါ့” ဟု ပြောသည်။
အိန္ဒိယနိုင်ငံအခြေစိုက် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာမှု သုတေသီတဦးဖြစ်သူ Angshuman Choudhury ကလည်း မြန်မာစစ်ကောင်စီသည် အိန္ဒိယကို တော်လှန်နေသည့် သူပုန်များကို PDF အား တိုက်ခိုက်ရာတွင် သုံးနေကြောင်း ဖေဖော် ဝါရီ ၁၇ ရက်ထုတ် The Indian Express သတင်းစာတွင် ရေးသားထားသည်။
အိန္ဒိယ အနေဖြင့် တရုတ်နိုင်ငံဘက် မြန်မာနိုင်ငံ ပါသွားမည်ကို စိုးရိမ်သဖြင့် အာဏာသိမ်း မြန်မာစစ်ကောင်စီကို လူသိ ရှင်ကြား မဝေဖန်ခဲ့သော်လည်း မြန်မာစစ်ကောင်စီသည် ပြည်တွင်းနိုင်ငံရေးဝန်းကျင်ကို တည်ငြိမ်ရန် မထိန်းနိုင်ကြောင်း၊ အလားတူ နယ်စပ်လုံခြုံရေးကိုလည်း ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ထို့ကြောင့် မြန်မာနှင့် အိန္ဒိယအကြား ဆက်ဆံရေးနှင့် ပတ်သက်၍ အိန္ဒိယအစိုးရ အနေဖြင့် ပြန်လည် စဉ်းစားသုံးသပ်သင့် ကြောင်း Angshuman Choudhury က တိုက်တွန်းသည်။
အိန္ဒိယ-မြန်မာနယ်စပ်ရှိ PDF များကမူ ၎င်းတို့၏ အဓိက ပစ်မှတ်သည် အာဏာသိမ်း စစ်ကောင်စီ ဖြစ်သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းသည့် မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
တမူး PDF – တပ်ရင်း (၁) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဘမန်က “ကျနော်တို့ အဓိက ပစ်မှတ် (Target) က ကသည်းတော့ မဟုတ်ဘူး။ စစ်အာဏာရှင်ပေါ့။ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အထဲမှာက စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းတဲ့ ဘယ်လက်နက်ကိုင် အဖွဲ့ အစည်း မဆိုပေါ့ ကျနော်တို့က တိုက်သွားမှာပဲ။ သူတို့ မပေါင်းရင် တိုက်စရာမလိုဘူး။ ပေါင်းနေရင်တော့ ဒါက တိုက်ရင်းနဲ့ ပါတာပဲဗျ။ ကျနော်တို့ အဓိက Main Target က အာဏာရှင်စနစ် ပပျောက်ဖို့အတွက် တိုက်ပွဲဝင်နေတာ” ဟု မှတ်ချက်ပြု သည်။
You may also like these stories:
ဖမ်းထားသည့် ကသည်းသူပုန် ၅ ဦး မြန်မာက အိန္ဒိယသို့ လွှဲပေး
ZRA က စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတာ ကျနော်တို့ အင်မတန် ဝမ်းနည်းတယ်
စစ်အာဏာရှင်တော်လှန်ရေးမှာ ကသည်းလက်နက်ကိုင်တွေက ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား