ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျပ် သိန်းပေါင်း ၄ ထောင့် ခုနှစ်ရာကျော် တန်ဖိုးရှိ အကယ်ဒမီ ရွှေချောင်း ၂၅ ချောင်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်က မောင်တောမြို့ဘက်မှ ကြိမ်ချောင်းကျေးရွာဘက်သို့ အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ အတူစီးလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာတွင် ထိုသို့ ဖမ်းဆီးရမိကြောင်း ဖြစ်ကြောင်း မောင်တောမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူတဦးက အတည်ပြုသည်။
မောင်တောမြို့ခံတဦးကလည်း “ကျီးကန်းပြင် စစ်ဆေးရေးဂိတ်မှာ ရွှေချောင်းတွေ ဖမ်းမိတဲ့ သတင်းကတော့ ဟုတ် တယ်။ နယ်ခြားစောင့် အပိုင်ဆိုတော့ ဖြစ်စဉ်အသေးစိတ်ကိုတော့ ကျနော်တို့လည်း မသိရဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူး မြတ်ကျော်ဦးအား ဧရာဝတီက ဆက် သွယ်မေးမြန်းရာ “ရွှေချောင်းတွေ ဖမ်းမိတဲ့ကိစ္စကတော့ နယ်ခြားစောင့် အပိုင်မှာ ဖြစ်တာဆိုတော့ ကျနော်တို့ဆီကို မရောက်ဘူး။ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲစခန်းမှာပဲ အမှုဖွင့်လှစ်ပြီး အရေးယူမှုအပိုင်းတွေ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ အချိန်တွင် ရွှေချောင်းများနှင့်အတူ ဖမ်းမိသည့် အောင်သပြေကျေးရွာနေ ဦးဇေယျာနှင့် မအေးတို့ကို နယ်ခြားစောင့် ရဲစခန်းမှ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ သြဂုတ်လ အတွင်းကလည်း မောင်တောမြို့နယ် ၃ မိုင် စစ်ဆေးရေးဂိတ်တွင် အကယ်ဒမီ ရွှေချောင်း ၃၉ ချောင်းနှင့်အတူ ငွေ ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ကိုလည်း ဒေသအာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့ဖူးသည်။
မောင်တောမြို့နယ်အတွင်း ယခုကဲ့သို့ ရွှေချောင်း အမြောက်အမြား ဝင်ရောက်နေသည့် ဖြစ်စဉ်များမှာ စစ်အာဏာသိမ်း ကာလအတွင်း ငွေသား အကျပ်အတည်း ဖြစ်ပေါ်သည့်အတွက် မူးယစ်ဆေးဝါးလုပ်ငန်း ရောင်းဝယ်ဖောက်ကားမှုများ တွင် ငွေသားအစား ရွှေချောင်းများဖြင့် အရောင်းအဝယ် ပြုလုပ်ရန်အတွက် ရွှေချောင်းများ ဝင်ရောက်လာခြင်း ဖြစ်နိုင် ကြောင်း ဒေသခံများက သုံးသပ်သည်။