စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းထားခံရသူများဖြစ်သည့် စာရေးဆရာ မောင်သာချို အား အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၂နှစ်၊ ဦးထင်လင်းဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ်စီ တရားရုံးက ယနေ့ အမိန့်ချသည်။
စာရေးဆရာ မောင်သာချိုအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီမှ တရားစွဲခဲ့ခြင်း ဖြစ်ပြီး၊ လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း ရေးသားခဲ့သည့် ဆောင်းပါး ၂ ပုဒ်အပေါ် မူတည်ကာ တရားစွဲဆို အမိန့်ချခဲ့ခြင်းဟု သိရသည်။
“စစ်ဆေးပေါ်ပေါက်ချက်အရဆိုပြီး ဆရာ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်။ ဆရာ့ အနေနဲ့ ဒါတွေက သူရေးတဲ့ သူ့အာဘော် မဟုတ်ဘူး။ အခြားရေးသားသူတွေရဲ့ အာဘော်ကိုမှ သူက ဖြန့်ကျက်ပြီးတော့ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် ရေးသားတယ်လို့ ပြန်ချေပထားပါတယ်” ဟု ဆရာ မောင်သာချို၏ ရှေ့နေက ပြောသည်။
ဆရာ မောင်သာချိုအား ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ အမှုစဖွင့်ခဲ့သည့် မတ်လ ၁၂ ရက်၊ ၂၀၂၁ မှစ၍ ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ပြုသည်ဟု သိရသည်။
စာရေးဆရာ ဦးထင်လင်းဦးအား ဖေဖော်ဝါရီလ ၁ ရက်နေ့ အစောပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၎င်းအား ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် တလခန့် ဖမ်းဆီးချုပ်နှောင်ကာ အမှုရင်ဆိုင်ခဲ့ရပြီး ၁၁ လအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ချုပ်ရက်ရမ္မာန်များ ထုတ်နုတ်ခံစားခွင့်ပြုသည်ဟု အမိန့်ချသော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးခံခဲ့ရသည့် ဆရာ ဦးထင်လင်းဦးအား အမှုမဖွင့်ခင် ဖေဖော်ဝါရီလ တလတာအား ချုပ်ရက် ခံစားခွင့်မရသည့်အတွက် နစ်နာမှုရှိသည်ဟု ၎င်း၏ ရှေ့နေက ဧရာဝတီကို ပြောသည်။
စာရေးဆရာ မောင်သာချိုနှင့် ဦးထင်လင်းဦးတို့ နှစ်ဦးစလုံး၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်သည်ဟု သိရပြီး ယင်းကဲ့သို့ အမိန့်ချမည်ကို မျှော်လင့်ထားကြောင်းလည်း သိရသည်။
ဦးထင်လင်းဦးအား ယခုကဲ့သို့ အပြီးသတ်အမိန့် ချမှတ်လိုက်ခြင်းသည် ၅၀၅-က ဥပဒေ မပြင်ဆင် မပြဋ္ဌာန်းခင် ပြောခဲ့သည့် ဗီဒီယိုဖိုင်အား တရားစွဲဆိုခြင်းဖြစ်သောကြောင့် ဥပဒေက နောက်ကြောင်းပြန် သက်ရောက်နေသလားဟု ရှေ့နေက မေးခွန်းထုတ်ခဲ့ပြီး၊ တရားမျှတမှု မရှိဟု ၎င်းရှေ့နေက သုံးသပ် ပြောဆိုသည်။