စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကြွေးကြော်သံပါ စာရွက်များ ဖြန့်ကြဲခဲ့သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ရှောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း မုံရွာပင်မ သပိတ်ကော်မတီမှ သိရသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ၂ ခြောက်လုံး လူထုလှုပ်ရှားမှုနေ့တွင် မုံရွာမြို့ လမ်းမများပေါ်၌ ဆန္ဒပြ လူငယ်များက ပန်းများနှင့် ကြွေးကြော်သံ စာရွက်များကို ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက်နေ့တွင် ဖြန့်ကြဲကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် နံနက် ၆ နာရီခန့်က အမျိုးသမီး ၂ ဦး စီးလာသည့် ဆိုင်ကယ်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းသော အိမ်စီးကားဖြင့် တိုက်ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါကား ဘီးပေါက်ကာ လမ်းဘေးသို့ ထိုးကျခဲ့သည့် အတွက် အမျိုးသမီး ၂ ဦး အဖမ်းမခံခဲ့ရဟု မုံရွာပင်မ သပိတ်ကော်မတီမှ သိရသည်။
ထို့နောက် အမျိုးသမီး ၁ ဦးသည် ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း နောက်တွင် ထိုင်စီးလိုက်ပါသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ လမ်းသွားလမ်းလာများကို အကူအညီတောင်းရာတွင် တွန်းချခံရပြီးနောက် ကိုယ်ဝန်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း မုံရွာပင်မ သပိတ်ကော်မတီ ခေါင်းဆောင် တဦးက ရှင်းပြသည်။
“ကောင်မလေး ၂ ယောက်က စာရွက်ကြဲတဲ့အချိန်မှာ အရပ်ဝတ်တွေနဲ့ အိမ်စီးကားက သူတို့က နောက်က လိုက်တိုက်တယ်။ သူတို့ကားက ဘီးပေါက်ပြီး ဘေးထိုးကျသွားတာ။ အဲဒီအချိန်မှာ ဆိုင်ကယ်လဲသွားတော့ အရှေ့က ကလေးမလေးက ဆိုင်ကယ်ကို ကောက်ယူပြီး မောင်းပြေးသွားတော့ နောက်က တယောက်နဲ့ လူကွဲသွားတယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး သပိတ်ခေါင်းဆောင်က “နောက်ကကောင်မလေးက ကိုယ်ဝန်ဆောင်သည်။ နောက် လမ်းကြုံတဲ့ ဆိုင်ကယ်ကို သူ့ကိုတင်ခေါ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောတယ်။ တောင်းဆိုပြီး ဆိုင်ကယ်ပေါ် တက်လိုက်တဲ့ အချိန်မှာ လက်ထဲက နှင်းဆီပန်းတွေ မြင်ပြီးတော့ တင်မခေါ်နိုင်ဘူး ရှုပ်တယ်ဆိုပြီး ဆိုင်ကယ်ပေါ်ကနေ တွန်းချထားခဲ့တော့ ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်” ဟု ဆိုသည်။
အသက် ၂၀ ကျော် အဆိုပါ အမျိုးသမီးတွင် ကိုယ်ဝန် ၂ လလောက်ရှိခဲ့ခြင်အား ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။
ဆိုင်ကယ်စီးနင်း ထွက်ပြေးခဲ့သည့် အမျိုးသမီးက အကူအညီ တောင်းခံရာတွင်လည်း ရပ်ကွက်တွင်း နေအိမ် ၁ အိမ်ကလက်မခံခဲ့ကြောင်း သိရသည်။
မုံရွာ သပိတ်ခေါင်းဆောင်တဦးက “ကျနော်တို့က ပြည်သူကို မျက်နှာမူထားတယ်။ ဒီလိုမျိုး ဖြစ်သွားတယ်ဆိုတာ အကြောက်တရားကြီးမားတဲ့ လူဖြစ်ရင်လည်း ဖြစ်မယ်။ ကျနော်တို့ လှုပ်ရှားမှုတွေကို လက်မခံနိုင်တဲ့ ဖြစ်ရင်လည်း ဖြစ်လိမ့်မယ်။ ရပ်ကွက်ကိုတော့ ချီမပြောချင်ပေမယ့် ပြည်သူတွေမနေနဲ့ ရှေ့ဆက်သွားရမှာကတော့ ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်တယ် ဒါမှသာ ရှေ့ကနေ တိုက်ပွဲဝင်နေတဲ့ လူတွေအတွက် အင်အားဖြစ်မှာ သေချာပါတယ်” ဟု ပြောသည်။

ထို့ပြင် မုံရွာမြို့ခံ ဆန္ဒပြ လူငယ် ၁ ဦးကို လက်ဖက်ရည်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ဖမ်းခဲ့ရာ ပေါင်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အလားတူပင် ဒေသခံ ၃ ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။
ဒေသခံ တဦးက “အမကြီး ၂ ယောက်ကို သနပ်ခါးလိမ်းလို့ ဖမ်းသွားတယ်။ နောက် ၁ ယောက်ဖမ်းခံရတာလည်း ရှိသေးတယ်။ အဖမ်းအဆီးကြမ်းတယ်၊ လုံခြုံရေးလည်း ကြပ်တယ် တော်တော်များများ ဖမ်းနေတာ။ ဒီနေ့မို့လို့ အရင်နေ့တွေက ဒီလောက်မကြမ်းဘူး” ဟု ဆိုသည်.
စစ်တပ်က အာဏာသိမ်းအပြီး ၁ နှစ်ကျော်အကြာ ၂ ခြောက်လုံး လူထုလှုပ်ရှားမှု သပိတ်ကို နိုင်ငံအဝှမ်းတွင် ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။
“ ပြန်လည်စုရုံး ၂ ခြောက်လုံး ” သပိတ်ကို ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက်နေ့တွင် ပြည်သူများက သနပ်ခါးလိမ်း၊ ခမောက်ဦးထုပ်ဆောင်းလျက် သွားလာလှုပ်ရှားကြသကဲ့သို့ ဆန္ဒပြ သပိတ်များလည်း ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီတိုင်းနှင့် ရှမ်း၊ ကရင်ပြည်နယ်တို့ရှိ ပြည်သူများက ၂ ခြောက်လုံး လူထုလှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ၂ ခြောက်လုံး လူထုလှုပ်ရှားမှုတွင် ပြောက်ကြားသပိတ်များ ထွက်ရှိသည့် အထွေထွေသပိတ်ကော်မတီ GSC မှ မောင်စိမ့်က “ဒီနေ့လှုပ်ရှားမှုမှာ ဆိုရင်တော့ လက်ခုပ်တီး အားပေးတာတို့ ကြွေးကြော်သံတွေ လိုက်တိုင်တာတို့ကို လူထုကတော့ အခုချိန်အထိ ဒီနေ့အထိ လုပ်နေစဲပါ။ ဖိနှိပ်မှုမျိုးစုံ လုပ်တယ်။ ဖမ်းတယ် သတ်တယ်။ သို့သော်လည်း ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ကို ရှေ့ဆက်သွားဖို့ အတွက် ဒီနေ့အထိ ရှေ့ဆက်ပြီးတော့ တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။
အဆိုပါ လှုပ်ရှားမှုကို GSC အင်အားစုများသည့် ကြည့်မြင်တိုင် လူငယ်များ သပိတ်ကော်မတီ ၊ ကြည့်မြင်တိုင်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသ) ၊ လူ့ဘောင်သစ်လူငယ်များ ၊ သာကေတမြို့နယ် လူငယ်သပိတ်ကော်မတီ နှင့် မြို့နယ်အသီးသီး သပိတ်လူငယ်များ မှ ပူးပေါင်းပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မကွေးပင်မ သပိတ်ခေါင်းဆောင်တဦးကလည်း “တော်လှန်ရေးမှာတော့ ပြည်သူတွေက ကျရာ နေရာကနေ ပါဝင်လို့ရတဲ့ အနေအထားနဲ့ ပါဝင်တော်လှန်နေတယ် ဆိုတာကို တွေ့ရတယ်။ slient strike တွေမှာ ငြိမ်ငြိမ်နေမယ်ဆိုရင် ငြိမ်ခဲ့သလို ဒီနေ့မှာ လှုပ်ချင်လှုပ်မယ် ဆိုတော့ တကယ့်ကို စည်းစည်းကားကားနဲ့ သေနတ်ခါးတွေ လိမ်းပြီးတော့ ဦးထုပ်တွေဆောင်းပြီး အပြင်ကို သွားလာပြီးတော့ စစ်အာဏာရှင်ကို လုံးဝ လက်မခံဘူး ဆန့်ကျင်တယ် ဆိုတာကို သက်သေပြနေတဲ့ သဘောကို တွေ့ရပါတယ်” ဟု ပြောသည်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်တွင် ၂ ငါးလုံး အရေးတော်ပုံနေ့ကိုလည်း နိုင်ငံအဝှမ်း ပြည်သူအများအပြားက ပြုလုပ်ခဲ့ကြပြီး စစ်ကောင်စီကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကို ပစ်ခတ် သတ်ဖြတ်မှုမှုများ ပြုလုပ်ခဲ့သည်။
You may also like these stories:
ပစ်မှတ်ထား နှိပ်ကွပ်ခံနေရသည့် မန္တလေး သပိတ်စစ်ကြောင်းများ
တန့်ဆည် ကပေါင်းကျရွာကို စစ်ကောင်စီက ၁၃ ကြိမ်မြောက် မီးရှို့
နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို
ပရဟိတ မိခင်ကြီး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်