ရခိုင်အမျိုးသားပါတီ (ANP )မှ ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ဦးခိုင်ကျော်မိုးကို ရက္ခိုင့်တပ်တော် (AA) အဖွဲ့က ယခုရက်ပိုင်းအတွင်းက ခေါ်ယူကာ ထိန်းသိမ်းထား ကြောင်း သတင်းများထွက်ပေါ်နေသည်။
အဆိုပါ ထိန်းသိမ်းခံရသည့် ဦးခိုင်ကျော်မိုးသည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA / AA) ကိုယ်စားပြုအနေဖြင့် နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သော ဦးဦးလှစောအား လူမှုကွန်ရက်ပေါ်တွင် ဆဲဆိုခဲ့သည့်အတွက် ထိုသို့ ထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း ကျယ်ကျယ် ပြန့်ပြန့် သတင်းများထွက်ပေါ်နေသည်။
ဦးခိုင်ကျော်မိုးသည် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်ပြီး AA ထိန်းချုပ်ရာနယ်မြေသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
အမည်မဖော်လိုသူ ANP ပါတီမှ ပါတီဝင်တဦးက “ ဖမ်းဆီးတဲ့ သဘောတော့မဟုတ်ဘူး။ သူက အရက်မူးရင် နည်းနည်းဆိုးတယ်။ လူတွေနဲ့ မကြာခဏ စကားများတယ်။ ဆရာဦးဦးလှစောကိုလည်း အရက်မူးပြီး Facebook ဆဲတာရှိတယ်။ AA ခေါင်း ဆောင်ပိုင်း တွေနဲ့ ခင်မင်းရင်းနှီးနေတော့ လူတော် တယောက်အနေနဲ့ အရက်ကြောင့် ရှေ့ဆက် မမှားရအောင် ခေါ်ယူပြီး ထိန်းသိမ်းထားတဲ့သဘောမျိုး လို့ပဲ ကြားမိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးခိုင်ကျော်မိုးသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဦးဦးလှစော အား facebook ပေါ်တွင် tag တွဲပြီး ဆဲဆိုခဲ့ပြီး စစ်တွေမြို့တွင် ရှိနေစဉ် AA ခေါ်ယူခြင်းခံပြီး နောက်ပိုင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ၎င်း၏ facebook လူမှုကွန်ရက် ပေါ်မှ ဆရာဦးဦးလှစောအပေါ် အရက်မူးယစ်သောက်စားမှုကြောင့် စော်ကား မိသည့် အတွက် အလေးအနက် တောင်းပန်ကြောင်း ရေးသားထားမှုကို တွေ့ရသည်။
ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင် ဦးခိုင်ကျော်မိုး ဖမ်းဆီးခံရသည့်ဆိုသည့် သတင်းများထွက်ပေါ်နေသည့် ကိစ္စနှင့် ပတ် သက်ပြီး ANP ဥက္ကဋ္ဌ ဦးသာထွန်းလှအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆိုပါ ကိစ္စအပေါ် ၎င်းအနေဖြင့် မသိရှိသေးကြောင်း တုန့်ပြန်ဖြေကြားသည်။
ဦးခိုင်ကျော်မိုးသည် ရခိုင်အမျိုးသားပါတီ၏ CEC အဖွဲ့ဝင်တဦးဖြစ်သလို တချိန်က ရခိုင်ကျောင်းသားလူငယ်များလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတဦးလည်းဖြစ်ကာ ခေတ်ပညာတတ် လူငယ် တဦးလည်း ဖြစ်ကြောင်း သိရသည်။
ANP နိုင်ငံရေးမူဝါဒရေးရာကော်မတီဝင်တဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သူ ဦးဦးလှစောသည် စစ်ကောင်စီက ပြုလုပ်သော ပြည်ထောင်စုနေ့ အခမ်းအနားသို့ ရက္ခိုင့်အမျိုသားအဖွဲ့ချုပ် (ULA / AA) ကိုယ်စားပြု တက်ရောက်ခြင်းမှာ မိခင်ပါတီပေါ် အသိပေးခြင်း မရှိသလို ပါတီမှ တရားဝင် နုတ်ထွက်ထားမှုလည်း မရှိသည့်အတွက် ၎င်းကိစ္စအပေါ် ဗဟိုကော်မတီ အစည်းအဝေး တရပ်ခေါ်ယူပြီး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းလည်း ပါတီခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။
ဦးခိုင်ကျော်မိုးကို ဖမ်းဆီးထိန်းသိမ်းခြင်းအတွက် AA သည် ဝေဖန်မှုကို မခံနိုင်ဘဲ ဒီမိုကရေစီမဆန်သော လုပ်ရပ်ကို ကျူးလွန်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။ AA သည် ယခင်ကလည်း ၎င်းတို့နှင့် အမြင်ကွဲသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးသည်။ နောက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။
You may also like these stories:
AA ဘာကြောင့် ပြည်ထောင်စုနေ့အခမ်းအနား တက်သနည်း
ပြည်ထောင်စုနေ့ကို တကိုယ်တော် မကျင်းပနိုင်
ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်
ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ