ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်နေ အလှမယ်သင်းသင်းကို စစ်ကောင်စီတပ်ဖွဲ့များက ဧည်စာရင်းစစ်မည်ဟု ဆိုကာ ယမန်နေ့ည ၁၁နာရီခန့်က ဝင်ရောက်ဖမ်းဆီးသွားသည်။
အရပ်ဝတ်ဖြင့် လက်နက်ကိုင်များ၊ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များပါ လူတစုက သင်းသင်း၏ နေ အိမ်တံခါးကို ကြမ်းတမ်းစွာ ခေါက်ကာ ဖွင့်ခိုင်းခြင်းကို အလှမယ်သင်းသင်းက Facebook တွင် Live လွှင်ကာ ပြသနေစဉ် ဖုန်းကို လုယူကာ လူကိုဖမ်းဆီးသွား ကြောင်းသိရသည်။
“လောလောဆယ် သူ့အမေက ရန်ကုန်မှာ သင်းသင်းနဲ့အတူ နေတယ်။ မသင်းကတော့ ပါသွားတယ်။ ဖြစ်စဉ်ကတော့ သူ့ Live မှာ လွှင့်သွားသလိုပဲ ဧည့်စာရင်း လာစစ်မယ် ဆိုပြီး ဖမ်းသွားတယ်။ ဖုန်းကို ယူပြီးတော့ လူကို ချုပ်ပြီး ဖမ်းသွားတယ်။ စစ်မေးစရာ ရှိတယ်။ ဘာမှ မဖြစ်စေရဘူးလို့ ပြောပြီး ခေါ် သွားတယ်။ အဝတ်အစား ၅ စုံ၊ ၆ စုံလောက် မိသားစုတွေက ထည့်ပေး လိုက်တယ်” ဟု သင်းသင်း၏ မိတ်ဆွေက ဧရာဝတီကို ပြောသည်။
သင်းသင်း တယောက်တည်းအား ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွား သည် ကို မိသားစုဝင်များ မသိရသေးဟု ဆိုသည်။
ညအချိန် တံခါးခေါက်ကာ နှောက်ယှက်မှုကို သင်းသင်းအနေဖြင့် ယခင်ဇူလိုင်လအတွင်းက ပထမ အကြိမ် ကြုံခဲ့ရပြီး ထိုစဉ်က ရိုက်နှက်ခံခဲ့ရသဖြင့် ယခုအကြိမ်တွင် Live လွှင်ကာ သက်သေ အနေဖြင့် မှတ်တမ်းယူခြင်းဖြစ်သည်။
သင်းသင်းက“ကျမ ပထမတခေါက်မှာတုန်းကလည်း ကြုံပြီးသွားလို့ပါ။ ၇ လပိုင်း ၁၆ ရက်နေ့ ည ၁၀ နာရီခွဲမှာ ကျမအိမ်ကို ယူနီဖောင်းမပါဘဲ လူ ၅ ယောက် ဝင်လာတယ်။ အဲ့တုန်းကလည်း ကျမမှာ တယောက်တည်း ဖွင့်ပေးလိုက်တယ်။ အဲ့မှာ လူကို ၂ ချက် ရိုက်ပြီးတော့ မိုးလင်းမှ ပြန်သွားတယ်။ ဖွင့်ပေးလိုက်မိတာက ကျမ အမှားပေါ၊ ခြိမ်းခြောက်တယ်၊ ဒီလိုပဲ ၁ နာရီခွဲ ကျော်တဲ့အချိန်မှာ တံခါးကို ဖွင့်မှာလား၊ မဖွင့်ဘူးလားဆိုပြီး တံခါးကို ရိုက်ဖွင့်တယ်” ဟု Live တွင် ပြောဆိုထားသည်။
အဆိုပါ ဧည့်စာရင်း လာစစ်သူများက သင်းသင်းအား တာဝန်အရ စစ်ဆေးခြင်းသာဖြစ်ပြီး၊ ကြည်ဖြူစွာ တံခါးဖွင့်ပေးရန် ပြောကြားခဲ့သော်လည်း ယင်းနောက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
တရားလွှတ်တော် ရှေ့နေတဦးက “လူတယောက်ကို ဖမ်းဆီးမယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိရမယ်။ ဧည့်စာရင်း စစ်တယ် ဆိုလည်း ဧည့်စာရင်း တိုင်ထားတာ မရှိဘူးဆိုရင် မရှိတာနဲ့ပဲ အရေးယူလို့ ရတယ်။ ဒါက သင်းသင်းမှ မဟုတ်ဘူး။ အရှေ့မှာလည်း ဒီလိုမျိုး အတင်းအဓမ္မ ဖမ်းဆီးတာတွေ ခံရတယ်။ ဒါက ဥပဒေမဲ့ လုပ်ရပ်လို့ပဲ မြင်တယ်”ဟု ဧရာဝတီကို သုံးသပ် ပြောသည်။
ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ်အကောင့်မှ သင်းသင်းအား NUG၊ CRPH စသည့် အဖွဲ့အစည်းများ ကို ထောက်ခံ အားပေးခြင်း၊ CDM ဝန်ထမ်းများကို အားပေးအားမြှောက်လုပ်ခြင်း၊ ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခြင်းနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ဇောက်ထိုးပုံ တင်ကာ ဆဲဆိုခြင်း စသည့် လုပ်ရပ်များ ပြုလုပ်ခြင်းကြောင့် ယခုလို ဖမ်းဆီးရန် လှုံ့ဆော်ခဲ့သည်ဟု ဆိုသည်။
အလှမယ်သင်းသင်းသည် သရုပ်ဆောင်ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် ၂၀၁၉ နှစ်ကတည်းက တရားစွဲထားရာ ယနေ့တိုင် မပြီးပြတ်သေးဘဲရှိချိန် ကျပ် သိန်း ၅၀တန် အာမခံဖြင့် ပြင်ပတွင် နေထိုင် နေသည့် ဝေဠုကျော်မှာ ယမန်နေ့က မင်္ဂလာဆောင်ခဲ့သလို ထို့နေမှာပင် တိုက်ဆိုင်စွာ အလှမယ် သင်းသင်းအား စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ညတွင် ရဲက သင်းသင်းအား ပြန်လွှတ်ပေးခဲ့သည်။
သင်းသင်းက “သင်း အိမ်ပြန်ရောက်ပါပြီ။ သင်းအတွက် စိတ်ပူပေးကြတဲ့ ပရိသတ်တွေ အကုန်လုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ မနေ့ညက အိမ်မှာ ဧည့်စာရင်းလာစစ်တော့ နားလည်မှု လွဲသွားတယ်။ ညက ဧည့်စာရင်း စစ်ရင်းနဲ့ သင်းအရင်တုန်းက ဆန္ဒပြခဲ့တာလည်း ရှိတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းတယ်”ဟု ဖြစ်စဉ်ကို ရှင်းပြသည်။
“မနေ့ညက တယောက်နဲ့ တယောက် အထင်လွဲမှားမှုတွေ ဖြစ်သွားတယ်။ လူတွေများတဲ့အခါကျ သင်းလည်း ကြောက်သွားလို့ပါ။ အေးအေးဆေးဆေးနဲ့ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူး အများကြီးတင်ပါတယ်။ စိတ်ပူပေးကြသူတွေကို အကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဟု သင်းသင်းက ပြောဆိုထားသည်။