ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကသွားရောက်ခဲ့သည့် ရှမ်းပြည်နယ် ကျိုင်းတုံခရီးစဉ်အတွင်း၌ တာချီလိတ်မြို့ရှိ ဟိုတယ်၊ ဂေါက်ကွင်း နှင့် ကာစီနိုလုပ်ငန်းတချို့ကို လက်သိပ်ထိုးပေးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
အဆိုပါ ခရီးစဉ်တွင် ယခင်စစ်အစိုးရလက်ထက်က ဖြိုဖျက်ကာ ဟိုတယ်အဖြစ် ပြောင်းလဲခဲ့သော ကျိုင်းတုံဟော်နန်းကို ပုံစံတူ အသစ်ပြန်လည်တည်ဆောက်ရန် ပန္နက်ရိုက်သည့် အခမ်းအနားကို တက်ရောက်ခဲ့သည်။
မူလကျိုင်းတုံဟော်နန်းကို စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူများက အဆင့်ဆင့် လက်လွှဲပြောင်းယူကာ ဟိုတယ်လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင်မူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးစပ် သည့် ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်က နှစ်ရှည်စာချုပ်ဖြင့် လက်လွှဲရယူနိုင်ခဲ့သည်။ Amazing Keng Tung Resort ဟု အမည်ပေးထားသည်။
ယခု ကျိုင်းတုံဟော်နန်းအသစ်သည် Amazing Keng Tung Resort နှင့် ဘေးနားကပ်ရပ် မြေနေရာတွင် တည်ဆောက်မည်ဖြစ်သည်။
စစ်ခေါင်းဆောင်၏ ကျိုင်းတုံခရီးစဉ်အတွင်း ပြုလုပ်သည့် ကျိုင်းတုံ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀) ပြည့် ထီးတင်ပွဲ အခမ်းအနားကို ဦးထွန်းနေဦး (ဟိုတယ် တာချီလိတ်) ၊ ဦးအားတီ (စံဖြိုးလင်းကုမ္ပဏီ ) ၊ ဦးအောင်နိုင် ( 1G1 ဟိုတယ်)၊ ဦးဘိုလေး ( UBL ကုမ္ပဏီ)၊ ဦးလင်းဇော်ထွန်း (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်း) ၊ ဦးတင်လှိုင် (မြသဟာပုဂ္ဂလိကဆေး ရုံပိုင်ရှင်) နှင့် ကိုထွန်း မိုင်းဖြတ် (ရွှေတြိဂံသတင်းလွှာ) အစရှိသည့် တာချီလိတ်မြို့ခံ လုပ်ငန်းရှင်အများ အပြားလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုထီးတင်ပွဲအခမ်းအနားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ သား ဦးအောင်ပြည့်စုံ လည်း တက်ရောက်ခဲ့သည်။
မူးယစ်ဆေးဝါးနှင့် လောင်းကစား လုပ်ငန်းများဖြင့် နာမည်ကျော်သော ရွှေတြိဂံဒေသရှိ တာချီလိတ် မြို့မှ စစ်တပ်ပိုင် မြေပေါ်တွင် လုပ်ငန်းလုပ်ကိုင်လျက်ရှိသော အထင်ကရ ဟိုတယ် နှင့် ကာစီနိုလုပ်ငန်း တို့ကို ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ၎င်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တချို့ကို လုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါဒေသကို ထိန်းချုပ်ကွပ်ကဲရသော တြိဂံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
ထိုလုပ်ငန်းများသည် စစ်တပ်ပိုင်မြေပေါ်ရှိ Regina Resort ကာစီနို နှင့် ဂေါက်ကွင်းလုပ်ငန်း နှင့် Golden Triangle Mountain Resort ဟိုတယ်တို့ ဖြစ်နိုင်ကြောင်း တာချီလိတ်မြို့ရှိ ဒေသခံ လုပ်ငန်း ရှင် တဦးကလည်း ဧရာဝတီသို့ ဆိုသည်။ Regina Golf Club သည် တာချီလိတ်မြို့၏ တခုတည်းသော ဂေါက်ကွင်းဖြစ်သည်။
အဆိုပါလုပ်ငန်းများကို နှစ်ရှည်လုပ်ကိုင်ခွင့်ရရှိထားသော ထိုင်းကုမ္ပဏီထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လည်သိမ်းယူခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား လွှဲပြောင်းပေးရန် အမိန့်ပေးထားခဲ့ သည်။ ထိုလုပ်ငန်းများကို ထိုင်းကုမ္ပဏီက နှစ် ၃၀ လုပ်ကိုင်ခွင့်ရရှိထားပြီး သက်တမ်းပြည့်ရန် ၈ နှစ်ခန့် လိုသေးသည်။
၎င်းက “ တာချီလိတ်က ဟိုတယ်လုပ်ငန်းတွေအကုန်လုံးက စစ်တပ်က ခွင့်ပြုပေးမှ လုပ်လို့ရတာ တွေ ကြီးပဲ၊ သူတို့ မပတ်သက်လို့ မရဘူး ။ လုပ်ငန်းရှင်တွေ အများစုကလည်း အမည်ခံလုပ် ပေးနေကြရ တာ” ဟု ပြောဆိုသည်။
ထိုလုပ်ငန်းများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သား ဦးအောင်ပြည့်စုံ နှင့် တပ်ချုပ်မိသားစုက နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံပေးနေသော ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်တို့က နောက်ကွယ် က လုပ်ကိုင်မည်ဟု ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ဆိုသည်။
၎င်းတို့ကိုယ်စား စစ်တပ်ထိပ်တန်းအရာရှိများအတွက် ကိုယ်စားအမည်ခံကာ ဟိုတယ် နှင့် ကာစီနို လုပ် ငန်း လုပ်ကိုင်ပေး သော တာချီလိတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်များထဲတွင် တာချီလိတ်၏ ခရိုနီဟု လူ သိများသော UBL ကုမ္ပဏီပိုင်ရှင် ဦးဘိုလေးက လုပ်ကိုင်ပေးနိုင်ကြောင်း အထက်ပါ တာချီလိတ်မြို့ခံ လုပ်ငန်းရှင်တဦးက မှတ်ချက်ပြုသည်။ ဦးဘိုလေးသည် တာချီလိတ်မြို့နယ်အဆင့် နယ်ခြား ကော်မတီ (TBC) ၏ သက်တမ်းရှည်အဖွဲ့ဝင် တဦးလည်းဖြစ်သည်။
“ စစ်တပ်နဲ့ သူတို့က အရင်တုန်းကတည်းက အရမ်းကို ရင်းနှီးကြတယ်။ စစ်တပ်အကျိုးစီးပွားနဲ့ သူတို့ အကျိုးစီးပွားက လုံးဝကို ဆက်စပ်နေတာ၊ ဘယ်လုပ်ငန်းမှ မကင်းသလောက်ပဲ ” ဟု ၎င်းက ပြော ဆိုသည်။
ယခုလို အခွင့်အရေးမျိုးကို တာချီလိတ်မြို့ရှိ လုပ်ငန်းရှင်အများစု လုပ်ကိုင်လိုကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ်(ဗျူဟာ) နှင့် ဆက်ဆံရေးကောင်းမွန်ပြီး ရင်းနှီးမှုရှိသော ဦးဘိုလေး သည် ပိုဖြစ်နိုင်ကြောင်း တာချီလိတ်ရှိ အခြားသတင်းရစ်မြစ်တဦးကလည်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ထိုင်းကုမ္ပဏီက ရှမ်းရိုးမကုန်တိုက်ကိုလည်း လုပ်ကိုင်ခွင့်ရထားတယ်။ ဒါပေမယ့် ထိုင်းကုမ္ပဏီ က Regina ကာစီနိုနဲ့ ဂေါက်ကွင်းပဲ သေချာလုပ်တယ်။ ရှမ်းရိုးမကုန်တိုက်ကြီးကို ဒီအတိုင်းထားထား တာပေါ့ အဲဒါကို တာချီလိတ်က လုပ်ငန်းရှင်တွေက သိပ်မကြိုက်ကြဘူး။ အဲဒါကို အကြောင်းပြပြီး ဟိုတယ်လုပ်ငန်းတွေကိုပါ ဖယ်လိုက်ပုံရတယ် ” ဟု ဆိုသည်။
အဆိုပါ ရှမ်းရိုးမကုန်တိုက်သည် တာချီလိတ်မြို့လယ်ခေါင်တွင် တည်ရှိသည့် အထင်ကရ ကုန်တိုက် တခုဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် တာချီလိတ်မြို့သည် ဟိုတယ်လုပ်ငန်းများသည် ကာစီနို နှင့် အွန်လိုင်းလောင်းကစားများကို တရားဝင်လုပ်ကိုင်ခွင့်ရရှိထားသလို အကြီးအကျယ်လုပ်ဆောင်လာ လျက်ရှိသည်။ အများစုသည် တရုတ်နိုင်ငံသားများက ဟိုတယ်များကို တနှစ်ပတ်လုံး ငှားရမ်းပြီး လုပ် ကိုင်ခြင်း ဖြစ်သည်။
ထို့ပြင် တာချီလိတ်မြို့တွင် ဝပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA) က ကျောထောက် နောက်ခံပေးထားသော ဝလူမျိုး လုပ်ငန်းရှင်များကလည်း ဟိုတယ် နှင့် ကာစီနိုလုပ်ငန်းအများအပြား လုပ်ကိုင်လျက်ရှိပြီး အခြားသော ပြည်သူ့စစ်များကလည်း ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။
You may also like these stories:
ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား
မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
မြန်မာ့လေတပ်ကို အမှီပြု၍ ကြီးပွားလာသူ (သို့မဟုတ်) ဦးကျော်မင်းဦး
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ
အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်