သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားသည့် အလှမယ် သင်းသင်းက အဆိုပါ အမှုအား ရုတ်သိမ်းထားခြင်း မရှိဘဲ အဆုံးထိ ရင်ဆိုင်သွားမည်ဟု ဧရာဝတီကို ပြောသည်။
အလှမယ် သင်းသင်းက “အမှုကိစ္စက မပြီးသေးဘူး။ ဆက်လက် ရင်ဆိုင်နေရဆဲပဲ။ အမှုကို နဂိုတည်းက မရုတ်သိမ်းထားဘူး။ အဆုံးထိ ရင်ဆိုင်သွားမယ်။ အမှုရင်ဆိုင်နေရတာ ၂ နှစ်ကျော် ၃ နှစ်ရှိပြီ။ ရုတ်သိမ်းဖို့ မရှိဘူး။ အမှုအခြေအနေကတော့ တဖက်ကို စွဲချက်တင်တဲ့အဆင့် ရောက်သွားပြီ”ဟု ဧရာဝတီကို ပြောသည်။
လာမည့် မတ်လ ၁၇ ရက်နေ့ ရုံးချိန်း ချိန်းဆိုထားပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရုံးချိန်း ရှိသော်လည်း သင်းသင်းက ကွာရန်တင်း ဝင်နေရသောကြောင့် ရုံးချိန်း မတက်ဖြစ်ခဲ့ဟု ဆိုသည်။
သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် အလှမယ် သင်းသင်းက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ပြီး၊ ဝေဠုကျော်က အဆိုပါ အမှုကို ငွေကျပ် သိန်း ၅၀ ဖြင့် အာမခံ ရယူကာ ရင်ဆိုင်နေခြင်း ဖြစ်သည်။
ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်နေ အလှမယ်သင်းသင်းကို စစ်ကောင်စီတပ်ဖွဲ့များက ဧည်စာရင်းစစ်မည်ဟု ဆိုကာ ဖေဖော်ဝါရီ ၂၂ ည ၁၁နာရီခန့်က ဝင်ရောက်ဖမ်းဆီးသည်။
တိုက်ဆိုင်စွာပင် အလှမယ် သင်းသင်း ဖမ်းဆီးခံခဲ့ရသည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့သည် သရုပ်ဆောင် ဝေဠုကျော်၏ မင်္ဂလာဆောင်သောနေ့နှင့် တရက်တည်း ဖြစ်သည်။
ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ်အကောင့်မှ သင်းသင်းအား NUG၊ CRPH စသည့် အဖွဲ့အစည်းများ ကို ထောက်ခံ အားပေးခြင်း၊ CDM ဝန်ထမ်းများကို အားပေးအားမြှောက်လုပ်ခြင်း၊ ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်ခြင်းနှင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ဇောက်ထိုးပုံ တင်ကာ ဆဲဆိုခြင်း စသည့် လုပ်ရပ်များ ပြုလုပ်ခြင်းကြောင့် ယခုလို ဖမ်းဆီးရန် လှုံ့ဆော်ခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ညတွင် ရဲက သင်းသင်းအား ပြန်လွှတ်ပေးခဲ့သည်။
“မနေ့ညက တယောက်နဲ့ တယောက် အထင်လွဲမှားမှုတွေ ဖြစ်သွားတယ်။ လူတွေများတဲ့အခါကျ သင်းလည်း ကြောက်သွားလို့ပါ။ အေးအေးဆေးဆေးနဲ့ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းကို ကျေးဇူး အများကြီးတင်ပါတယ်။ စိတ်ပူပေးကြသူတွေကို အကုန်လုံးကို ကျေးဇူးတင်ပါတယ်” ဟု သင်းသင်းက ပြောဆိုထားသည်။
ဆက်လက်ပြီး သင်းသင်းက “လက်ရှိ ကျန်းမာရေးက ကောင်းတယ်။ အမေကတော့ စဖြစ်တဲ့နေ့က မိဘဆိုတော့ ပူတာပေါ့။ သူက တခါမှလည်း ဘာမှ မသိတဲ့သူဆိုတော့ နည်းနည်းတော့ နေမကောင်း ဖြစ်သွားတယ်။ အခုတော့ သက်သာပါပြီ”ဟု ပြောသည်။
You may also like these stories:
အလှမယ် သင်းသင်းအား ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ဖမ်းဆီး
“ဝေဠုကျော်ကို ၃ ကြိမ်တိတိ ဖြတ်ခဲ့တယ်”လို့ သင်းသင်း ပြော
“တရားစွဲခံရတဲ့ ၁ နှစ်ခွဲအတွင်း ဘာမှ မပြောခဲ့ပါဘူး”လို့ ဝေဠုကျော် ပြော
ဆယ်လီဖြစ်ချင်လို့ ဝေဠုကျော်ကို တရားစွဲတာ မဟုတ်ဘူးလို့ ပြောတဲ့ အလှမယ် သင်းသင်း