ကလေး-ဂန့်ဂေါ ကားလမ်းကို ထိန်းချုပ်ရန် စစ်ကောင်စီ ပိုမိုကြိုးစားနေ
စစ်ကိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်ရှိ အရေးပါသည့် လမ်းမကြီးဖြစ်သည့် ကလေး-ဂန့်ဂေါ ပြည်ထောင်စုလမ်းမကို ထိန်းချုပ်ရန် အာဏာသိမ်း စစ်ကောင်စီက အင်အင်းဖြည့်တင်းကာ ပိုမို ကြိုး စားလာ နေကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါ-ကလေး ပြည်ထောင်စု လမ်းမ အနီးဝန်းကျင်ရှိ စစ်ရေးအရ အချက်အချာကျသော တောင်ကုန်းများတွင် အခိုင်အမာ စခန်းချပြီး ဒေသတွင်းရှိ ကျေးရွာများကို ဦးတည် စစ်ကြောင်းထိုးကာ လူနေအိမ်များကို မီးရှို့ဖျက်စီးမှုများ ပြုလုပ် နေ ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။
လတ်တလော အခြေအနေတွင် ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဘက်စစ်ရေးတောက်လျှောက်တင်းနေသည်။
ကလေးပြည်သူ့ ကာကွယ် ရေး အဖွဲ့ CDF (KKG) မှ ခေါင်းဆောင်တဦးက “ကျနော်တို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး တော်လှန်နေတဲ့ ပြည် သူ့ လက်နက်ကိုင်တွေက တောက်လျှောက်နီးပါး မရပ်မနား စစ် ကောင်စီကို တော်လှန်နေကြတဲ့ အခါမှာ ကျနော်တို့ အင်အားစုတွေနဲ့ ကြားထဲမှာ တောက်လျောက် စစ်ရေးတင်းမာမှု အခြေအနေရှိနေတော့ စစ် ကောင်စီ အနေနဲ့လည်း ကလေးမြို့နယ်တကျောကိုလည်း ထိန်းချုပ် နိုင်ရေး အတွက် ပိုမိုကြိုးစားနေတာရှိသလို အင်အားကိုလည်း ဖြန့်ကျက်ပြီး တော့မှ ပိုမို ထိုးစစ်ဆင်နေတာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကိုင်းတိုင်ဒေသကြီး ၊ ကလေးမြို့နယ်အတွင်း မှန်တောကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ် ကောင်စီတပ်ဖွဲ့မှ အရာရှိ အဆင့် အပါအဝင် အနည်းဆုံး ၅ ဦးခန့် သေဆုံး သေဆုံးသွားခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် CDF (KKG) အဖွဲ့မှ တပ် ဖွဲ့ဝင် တဦးက ပြောသည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို PDF (Kalay) ၊ CDF (KKG) ၊ CDF (Thantlang) ၊ RKDF နှင့် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ အရှိအဆင့် ၁ ဦး အပါအဝင် အနည်းဆုံး တပ်ဖွဲ့ဝင် ၆ ဦးခန့် ထိခိုက်ကျဆုံးမှု ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင်က ဂန့်ဂေါ- ကလေး ကားလမ်းမကြီးကို သုံးပြီး စစ်ကြောင်းများ ချီတက်လာသော်လည်း လတ်တလော အခြေ အနေတွင် ပျူစောထီးအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး တောလမ်းများကို အသုံးပြုကာ ကျေးရွာများကို ဝင်ရောက်ပျက်စီးလာနေကြောင်းလည်း ကလေး ဒေသခံ တဦးက ပြောသည်။
၎င်းက “ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခဏခဏ မိုင်းဆွဲခံရတော့ ကားလမ်းအတိုင်း မသွားရဲတော့ဘူး။ ဂန့်ဂေါဘက်က ပျူတွေ ကိုအသုံးပြုပြီး တောလမ်းကို အသုံးပြုပြီး စစ်ကြောင်းချီတက်လာတယ်။ အဓိကတော့ ရွာတွေကို ဒုက္ခပေးတာပေါ့။ ရွာသားတွေ တွေ့ရင် ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်တယ်။ ရွာသားတွေ မရှိရင် အိမ်တွေက ရှိသမျှ ပစ္စည်းတွေကို ဖောက် ထွင်း ယူတယ်။ သူတို့ လုပ်နေတာက စစ်တိုက်တာနဲ့လည်း မတူ တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကလေးမြို့နယ် ချောင်းခွ ကျေးရွာမှ သားအမိ ၃ ဦးမှာ သံဖိုကျေးရွာဘက်ရှိ ၎င်းတို့အပိုင် ယာခင်းထဲရှိ တဲတွင် ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မီးရှို့သတ်ဖြတ်ထားသည့် ၎င်းတို့ ရုပ်က လောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက ပြောသည်။
၎င်းက “ကျနော်တို့ သိရတဲ့ မြေပြင် သတင်းအရတော့ ချောင်းခွရွာက သားမိ ၃ ဦးပေါ့။ သူတို့က သံဖိုဘက်မှာရှိတဲ့ သူတို့ ပိုင်တဲ့ ယာခင်းတဲ အိမ်မှာ နေစဉ် အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက ဖမ်းဆီး ခေါ်သွားတယ်လို့ သိရပါတယ်။ နောက်ပိုင်း မျက်မြင် သက်သေတွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရတော့ သံဖို ကျေးရွာအရှေ့ဘက် ယာခင်းထဲက တဲအိမ်တခု အတွင်းက သေနတ်သံ ၃ ချက် ထွက်ပေါ်လာတဲ့ နောက်မှာ စစ်ကောင်စီ တပ်ဖွဲ့ အဲဒီ တဲအိမ်ကို မီးရှို့သွားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အဓမ္မပြုကျင့် သတ်ဖြတ်ပြီး သဲလွန်စ ဖျောက်ပစ်ခြင်း ဖြစ်နိုင်သည်ဟုလည်း သံသယရှိနေကြသည်။ သတ်ဖြတ်ခံရသည့် အမျိုးသမီး ၃ ဦးမှာ မိခင်ဖြစ်သူ ဒေါ်ငွန်ဇာလဲန် (၄၀ နှစ်) ၊ သမီးဖြစ်သူ မိုင်သီယန်နွန်ကြွယ် (၁၆ နှစ်) နှင့် မိုင်ငွန်ဇာသီယန် (၁၄ နှစ်) တို့ ဖြစ်ကြောင်း ဒေသခံကျေးရွာများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ကလေးမြို့နယ် ရန်ကြီးအောင် ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ သံဖိုကျေးရွာ အနောက်ဘက် ချင်းတောင်ခြေတွင် တည်ရှိသည့် စစ်ရှောင်စခန်းကို လက်နက်ကြီး ဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင်အမျိုးသမီးတဦး ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းမြို့ နယ် အတွင်း နတ်မြောင်း၊ နတ်ချောင်းမှ တဆင့် ငဖား၊ ဟဲလုပ်၊ ခွေကြိမ်၊ သံဖို ကျေးရွာများကို ဖြတ်ပြီး ရန်ကြီးအောင်ရွာဘက်သို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ အိုးအိမ်များကို ဖျက်ဆီးမီးရှို့ခဲ့ပြိး ငဖား ကျေးရွာမှ စိတ်မနှံ့သူ ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကလေး PDF အဖွဲ့မှ ထုတ်ပြန်ထားသည်။
“ လက်ရှိ ကလေးဒေသတဝိုက် အခြေအနေကတော့ စစ်ကောင်စီ အနေနဲ့ ပိုထိုးစစ်ဆင်လာတဲ့ အခါမှာလည်း ကျနော်တို့ အနေနဲ့ အခြေအနေ အမျိုးမျိုးကြောင့် ရံဖန်ရံခါ ဆုတ်ခွာပေးရတာ ရှိသလို ကိုယ့်ဘက်ကလည်း သူတို့ကို ပြန်ပြီးတော့ တပ်လန်သွားသည်အထိ နာအောင် တိုက်ခိုက်နိုင်တာလည်း ရှိပါတယ်” ဟု ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း အစပ် ကလေး- ဂန့်ဂေါ ကားလမ်းမလျောက် ကျေးရွာများတွင် အထ်ိုင်စခန်းများ ချကာ အင်အားပြည့်တင်းနေသလို ဒေသခံ ပြည်သူ့ ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များကလည်း စစ်ရေး အသင့်အနေအထား ပြင်ဆင်ထားသဖြင့် ဆက်လက် စစ်ရေးတင်းမာနေသည်။
You may also like these stories:
ကရင်နီစစ်ရှောင်များ ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
လွှတ်တော်အမတ်များ၊ အနုပညာရှင်များ၏ နေအိမ်များ ဆက်တိုက် ချိပ်ပိတ်ခံရ
စစ်ကောင်စီ အဖမ်းအဆီးကို ရှောင်ရင်း ၂ ခြောက်လုံးလှုပ်ရှားသူတဦး ကိုယ်ဝန်ပျက်ကျ
တန့်ဆည် ကပေါင်းကျရွာကို စစ်ကောင်စီက ၁၃ ကြိမ်မြောက် မီးရှို့
စစ်ကိုင်း၌ PDF နှင့် ဆက်သွယ်သည်ဆိုကာ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁၂ ဦး ဖမ်းခံရ