သတင်း

ရှရှားကျူးကျော်စစ် ဂယက် မြန်မာတွင် စက်သုံးဆီ ဈေးမြင့်တက်

ယူကရိန်းနိုင်ငံအပေါ် ရှရှားနိုင်ငံ၏ ကျူးကျော်စစ် ဆင်နွှဲမှုကြောင့် ကမ္ဘာ့ရေနံဈေးမြင့်တက်နေပြီး နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေမှုကို ရင်ဆိုင်နေရလျှက်ရှိကြောင်း ပြည်တွင်း လုပ်ငန်းရှင်များက ပြောသည်။

စက်သုံးဆီတင်သွင်းသည့် ပြည်တွင်း ကုမ္ပဏီတခုမှ တာရှိဝန်ရှိသူ တဦးက “ဈေးကတော့ အခုလည်း နည်းနည်းတော့ပြန် တက်တယ်။ ရှရှားနဲ့ ယူကရိန်းက ဒီနေ့ညနေမှာ ညှိမှာဆိုတော့ ဈေးက အရမ်းတော့ မတက်သေးဘူး။ စောင့်တော့ ကြည့်ရ မယ်။ ဒီနေ့ဆိုရင် ရေနံစိမ်း တစည်ကို ဒေါ်လာ ၅ ဒသမ ၃၃ လောက် ပြန်တက်တယ်။ ပြည်တွင်းဈေးကတော့ အရင် ရက်ကထက် တလီတာကို ကျပ် ၂၀ နှုန်းလောက် ထပ်တက်လာတယ်။ ပျမ်းမျှဈေးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသို့ စက်သုံးဆီတင်သွင်းသည့် အဓိက မိတ်ဖက်နိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံများဖြစ်ပြီး ရေနံစိမ်းပေါ်တွင် အခြေခံ၍ စက်သုံးဆီ ထုတ်လုပ်ခြင်းဖြစ်သဖြင့် ရုရှား စစ်ပွဲကြောင့် ရေနံစိမ်းဈေးများ မြင့်တက်ရာတွင် စက်သုံးဆီ ဈေးများပါ လိုက်ပါမြင့်တက်နေခြင်း ဖြစ်သည်။

ရှရှား ကျူးကျော်စစ် မတိုင်မီက ဖေဖော်ဝါရီလ ၂၂ ရက်က ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ Octane 92 တလီတာ ၁၆၇၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် Octane 92 တလီတာ ၁၇၅၄ ကျပ်ထိ မြင့်တက်သွားခဲ့သည်။

ထို့အတူ Octane 95 တလီတာ ၁၇၃၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၈၀၀ ကျပ်၊ ဒီဇယ်တလီတာ ၁၆၆၅ ကျပ်မှ ယနေ့ တလီတာ ၁၇၂၀ ထိ အသီးသီး မြင့်တက်နေလျှက်ရှိသည်။

အဆိုပါ ဈေးနှုန်းများသည် ရန်ကုန်ဈေးနှုန်းများ ဖြစ်ပြီး နယ်ဈေးနှုန်းများမှာ ရန်ကုန်ဈေးထက် ကျပ် ၃၀ နီးပါးမြင့်သလို တချို့ ဝေးလံသည့် နေရာများတွင် ဈေးကွာဟချက် ပို၍ ကြီးမားကြောင်း စက်သုံးဆီ လုပ်ငန်းရှင်များက ပြောသည်။

စစ်ပွဲကြောင့် ဈေးနှုန်းများမြင့်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကမ္ဘာ့ရေနံစိမ်းဈေးများ တပေပါ အမေရိကန် ဒေါ်လာ ၁၀၀ ဝန်းကျင်မှ ၉၃ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေသေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေး၊ လူနေမှုစရိတ်အပါအဝင် ဆက်စပ်နေသည့် အခြေခံ ကုန်ဈေးနှုန်းများလည်း ရိုက်ခက်မှုရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် ကပ်ရောဂါဒဏ်ကြောင့် စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံခဲ့ရသလို စစ်တပ်က အာဏာသိမ်းမှုကြောင့် အခြေအနေဆိုးများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။

လက်ရှိပြည်တွင်း စက်သုံးဆီဈေးမြင့်တက်မှု အခြေအနေမှာ ရှရုား ကျူးကျော်စစ်ကြောင့် ရိုက်ခတ်နေခြင်းဖြစ်သလို စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု များကြောင့်လည်း ဈေးနှုန်းများမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ပို၍ မြင့်တက်နေခြင်းဖြစ်ကြောင်း စက်သုံးဆီ လုပ်ငန်းရှင်က ရှင်းပြသည်။

ရန်ကုန်မြို့ရှိ စားသောက်ကုန်ဖြန့်ဖြူးရောင်းချသည့် ကုန်သည်ကြီး တဦးကလည်း “ရုရှားကျူးကျော်စစ်ပွဲကြောင့်ကတော့ ဒေါ်လာနဲ့ ရွှေက အဓိက သက်ဆိုင်တာပေါ့။ အခြေခံစားကုန်ကတော့ ဒါနဲ့ သိပ်မဆိုင်ပေမယ့် ဒီဇယ်တို့ ဓာတ်ဆီတို့က တအားမြင့်နေတယ်။ နောက်တခါ ငွေကြေးဖောင်းပွမှုတွေ ရှိနေတယ်။ ဒါတွေကြောင့် တက်တဲ့ပစ္စည်းတွေရှိတယ်။ တောင်သူအနေနဲ့ ပြောရရင်တော့ ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်တဲ့သူတွေက တော်တော်အခြေအနေဆိုးတယ်။ ဈေးကွက်မကောင်းဘူး။ စိုက်စရိတ်တောင်ပြန်မရကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုပြဿနာရင်ဆိုင်ကြုံတွေ့နေရသလို စစ်ကောင်စီသည် ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချခဲ့သဖြင့် ယခင် စားအုန်းဆီ တပိဿာ ကျပ် ၃၀၀၀ ကျော်ရှိနေရာမှ ယခု တပိဿာ ကျပ် ၆၀၀၀ ထိ ပေးဝယ်နေရသည့် အခြေအနေကို ဆိုက်ရောက်နေလျှက်ရှိသည်။

ပြည်တွင်း ကုန်သည်တဦးက “ကုန်ပစ္စည်းတိုင်းတော့ မဟုတ်ဘူး။ စားအုန်းဆီဆိုရင် စစ်ကောင်စီက သွင်းကုန်လျှော့ တာပေါ့။ ပြီးရင်ဒေါ်လာဈေး တက်တာတွေကြောင့် ဈေးနှစ်ဆလောက် တက်သွားတာပေါ့။ စက်သုံးဆီ ဆိုရင် စစ်တပ်အာဏာမသိမ်းခင်က တလီတာ ကျပ် ၆၀၀ ဝန်းကျင်ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တလီတာ ကျပ် ၁၉၀၀ ကျော်အထိ ဈေးနှုန်း မြင့်လာတာတွေ ရှိတယ်။ အခုကတော့ မြန်မာပြည်မှာက အကုန်တက်နေတာပဲ ဆန်ဆိုလည်း တအိတ် ကျပ် ၂၀၀၀ လောက် တက်တယ်”ဟု ပြောသည်။

လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ သယ်ယူ ပို့ဆောင်စရိတ်များ မြင့်တက်လာခြင်းသည်နှင့် အမျှ နေ့စဉ် စားဝတ်နေရေး ကြပ်တည်း မှုများကို ပြည်သူများ ရင်ဆိုင်နေရသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း စက်တင်ဘာလအထိ စားသောက်ကုန်နှင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

Loading