အရှေ့ ဥရောပတွင် ဖြစ်ပွားနေသော ယူကရိန်း-ရုရှား စစ်ပွဲနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးတရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် နေပြည်တော်၌ အာဏာသိမ်း မြန်မာစစ်ကောင်စီက ပြုလုပ်ခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။
အစည်းအဝေးတွင် ယူကရိန်း-ရုရှား စစ်ပွဲကြောင့် မြန်မာအပေါ်မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည်ကို အဓိကထားဆွေးနွေးခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တဦးက ဆိုသည်။
အစည်းအဝေး၌ ရုရှားကဲ့သို့ မြန်မာနိုင်ငံကို ကျူးကျော်လာနိုင်ခြေရှိသည့် နိုင်ငံမှာမှာ အိမ်နီးချင်း တရုတ်နိုင်ငံ ဖြစ်သည်ဟု စစ်ကောင်စီဘက်က ယူဆကြောင်း သိရသည်။
ပုံမှန်အခြေအနေတွင် တရုတ်နိုင်ငံက မြန်မာကို ကျူးကျော်မည်မဟုတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက တရုတ်အကျိုးစီးပွားအပေါ် တိုက်ခိုက်လာမှုများပြုလုပ်လာသည့်နောက် ယင်းတိုက်ခိုက်မှုများအား မြန်မာစစ်တပ်က မကာကွယ်နိုင်ပါက ဝင်ရောက်ကျူးကျော် လာနိုင်ခြေရှိနေကြောင်း စစ်ကောင်စီက သုံးသပ်သည်။
ထို့ကြောင့် တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းအပါအဝင် တရုတ်အတွက် အရေးကြီးသည့် အကျိုးစီးပွားရှိသည့်နေရာများ၌ မြန်မာစစ်တပ်အင်အားကို လက်ရှိထက် ပိုတိုး၍ ချထားရန် လိုအပ် ကြောင်း အစည်းအဝေးတွင် စစ်ကောင်စီက ဆုံးဖြတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ရှင်းပြသည်။
ရုရှားနိုင်ငံသည် သမ္မတပူတင်၏ အမိန့်ဖြင့် ယူကရိန်းနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်ကာ ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားဖြင့် ကျူးကျော်စစ်ဆင်နွှဲနေခြင်းဖြစ်ပြီး အဆိုပါ ကျူးကျော်စစ်ကို မြန်မာစစ်ကောင်စီက ထောက်ခံကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA သတင်းဌာနသို့ ပြောဆိုထားသည်။
“နံပတ် ၁ ဒီကိစ္စကတော့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာကိုပြသခြင်းလို့ မြင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
တရုတ်နိုင်ငံကမူ ဖေဖော်ဝါရီလ ၂၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြုလုပ်သည့် ယူကရိန်းသို့ ကျူးကျော်နေသော ရုရှားတပ်များအား ရှုတ်ချကြောင်း ဆုံးဖြတ်ချက်မူကြမ်းကို အိန္ဒိယ၊ UAE (အာရပ်စော်ဘွားများပြည်ထောင်စု) နိုင်ငံတို့နှင့်အတူ မဲမပေးဘဲ ကြားနေအဖြစ် ရပ်တည်ခဲ့သည်။
မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အပါအဝင် တရုတ်- မြန်မာစီးပွားရေး စင်္ကြန်စီမံကိန်းများလည်း အကောင်အထည်ဖော်ရန် ရှိနေသည့်အပြင် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် တရုတ်၏ ဩဇာရှိနေသည်။
ထိုကဲ့သို့သော အခြေအနေတွင် အာဏာသိမ်းမြန်မာစစ်ကောင်စီဘက်က အရေးပေါ်အစည်းအဝေးတရပ်ပြုလုပ်ကာ ယူကရိန်း-ရုရှားစစ်ပွဲ ဂယက်ကြောင့် တရုတ်၏ လှုပ်ရှားနိုင်ခြေကို စဉ်းစားလာခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာစစ်ကောင်စီနှင့် ခိုင်မာသည့် ဆက်ဆံရေး ရှိသည်ဆိုသည့် ရုရှားသည် ယူကရိန်းအပေါ် ကျူးကျော်စစ် ကြောင့် အနောက်နိုင်ငံအများစု၏ ပိတ်ဆို့ ဒဏ်ခတ်မှုကို ခံနေရပြီဖြစ်သည်။
ကျူးကျော်စစ်ဆင်နွှဲသည့် ရုရှားနှင့် ဘယ်လာရုစ်ကို ဥရောပသမဂ္ဂ (EU) က အရေးယူပိတ်ဆို့မှုများကြေညာထားပြီး ရုရှားပုဂ္ဂလိကပိုင်နှင့် စင်းလုံးငှားလေယာဉ်များအပါအဝင် ရုရှားလေယာဉ်များအားလုံး ဆင်းတက်ခြင်း၊ ဖြတ်သန်းခြင်းများအား ဖေဖော်ဝါရီလ ၂၇ ရက်ကတည်းက ပိတ်ပင်ခဲ့သည်။
UK နိုင်ငံကလည်း ရုရှား ဗဟိုဘဏ်အပါအဝင် ရုရှားအမျိုးသားဓနရန်ပုံငွေနှင့် ရုရှားဘဏ္ဍာရေး ဝန်ကြီးဌာနတို့အား ဖေဖော်ဝါရီလ ၂၈ တွင် အရေးယူပိတ်ဆို့လိုက်ကြောင်း CNN သတင်းအရသိရသည်။
ထို့အပြင် အမေရိကန်၊ ကနေဒါနှင့် EU တို့ကလည်း ရုရှားကို နိုင်ငံတကာဘဏ်စနစ်မှ ဖယ်ထုတ်ရန် ကြိုးပမ်းသည့်အနေနှင့် ကမ္ဘာတဝန်း ဘဏ်အချင်းချင်း ဆက်သွယ် ငွေပေးချေသည့် စနစ် (SWIFT) ကွန်ရက်ထဲမှလည်း ရုရှား ဘဏ်တချို့အား ဖြတ်တောက်ပစ်ရန် ဖေဖော်ဝါရီလ ၂၆ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ အရေးယူပိတ်ဆို့မှုများကြောင့် ရုရှငွေ ရူဘယ် တန်ဖိုးမှာ တဟုန်ထိုး ကျဆင်းနေသည်။
ထို့ကြောင့် ရုရှားတွင် ဘဏ်အကောင့်များဖွင့်ထားပြီး ပိုင်ဆိုင်မှုများလည်း ရှိနေသော မြန်မာစစ်ဗိုလ်ချုပ်များအပါအဝင် စစ်သုံးလက်နက်များ ဝယ်ပေးနေသည့် မြန်မာခရိုနီများက အထူးစိုးရိမ်နေကြကြောင်း ဧရာဝတီက ကြားသိရသည်။
You may also like these stories:
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ
ရှရှားကျူးကျော်စစ် ဂယက် မြန်မာတွင် စက်သုံးဆီ ဈေးမြင့်တက်
စစ်ကောင်စီက တရုတ်အကာအကွယ်ဖြင့် ပြဿနာကို ပိုဆိုးစေသည်
NUG နှင့် တွေ့ဆုံရန် အာဆီယံ အထူးသံတမန် တွန်းအားပေးမှု စစ်ကောင်စီ ပယ်ချ
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့