သတင်း

စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ

အာဏာသိမ်း စစ်ကောင်စီ၏ လမ်းပိုင်းများ ပိတ်ဆို့မှုများကြောင့် ချင်းပြည်နယ်အတွင်းရှိ မင်းတပ်၊ ကန်ပက်လက် မြို့နယ် နှင့် ထန်တလန်ရှိ စစ်ဘေးရှောင် စခန်းများ အပါအဝင် ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်မှု၊ ရှားပါးမှုများနှင့် ဈေးနှုန်း အဆမတန် မြင့်တက်မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိ စစ်ကောင်စီတပ်များက ချင်းပြည်နယ်အတွင်း ဒေသကာကွယ်ရေး တပ်များကို ထိုးစစ်ဆင်နေပြီး စားနပ်ရိက္ခာ သယ်ဆောင်သော မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် လောင်းရှည်-ကျင်ဒွေး လမ်းပိုင်းများကိုလည်း ပိတ်ထားသဖြင့် ဒေသခံများအတွက် ဆန်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်း ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ ဒေသခံတဦးက “လမ်းပိတ်တာတို့ ဘာတို့က တောက်လျှောက် ဖြစ်နေတာပါ။ ဆန်တို့ စားနပ် ရိက္ခာတို့ဆိုရင် သိပ် ခွင့်မပြုချင်ဘူး။ အဲဒီတော့ ကုန်ဈေးနှုန်းတွေကတော့ ၅၀ ရာခိုင်နှုန်း အထက်ကို တက်နေတာ တချို့က နှစ်ဆ နီးနီး တက်တယ်။ ရှားလည်း ရှားပါးတယ်၊ ဝယ်မရဘူး။ အဲဒီလိုမျိုးတွေအထိ ဖြစ်နေတာ။ ဆေးဝါးလည်း ဖျားနာရင် တောင်မှ ဘာမှ ဝယ်လို့ မရဘူး။ ပြတ်တောက်နေတယ်။ တချို့ဆို လမ်းမှာတင် လုယူတာတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ပြီး ချင်းပြည်နယ်အတွင်းသို့ စားနပ်ရိက္ခာ သယ်ဆောင်ခြင်း၊ ဆေးဝါးသယ်ယူခြင်းများ ကို စစ်ကောင်စီက ဖြတ်တောက်ထားပြီး လက်ရှိတွင် လမ်းတဝက်မှ ဆန်အပါအဝင် စားနပ်ရိက္ခာများ၊ ဆေးဝါးများကို လုယူခြင်းများကို ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့ စားနပ်ရိက္ခာလည်းပြတ်တောက်သလို စီးပွားရေးကလည်း ဘာမှ စိုက်ပျိုး စားသောက်လို့ မရတော့ အခက်အခဲက တော်တော်ကြီးလာတယ်။ တချို့ စစ်ရှောင်စခန်းတွေ၊ ဘာတွေ သွားနေတဲ့သူတွေလည်း အခု ရိက္ခာ ပြတ်လာကြပြီ ပြောတယ်။ အရင်နှစ်က စိုက်ထားတဲ့ ဝ ဥ တွေ ဘာတွေကလည်း အကုန်ခူးပြီးခါမှ ရောင်းခါနီးကျ ဝယ်သူရှိတာတောင် သယ်ယူပို့ဆောင်လို့ မရတော့ ဘာမှ မရောင်းလိုက်ရဘူး။ အရမ်းကို ခက်ခဲသွားတယ်။ ဒီနှစ်တော့ ထပ်လည်း မစိုက်ကြတော့ လာမယ့် အချိန်တွေက စားနပ်ရိက္ခာအတွက်က အခက်အခဲရှိတယ်” ဟု သုံးသပ် ပြောပြသည်။

ထိုသို့ ယခုနှစ်တွင် ချင်းပြည်နယ်အတွင်း စားနပ်ရိက္ခာ စိုက်ပျိုးမှု မရှိသဖြင့် လာမည့် အချိန်ကာလများသည် ယခုထက်ပို၍ ခက်ခဲလာနိုင်ကြောင်း၊ ပြင်ပမှ ဝယ်ယူစားသောက်ရာတွင်လည်း ယခုလို စစ်ကောင်စီ၏ ပိတ်ဆို့မှုများ ရှိနေပါက အငတ် ဘေးဒုက္ခ မကြာမီဆိုက်ရောက်နိုင်ကြောင်း သိရသည်။

ဝ ဥ ကုန်သည် တဦးက “ကျနော်တို့ မြို့ပေါ်ကသူတွေကတော့ အခြောက်ခံ သိမ်းတာတွေဘာတွေ ရှိတယ်။ နယ်ဘက်ကျ တဲ့ သူတွေကျတော့ အခင်းတွေ ပျက်စီးသွားရတာပေါ့။ အဲဒီတော့ လာမယ့် နှစ်ဆို စိုက်ပျိုးမှုလည်း မရှိ၊ ဝင်ငွေလည်း မရှိ စားနပ်ရိက္ခာလည်း သယ်မရဆို တော်တော် ခက်ခဲမှာ” ဟု လက်ရှိ ဒေသ၏ အခြေအနေကို ပြောပြသည်။

လက်ရှိတွင် ကန်ပက်လက်မြို့အတွင်း စားနပ်ရိက္ခာဆန်များကိုလည်း စစ်ကောင်စီတပ်ဘက်မှ သိမ်းဆည်းယူဆောင်ခြင်း များရှိနေသည့်အပြင် သယ်ယူပို့ဆောင်မှု လမ်းကြောင်းများ ပြတ်တောက်နေသဖြင့် စစ်ဘေးရှောင် စခန်းများအထိ စားနပ် ရိက္ခာ ရှားပါးလာနေပြီဖြစ်ကြောင်း သိရသည်။

ထန်တလန်မြို့ရှိ ဒေသခံ အမျိုးသမီးတဦးက “ကျမတို့ဆီကတော့ လက်ရှိ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေကတော့ ၆၀ နီးပါးလောက် ရှိတယ်။ လူဦးရေကတော့ ၂၇၀ ဝန်းကျင်လောက်ရှိတယ်။ လမ်းကြောင်းတွေ ပိတ်တော့ စားနပ်ရိက္ခာက ပြတ်တောက်နေပြီ။ လက်ထဲမှာလည်း ပိုက်ဆံမရှိသလို အလှူရှင်ကလည်း ရှားတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ကူညီမယ့်သူ လိုနေတယ်” ဟု ပြောပြသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ချင်းကာကွယ်ရေးအဖွဲ့ (CDF) နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့် မေလလယ် ပိုင်းမှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၄ ထောင် ဝန်းကျင် စစ်ရှောင်နေရသည်။

လူသားစာနာမှုဆိုင်ရာ ကုလသမ္မဂ္ဂ ညှိနှိုင်းရေးမှုးရုံး (UNOCHA) ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်ရှိ မြို့နယ် ၅ ခုတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားရသူပေါင်း ၂၁၀၀၀ ကျော် ရှိကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း လူသားချင်း စာနာမှု အကူအညီ လိုအပ်သူပေါင်း နှစ် သန်းအထိ တိုးလာနေပြီး ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီ တိုင်း တို့တွင် တိုက်ပွဲနှင့် လုံခြုံရေး အခြေအနေများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၂၁၈၉၀၀ ခန့် ရှိကြောင်း လည်း UNOCHA က ဖော်ပြထားသည်။

You may also like these stories:

ဒီးမော့ဆိုရှိ စစ်ရှောင်များ နေထိုင်ရာ လိုဘာခိုရွာအား လေယာဉ်ဖြင့် ဗုံးကြဲ

ကရင်နီစစ်ရှောင်များ ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

ကယားစစ်ရှောင်စခန်းတချို့ စားနပ်ရိက္ခာ ပြတ်လပ်လာ

Loading