စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ချင်းပုန်းရွာကို စီးနင်း၍ ဒေသခံများကို သတ်ဖြတ်ပြီး ပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့သည် သပြေအေးရွာကို ထပ်မံ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ပစ်ခတ်ခြင်းများ ပြုလုပ်သဖြင့် ဒေသခံ၂ ဦး သေဆုံးသွားကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက ချင်းပုန်းရွာသို့ ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ဒေသခံများအား ဖမ်းဆီးခြင်း၊ ရွာခံ ၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြန်ထွက်ခွာလာရာ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းတွင် ယင်းမာ ပင်မြို့ နယ်၊ သပြေအေးရွာကို ရဟတ်ယာဉ် ၂ စင်းဖြင့် ပစ်ခတ်ပြီး စီးနင်းဝင်ရောက်၍ နေအိမ်များအား မီးရှို့ ဖျက်ဆီး ခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံ တဦးက “ချင်းပုန်းရွာက ယူလာတဲ့ ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ တင်ပြီး သပြေအေးကို ရောက်တော့ အဲဒီနား တောင်သူလယ်သမားတွေ ဇီးသီး ကောက်တာနေတာမြင်ပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး ဆင်းလာတာ။ ပတ်ပတ်လည် ပစ်ပြီးမှ သက်သက်မဲ့ ရှို့တာ။ မနေ့ညက ၁ နာရီထိုးအထိ သူတို့ ရှို့နေတာ” ဟု ပြော သည်။
သပြေအေး ကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အိမ်အများစုမှာ မီးရှို့ခံရကာ မပြေးနိုင်ဘဲ ပိတ်မိနေသည့် သက်ကြီး ရွယ်အိုတဦး မီးလောင်သေဆုံးခဲ့ရသလို၊ လေကြောင်းပစ်ခတ်မှုကြောင့်လည်း ရွာသားတဦး ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိအချိန်ထိလည်း သပြေအေးရွာတွင် မီးလောင်ကျွမ်းလျက်ရှိပြီး စစ်ကောင်စီတပ်က တပ်စွဲထားသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ရွာခံ ၉ ဦး သတ်ဖြတ်ခံရသည့် ချင်းပုန်းရွာတွင်လည်း ဒေသခံ၂၀ ဝန်းကျင်မှာ အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးနေပြီး အဆိုပါ ရွာတွင် အိမ် ၅ လုံး၊ ကား ၅ စီးနှင့် ဆိုင်ကယ် ၆၀ ခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံ များထံက သိရသည်။
ယင်းမာပင်မြို့နယ် PDF တပ်ဖွဲ့ဝင် တဦးက “စစ်ကောင်စီဘက်က ပေးချင်တဲ့ သတင်းစကားက ပြည်သူလူထု ရင်ထဲ မှာ အကြောက်တရား ထည့်ပေးတာ။ သို့သော် သူတို့ (စစ်ကောင်စီ) ရွာတွေကို ဝင်တယ်၊ ရွာတွေကို ဖျက်ဆီးတယ်၊ မိန်းမပျိုတွေကို ရိသဲ့သဲ့ လုပ်တာတွေ၊ ကျေးရွာတွေမှာ ရှိတဲ့ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးလေ ပိုပြီး တော့ မခံချင်စိတ်နဲ့ သူတို့ကို တွန်းလှန်လေပဲ ဆိုတာ သူတို့ သတိ မထားမိတာပေါ့” ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက်က စစ်ကောင်စီတပ်သည် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ပြီး ချင်းပုန်းရွာကို စီးနင်းမှု၌ ကလေးငယ် ၁၀၀ ကျော် အပါအဝင် ဒေသခံ ၂၀၀ နီးပါးကိုလည်း ဓားစာခံအဖြစ် ၂ ရက်ကြာ ဖမ်းဆီးထားခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။
You may also like these stories :
ယင်းမာပင်၊ ချင်းပုန်းရွာသားများကို စစ်ကောင်စီ သတ်ဖြတ်
ဒီးမော့ဆိုရှိ စစ်ရှောင်များ နေထိုင်ရာ လိုဘာခိုရွာအား လေယာဉ်ဖြင့် ဗုံးကြဲ