စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင် ၃နှစ် ချထားသည့် သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် ပိုင်တံခွန် တို့ အား ယနေ့လွတ်ငြိမ်းခွင့်ပေးကာ ပြန်လွှတ်လိုက်သော်လည်း တခြားအနုပညာရှင်များဖြစ်သည့် အဆိုတော် စောဖိုးခွား၊ ပိုပို၊ မင်းသား ရဲတိုက်၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး တို့ ပါဝင်ခြင်း မရှိသေးကြောင်း သိရသည်။
ဧရာဝတီက ဥပဒေ အကြံပေး ဦးခင်မောင်မြင့်အား မေးမြန်းစုံစမ်းရာ “ရဲတိုက်က မူးယစ်ဆေးဝါးအမှု ၁၆ (ဂ) တမှု ကျန်နေ သေးတယ်။ အဲဒါတော့ တရားရင်ဆိုင်နေရဆဲပါ။ အဆိုတော် ပိုပိုကတော့ ဘာကြောင့် မလွတ်မြောက်လဲ ကျနော်မသိဘူး၊ ရဲတိုက်အနေနဲ့ အနည်းငယ်စိတ်ထိခိုက်တာ ရှိကောင်းရှိ နိုင်ပေမယ့် ဒါကို သူကျော်ဖြတ်နိုင်မှာပါ”ဟု ပြောသည်။
ရဲတိုက်၏ ကျန်းမာရေးသည်လည်း ကောင်းမွန်သည်ဟု သူက ပြောပြသည်။
ယနေ့ နေ့လယ်ပိုင်းတွင် သရုပ်ဆောင် ပိုင်တံခွန် အပါအဝင် လူမင်း၊ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်၊ ဒါရိုက်တာ ဝိုင်းတို့သည် ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ သိထားတာက အနုပညာရှင် ၅ ယောက် အိမ်ပြန်ရောက်ပြီ။ ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့က ပြစ်ဒဏ်ကျပြီး ဖြစ်တဲ့အတွက် လွတ်ငြိမ်းခွင့်နဲ့ လွတ်လာပြီ။ ဒါရိုက်တာ ဝိုင်းကတော့ အမှုရုတ်သိမ်းပြီး လွှတ်ပေးလိုက်ပြီ”ဟု ဧရာဝတီကို ပြောသည်။
ထို့အတူ အင်းစိန်ထောင်တွင်း ပုဒ်မ ၅၀၅-က နှင့် ပုဒ်မ ၁၇ (၁) တို့ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ကျခံနေရသည့် Beauty Blogger ဝင်းမင်းသန်းမှာ ပုဒ်မ ၅၀၅-ကဖြင့် ကျခံနေရသည့် ပြစ်ဒဏ်များအပေါ် လွတ်ငြိမ်းခွင့်ပြုခဲ့သော်လည်း ပုဒ်မ ၁၇(၁) အမှုကို ဆက်လက်ကျခံရမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းသန်း၏ မိတ်ဆွေတဦးက “မဝင်းမင်းသန်းကို ကျနော်တို့ မျှော်နေသေးတယ်။ အစက လွတ်တဲ့အထဲ ပါမယ်လို့ ပြော ခဲ့တာကိုး။ ဒါပေမယ့် ၁၇ (၁) အမှုနဲ့ ကျန်ခဲ့တယ်။ အခုက အများကြီး လွတ်လာပြီး အနည်းစုက ကျန်ခဲ့တယ် ဆိုတော့ အစ်မ အားတင်းထားမယ်လို့ ယုံကြည်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီမှ ယခုကဲ့သို့ အနုပညာရှင်များအား လွှတ်ပေးခြင်းသည် ၎င်းတို့အား အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီပိုင် မီဒီယာများမှတဆင့် ယနေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန် ကြေညာသွားသည်။
ယနေ့ လွတ်မြောက်လာသူများထဲတွင် သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ဒါရိုက်တာ ဝိုင်း စသည့် အနုပညာရှင်များအပြင် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာပြီး မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မလေးရှားနိုင်ငံသား တဦးကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီ အဓမ္မဖမ်းဆီး ထောင်ချခဲ့တဲ့ ကမ္ဘာ့ အချောဆုံး မော်ဒယ်
သက်သေခိုင်လုံမှုမရှိဘဲ ရဲတိုက်အား ထောင်ဒဏ် ချမှတ်ခဲ့ဟုဆို
ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်
အကျဉ်းစံ ငြိမ်းချမ်းရေး အဆိုတော် စောဖိုးခွား