ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ၂၆ ကြိမ်မြောက် မီးထပ်ရှို့ရာ၂ ရက်အတွင်း နေအိမ် ၁၀၀ ကျော် မီးလောင်ခဲ့ကြောင်း Thantlang Placement Affairs Committee က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နှင့်၂၇ ရက်နေ့က ထန်တလန်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က နေအိမ် များကို ထပ်မံ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထန်တလန်မြို့ရှိ ဘုရားကျောင်း ရပ်ကွက် ၄၂ အိမ်၊ ဇုန်မှုရပ်ကွက် ၂၄ အိမ်၊ ဈေးရပ်ကွက် ၂၂ အိမ်၊ ကျောင်းရပ်ကွက် ၈ အိမ် နှင့် TABC ရပ်ကွက် ၅ အိမ် တို့ဖြစ်ကြောင်း Thantlang Placement Affairs Committee က ကောက်ယူထား သည့် စာရင်းအရ သိရသည်။
အဆိုပါ ကော်မတီမှ အဖွဲ့ဝင် တဦးက “ချင်းလူထုတွေက ပိုက်ဆံ မစုထားဘဲ ပိုက်ဆံရှိရင် အိမ်ကို ဦးစားပေးတယ် ပေါ့နော်။ အခု ထန်တလန်မှာ စစ်ကောင်စီဘက်က လူထု Property ကို အလေးမထားဘဲနဲ့ ဒီလိုရှို့တာကတော့ အရမ်း ရက်စက်တဲ့ လုပ်ရပ် လူသားမဆန်တဲ့ လုပ်ရပ်ပေါ့” ဟု ပြောသည်။
ထန်တလန်မြို့ပေါ်ရှိ နေအိမ်နှင့် ဘာသာရေး အဆောက်အအုံပါ မကျန် စစ်ကောင်စီတပ်က မီးရှို့ခဲ့မှုတွင် မြို့ပေါ် အိမ်ခြေ စုစုပေါင်း ၂၇၀၀ ခန့် ရှိသည့်အနက်မှ ၁၀၀၀ ကျော်ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။
ထို့ပြင် မြို့ပေါ်တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလက စတင်ကာ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ရှောင် ၁၃၀၀၀ ကျော်သည် နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း Thantlang Placement Affairs Committee က ကောက်ယူထားသည့် စာရင်းအရ သိရသည်။
ယခုတကြိမ် မီးရှို့မှု မတိုင်မီ ၁ ပတ်ခန့်အလိုတွင် နေအိမ်များအတွင်းသို့ စစ်ကောင်စီ တပ်သားများ ဝင်ရောက်ရှာဖွေ ကာ ပစ္စည်းများအား ယူငင်ခြင်းကို အဝေးကြည့် မှန်ပြောင်းမှတဆင့် တွေ့မြင်ရကြောင်း ဒေသခံများက ဆိုကြသည်။
ဒေသခံ တဦးက “ဈေးရပ်ကွက်မှာ မီးမလောင်တဲ့ အိမ်လက်ကျန်တွေကို စစ်သား ၇ ယောက် ၈ ယောက်လောက်က ဖောက်ပြီးတော့ ပစ္စည်းတွေကို ယူနေတာ တွေ့ရတယ်။ အဲဒီလို ဖြစ်ပြီးတော့ နောက်တစ်ပတ်လောက် နေတော့ မီးကလောင်တာ။ သူတို့ (စစ်ကောင်စီ) က အရင်အတိုင်းပဲ ဖောက်ထွင်းပြီးမှ သူတို့ လိုချင်တာကိုယူ။ မြို့ထဲမှာ တိုက်ပွဲ ဖြစ်ဖြစ် မဖြစ်ဖြစ် လက်နက်ကြီးနဲ့ ပစ်ပြီးမှ မီးရှို့တာတို့၊ ဓာတ်ဆီနဲ့ လောင်ပြီးမှ သူတို့ကိုယ်တိုင် ရှို့တာတွေ မြင်နေရ တယ်” ဟု ပြောသည်။
မီးလောင်သည့်နေ့ ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၇ ရက်တွင် ထန်တလန်မြို့၌ အပြန်အလှန် ပစ်ခတ်မှု မရှိကြောင်းနှင့် မိုင်းပေါက်ကွဲသံဟု ယူဆရသည့် အသံထွက်ပေါ်လာပြီးနောက် ထန်တလန်မြို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ် ကြောင်း Chin- land Defense Force (CDF) က ပြောသည်။
CDF တပ်ဖွဲ့ဝင် တဦးက “အဲဒီရက်က တိုက်ပွဲ မဖြစ်ပါဘူး။ ဗုံးပေါက်ကွဲတဲ့ အသံကြားပြီးတဲ့ နောက်ပိုင်းမှာ မီးရှို့တာပေါ့ နော်။ တိုက်ပွဲဆိုတာထက် ထန်တလန်မြို့ရဲ့ အခြေအနေက စစ်ပွဲလိုမျိုး ဖြစ်နေတယ်။ စစ်မြေပြင်လိုမျိုး ဖြစ်ပြီဆိုတော့ CDF ဘက်ကလည်း အနီးအနားမှာ ရှိတာပေါ့။ စနိုက်ပါတို့နဲ့ တစ်ခါတလေ ပစ်ခတ်မှု ရှိတယ်” ဟု ပြောသည်။
အဆိုပါ ပေါက်ကွဲသံသည် စစ်ကောင်စီတပ်ဖွဲ့ဘက်က မိုင်းနင်းမိသည့် အသံဖြစ်နိုင်ပြီး ထို့နောက် နေအိမ်များကို မီး ထပ်ရှို့ခြင်း ဖြစ်ကြောင်း ဒေသခံများက ယူဆကြသည်။
ဒေသခံ တဦးက “ချင်းပြည်နယ်က ဖွံ့ဖြိုးမှုနည်းတဲ့ ပြည်နယ် ဖြစ်တဲ့ အခါကျတော့ အိမ် ၁ လုံးဆောက်ဖို့ ဆိုတာ ၁၀ နှစ် ၁၅ နှစ်လောက်ကို အချိန်ယူရတာကိုး။ ပြည်မမှာ သိန်း ၁၀၀ ကုန်တာဆိုရင် ချင်းတောင်မှာ ဆိုရင် သိန်း ၃၀၀ လောက်ကုန်တယ်။ ပြည်မဘက်ကနေ တဆင့် ကုန်ပစ္စည်းတွေ စုဆောင်းပြီးမှ အိမ်ဆောက်ရတဲ့ အနေအထားဆိုတော့ အိမ် ၁ လုံးဆောက်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူး” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “စစ်ကောင်စီက CDF နဲ့ တိုက်ပွဲဖြစ်လို့ သူတို့ အချင်းချင်း တိုက်ခိုက်တယ်ဆိုတာ စစ်သားတွေရဲ့ သဘော သဘာဝပေါ့။ ဒါပေမယ့် သူတို့က CDF တွေနဲ့ တိုက်ပွဲ ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ လူနေအိမ်တွေ ကို တမင်သက်သက် ဖျက်ဆီးတဲ့ အခါကျတော့ အကြမ်းဖက် အဖွဲ့တွေရဲ့ လုပ်ရပ်ပေါ့လေ။ ထန်တလန်မြို့က အိမ်မီး လောင်တဲ့ လူအများစုကတော့ ကျနော်တို့ နိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ ရရှိဖို့ အတွက် ပေးဆပ်ခြင်း တမျိုးမှာ ကိုယ် ပါဝင်တယ်လို့ပဲ အားတင်းထားတာပေါ့” ဟု ဆိုသည်။
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့နှင့် ၂၅ မိုင်ကွာဝေးသည့် ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင်ကာ ပြည်သူ့ ကာကွယ်ရေးတပ် (ထန်တလန်) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဘာသာ ရေး အဆောက်အအုံ၂၈ လုံး အပါအဝင် အဆောက်အုံ ၁၀၀၀ ကျော်ခန့် ကို မီးရှို့ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၇၀ ခန့်သည် ထန်တလန်မြို့ တောင်ဘက်ခြမ်းရှိ တပ်ကုန်းနှင့် ရဲစခန်း အစရှိသည့် နေရာ၂ ခုတွင် အထိုင်ချ တပ်စွဲထားကြောင်း သိရသည်။
You may also like these stories :
စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ
စစ်ကောင်စီအင်အားကို ခွဲဖို့ စစ်မျက်နှာများများ ဖွင့်နိုင်အောင် လုပ်ရပါမယ်
ဒီးမော့ဆိုရှိ စစ်ရှောင်များ နေထိုင်ရာ လိုဘာခိုရွာအား လေယာဉ်ဖြင့် ဗုံးကြဲ