တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက်တခု ဖြစ်သည့် ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်မှ ဝန်ထမ်းများ တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရ၍ ယင်းဂိတ်ကို ယနေ့ မနက် ၇ နာရီ အချိန်တွင် ယာယီပိတ်လိုက် ကြောင်း သိရသည်။
အဆိုပါ ဂိတ် တရုတ်ဘက်ခြမ်းရှိ အကောက်ခွန် ဝန်ထမ်းများ၊ ကျန်းမာရေး စစ်ဆေးသည့် ဝန်ထမ်းများနှင့် ရှန်တိန် (အစား ထိုး ယာဉ်မောင်း) များတွင် ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိမှုကြောင့် ယာဉ်အဝင်/ အထွက် ကုန်သွယ်မှုများကို ယာယီပိတ် ထားလိုက်ခြင်း ဖြစ်သည်။
မူဆယ်နယ်စပ် သစ်သီးဝလံ ကုန်သည်ကြီးတဦးက “သူတို့ဘက်မှ ပိုးတွေ့လို့ ဒီနေ့မနက်က ပိတ်လိုက်တာ။ အဲဒီလို ပိတ် လိုက်တော့ သစ်သီးတွေ တင်ပို့ဖို့ ပိတ်မိသွားတာ ၁၂ ဘီးကား အစီးရေ ၃၀၀ ကျော် ရှိတယ်။ ဒါက တရုတ်ဘက် သွားမယ့် ကားတွေပေါ့။ မြန်မာ ကုန်ကား အနေနဲ့ တန်းစီနေတာနဲ့ တွက်ရင်တော့ အစီးရေ ၇၀၀ ကျော်လောက် ရှိတယ်။ ကုန်စိမ်း တွေအပြင် ဆန်၊ ပဲ၊ ပြောင်း သီးနှံတွေလည်း ပါတယ်။ ဘယ်နှစ်ရက် ပိတ်မယ်လို့တော့ မပြောဘူး။ ဒါပေမယ့် ယာယီလို့ တော့ ပြောတယ်” ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
အဆိုပါ ကျင်စန်းကျော့ ဂိတ်ပေါက်ကို၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ်ဘက်မှ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ တွင် မည်သည့်ကာလအထိ ပိတ်ထားမည်ကိုမူ လတ်တလော ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးကြောင်း ကုန်သည်များ က ဆိုသည်။
တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဇူလှိုင်လ ၈ ရက်မှ စတင်ကာ တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ပိတ်ထားခြင်း ဖြစ်ပြီး ပြန်လည် ဖွင့်လှစ်သည့် နိုင်ဝင်ဘာလ တွင်လည်း ကွန်တိန်နာ စနစ် ပြောင်းလဲကုန်သွယ်ခြင်းအတွက် ကုန်ကျစရိတ်များ ယခင်ထက် များပြားသလို တင်ပို့ရာတွင် ကြန့်ကြာမှုများ ရှိခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ ရန်ကုန်သည်ကြီး တဦးက “ပဲတို့ သစ်သီးတို့ တင်ပို့နေတဲ့သူတွေကတော့ ဒုက္ခရောက်သွားတာပေါ့။ သစ်သီး ကားကတော့ ၂၀၀ ကျော်လောက်ရှိမယ် ထင်တယ်။ ပဲ၊ ပြောင်း၊ နှမ်း ကားတွေကလည်း ရာဂဏန်းလောက်ရှိတယ်။ များ တော့များမှာ။ စုစုပေါင်းဆိုရင် ကားအစီးရေ ထောင်ကဏန်းလောက် ပိတ်မိသွားနိုင်တယ်။ ဒါက ဒီဘက် မြန်မာဘက်က အထွက်တင်ပေါ့။ အခုကတော့ ကုန်သည်တွေရော တောင်သူတွေရော ဘာလုပ်ရမလဲ ဆိုတာ တော်တော်စဉ်းစားမရ ဖြစ်နေကြတယ်” ဟု ပြောပြသည်။
တရုတ်နိုင်ငံ၏ ယခင်က နယ်စပ်ကုန်သွယ်ရေး ပိတ်ခဲ့မှုများကလည်း ယာယီပိတ်ပါက အချိန်ကြာမြင့်သောကြောင့် ယခု ပိတ်လိုက်ခြင်းသည် ကုန်စိမ်းများဖြစ်သော ဖရဲ၊ သခွားမွှေး လုပ်ငန်းရှင်များအတွက် ဆုံးရှုံးနစ်နာမှုများ ရှိလာနိုင်ကြောင်း ၎င်းက သုံးသပ် ပြောသည်။
စစ်ကောင်စီ၏ ဘဏ္ဍာနှစ်တဝက် ၆ လဖြစ်သော ဖေဖော်ဝါရီလ ၁၈ ရက်အထိ နယ်စပ်ကုန်သွယ်ရေး အပါအဝင် ပြည်ပ ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅ ဘီလီယံအထိ ရှိခဲ့ပြီး ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၇၆၅ ဒသမ ၉ သန်းအထိ ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများ အရ သိရသည်။
NLD အစိုးရ လက်ထက်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ နီးပါးအထိ ရှိခဲ့ကြောင်း စာရင်းတွင် ဖော်ပြထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တောင်သူလယ်သမားများ အနေနှင့် ရင်းနှီးမြှုပ်နှံမှု၊ စက်၊ ကိရိယာနဲ့ နည်းပညာများအား မိမိတို့ရဲ့ အတွေ့အကြုံ၊ လုံ့လဝရီယနဲ့ ပေါင်းဆောင်ရွက်ပါက လူမှုစီးပွား တိုးတက် လာမည် ဖြစ်ရာ ဆင်းရဲလို့ လယ်လုပ်ဆိုတဲ့ စကားကို ပယ်ဖျက်နိုင်မှာ ဖြစ်တယ်” ဟု ယနေ့ မတ်လ ၂ ရက်တွင် ကျ ရောက်သော တောင်သူလယ်သမားနေ့တွင် ပြောဆိုထားသည်။
သို့သော်လည်း ယနေ့ တောင်သူလယ်သမားနေ့မှာပင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များ အဓိက တင်ပို့ရာဖြစ်သော တရုတ်နယ်စပ်ဂိတ်ပေါက် ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်မှ ယာယီပိတ်သိမ်းထားပြီး ယင်းနှင့် ပတ်သက်ပြီး စစ် ကောင်စီ အနေဖြင့် တစုံတရာ ဆွေးနွေး ညှိနှိုင်းခြင်းများ ပြုလုပ်ပေးခြင်းမျိုး မရှိသေးကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ် ကိုင်သူများက ပြောဆိုကြသည်။