အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ဟု လူသိများသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် (MNDAA) တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် တိုက်ပွဲ ထပ်ဖြစ်နေကြောင်း MNDAA ထံက သိရသည်။
မုံးကိုးမြို့နယ်ရှိ မန်ပင်တောင် အနောက်ဘက်တွင် မတ်လ၂ ရက် နံနက် ၉ နာရီ အချိန်ခန့်က အာဏာသိမ်း စစ်ကောင် စီတပ်နှင့် MNDAA တို့ကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း MNDAA ပြန်ကြားရေးဌာနမှ အရာရှိတဦးက ပြောသည်။
“မြန်မာ စံတော်ချိန် ၉ နာရီလောက်က စပြီး ထိုးစစ်ဆင်လာတယ်။ တပ်မ ၉၉ လက်အောက်ခံ ၄၂၀ တပ်ရင်းက လူ ၁၀၀ နီးပါးလောက်နဲ့ လာ ထိုးစစ်ဆင်တာ” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲသည် စစ်ကောင်စီဘက်က တပ်ဆုတ်သွားသဖြင့် နံနက် ၁၀ နာရီခွဲတွင် အပစ်ရပ်ခဲ့ကြောင်း MNDAA ပြန်ကြား ရေး ဌာနမှ အရာရှိတဦးက ရှင်းပြသည်။ တိုက်ပွဲအတွင်း MNDAA ဘက်က တစုံတရာ ထိခိုက်မှု မရှိခဲ့သလို စစ်ကောင် စီတပ်ဘက်က ထိခိုက်ကျဆုံးမှုကိုလည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။
မတ်လ ၁ ရက် နံနက် ၆ နာရီခွဲကလည်း တရုတ်- မြန်မာနယ်စပ်အနီး မုံးကိုးမြို့နယ်ရှိ မန်ကျယ်ဒေသ အနောက်ဘက် တောင်ကုန်းသို့ စစ်ကောင်စီတပ်က လူအင်အား ၁၀၀ ခန့်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သေးကြောင်း MNDAA ထံက သိရသည်။
ထိုသို့ တိုက်စစ် မဆင်မီ ဖေဖော်ဝါရီလ၂၈ ရက်တုန်းကမူ စစ်ကောင်စီတပ်သည် မုံးကိုးမြို့နယ်ရှိ မန်ရန်တပ်စခန်းသို့ လက်နက်ကြီးကျည် အချက်ရေ ၈၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MNDAA ဘက်က ဆိုသည်။
MNDAA ပြန်ကြားရေးဌာနမှ အရာရှိတဦးကလည်း စစ်ကောင်စီ တပ်များသည် ဖေဖော်ဝါရီလ ၂၄ ရက်မှ စတင်ကာ ကွတ်ခိုင်မြို့မှတဆင့် စစ်ယာဉ်တန်းများဖြင့် မုံးကိုးတွင် အင်အားဖြည့်တင်းလာပြီးနောက် MNDAA ဥက္ကဋ္ဌဟောင်း ဦးဖုန်ကြားရှင်၏ ဈာပန ကျင်းပရန် ရှိနေစဉ်တွင် တပ်စခန်းများကို တကျော့ပြန်ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်တို့ ဥက္ကဋ္ဌဟောင်းရဲ့ ဈာပနကို အခွင့်ကောင်းယူပြီး ကျနော်တို့ နောက်တန်းမှာ အလုပ်ရှုပ်နေတယ်။ အလစ်ဖြစ် နေတဲ့ အချိန်ကို သူတို့က အခွင့်ကောင်းယူပြီး ထိုးစစ်ဆင်တာလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ MNDAA ပြန်ကြားရေးဌာနမှ အရာရှိတဦးက လက်ရှိမြေပြင်တွင် MNDAA နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်ကလည်း အင်အား ဖြည့်တင်းနေသဖြင့် အချိန်မရွေး တိုက်ပွဲ ထပ်ဖြစ်နိုင်ချေရှိ နေကြောင်း မှတ်ချက်ပြုသည်။
You may also like these stories:
စစ်ကောင်စီအင်အားကို ခွဲဖို့ စစ်မျက်နှာများများ ဖွင့်နိုင်အောင် လုပ်ရပါမယ်
ဖုန်ကြားရှင် သို့မဟုတ် မြန်မာစစ်တပ်အတွက် မြင်းကောင်းတစီး ဖြစ်ခဲ့သူ