အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အင်အား နည်းပါးလာ၍ ဝန်ထမ်းအင်အား လိုအပ် ချက် ရှိလာသဖြင့် ရဲချုပ်ရုံး ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့ ၆ ခုကို ဖျက်သိမ်းရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ် နေသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် လက်အောက်ရှိ ရေကြောင်း ရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ရေနံမြေ လုံခြုံရေး ရဲတပ်ဖွဲ့၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့နှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ အစရှိသည်တို့ ကို ဖျက်သိမ်းရန် စီစဉ်နေသည်ဟု ရေကြောင်း ရဲတပ်ဖွဲ့ (CDM) ဒုရဲမှူး တဦးက ဧရာဝတီအား ပြောဆိုသည်။
အဆိုပါ ရဲတပ်ဖွဲ့ ၆ ခု ဖျက်သိမ်းနိုင်ရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့အကြီး အကဲများ အစည်းအဝေး၌ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး လက်မှတ်ထိုးပြီးလျှင် ဖျက်သိမ်းမှုအား စတင် အကောင်အထည် ဖော်သွားမည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရပ်သား အစိုးရ လက်ထက်က အစိုးရအဖွဲ့တွင် စစ်တပ်က ဝန်ကြီးဌာန ၃ ခုကိုသာ တိုက်ရိုက် ကိုင်တွယ်ခဲ့ရသဖြင့် အခြားဝန်ကြီးဌာနများတွင် ဝင်ရောက် စွက်ဖက်ခွင့် မရခဲ့ကြောင်း၊ ထို့အတွက် စစ်တပ်က လူအချို့ အရပ်ဘက် အုပ်ချုပ်ရေးတွင် ပြောင်းရွှေ့ နေရာပေးရန် ယခုဖျက်သိမ်းမည်ဆိုသော ရဲတပ်ဖွဲ့ ၆ ခုကို အမှန် တကယ်မလိုအပ်ဘဲ ဖွဲ့စည်းပုံ တိုးချဲ့ခဲ့ခြင်းဟု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ရန်ကုန်တိုင်း သတင်း ရဲတပ်ဖွဲ့မှ ရဲမှူးတဦးက ဧရာဝတီကို ပြောဆို သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲဦးစီးဌာန၊ ရဲရေးဌာန၊ ရဲထောက်ဌာန၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီး၊ ရဲလေ့ကျင့်ရေး ဌာနကြီး၊ ဓာတုဗေဒ စစ်ဆေးရေးဌာန၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ စည်ပင်သာယာ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ရေနံမြေ လုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ရဲလေ့ကျင့်ရေး ကျောင်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့ ဟူ၍ ဖွဲ့စည်း ထားသည်။
ထိုသို့ ဖွဲ့စည်းထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် အင်အား ၁ သိန်းခန့်ထိ ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်လာကြခြင်း၊ သက်ပြည့်ပင်စင် ရယူခြင်း၊ သေဆုံးခြင်းများကြောင့် အင်အားလျော့နည်းလာကြောင်း၊ ယခုဖျက်သိမ်း မည့် တပ်ဖွဲ့ များရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ဖျက်သိမ်းမည့် အစီအစဉ်ကို အတိအကျ မသိရသေးသော်လည်း စိတ်ဓာတ်ကျ ဆင်းနေရကာ ပြစ်တင်ဝေဖန် နေကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်း အတွင်းရှိ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ တခုမှ ရဲမှုးတဦးက “လက်ရှိအချိန် ထိတော့ ကျနော်တို့လည်း လိုင်းပေါ်တက်လာတဲ့ သတင်းလောက်ပဲ သိရသေးတယ်။ ဖျက်သိမ်းမယ်ဆိုရင် ကျနော်တို့ ခရီးသွား အဖွဲ့ က တပ်ဖွဲ့ဝင်တွေကို ဘယ်ကို ပို့မှာလဲဆိုတာလဲ ရှိသေးတယ်။ ခရီးသွား တပ်ဖွဲ့ဝင် အများစုက အခြားတပ်ဖွဲ့ဝင်တွေလို မဟုတ်ဘဲ အနည်းဆုံး ၁ဝ တန်း အောင်ပြီး ကမာ္ဘသုံးစကားကိုလည်း ကျွမ်းကျင်အောင် သင်တန်း ပေးထားတဲ့သူတွေ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အခုထိတော့ တရားဝင် စာထွက်လာတာမျိုးတော့ မရှိသေးဘူးဗျ” ဟု ပြောသည်။
မြန်မာနိင်ငံ ရဲတပ်ဖွဲ့တွင် မူလကတည်းက တပ်ဖွဲ့ဝင် အင်အားနည်းနေပြီး စစ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင် ၇၀၀၀ နီးပါး ရှိလာခြင်းများအပြင် စစ်ကောင်စီ တပ်သားများကို ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ဆင်စေပြီး လမ်းမ ပေါ်က ဆန္ဒပြလူထုကို အကြမ်းဖက် ဖြိုခွင်းစေခြင်းများကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပုံရိပ် ကျဆင်းခဲ့သဖြင့် ယခုအခါ လူ သစ် စုဆောင်းရာတွင် အခက်အခဲများ ရှိလာကာ အသုံးမဝင်ဘဲ ဖွဲ့စည်းထားခဲ့သော ရဲတပ်ဖွဲ့ ၆ ခုကို ပယ်ဖျက်ပြီး အခြား နေရာများ၌ အစားထိုး တာဝန်ပေးအပ်နိုင်ရန် စစ်ကောင်စီက ပြင်ဆင်လာခြင်းဟု CDM ရဲအရာရှိများက ပြောသည်။
လက်ရှိ တာဝန်ထမ်းဆောင်ဆဲ မြို့နယ် ရဲတပ်ဖွဲ့မှူး တဦးက “အမြန်လမ်းမှာ လုံခြုံရေးပိုင်းအရ တပ်ဖွဲ့ဝင်တွေကတော့ အား နည်းတယ်။ အားနည်းတယ် ဆိုပေမယ့်လည်း ရှိတဲ့အင်အားနဲ့ အရေးပေါ် အခြေအနေတွေကို သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးနေတယ်။ အဲဒီတော့ အမြန်လမ်း ရဲတပ်ဖွဲ့ကတော့ ဖျက်ဖို့ အဆင်မပြေနိုင်ဘူးဗျ။ အမြန်လမ်း ပေါ်က ရဲတပ်ဖွဲ့ မရှိရင် လုံခြုံရေးပိုင်းအရ လုံးဝကို အဆင်မပြေသေးတာ အမှန်ပဲ. အကယ်၍ ဖျက်ခဲ့ရင်လည်း ခရီးသွား ပြည်သူတွေပဲ ဒုက္ခရောက်ကြမှာ။ လမ်းမှာ ကားပျက်တာတို့ မတော်တဆမှု ဖြစ်တာ၊ အခြားသော အခက်အခဲတွေ ဖြစ်လာ ရင် အမြန်လမ်း ရဲတပ်ဖွဲ့က အများကြီး အကူအညီ ပေးနေရတာလေ” ဟု ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းယူပြီးနောက် ရဲတပ်ဖွဲ့၏ ပုံရိပ်ကို ဖျက်ဆီးခဲ့သလို လက်ရှိအချိန်တွင်လည်း ရဲလုပ်သက် (နှစ် ၃၀) ပြည့်ပြီးသူများကို လုပ်သက်ပြည့် ပင်စင်ယူလိုက ပေးရမည်ဖြစ်သော်လည်း ကျန်းမာရေး ချို့ယွင်းနေသူများကိုပါ ပင်စင် ခွင့်ပြုမှု ရပ်ဆိုင်းထားကြောင်း ရဲတပ်ဖွဲ့ မိသားစုဝင်များက ပြောပြသည်။
ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချူပ်မှူးကြီး သန်းရွှေ လက်ထက်ကတည်းက စစ်တပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် ခွဲခြား ဆက်ဆံခြင်းများရှိခဲ့ရာ မူလကတည်းက ရဲတပ်ဖွဲ့မှာ စတင် တာဝန်ထမ်းဆောင်ခဲ့သည့် အရပ်သား ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်မှ အသွင် ပြောင်းလာသည့် (မိုးကျရွှေကိုယ်) ရဲများအကြား အဆင်မပြေမှုများ ရှိခဲ့ကြောင်း၊ စစ်တပ်မှ အသွင် ပြောင်းလာ သည့် ရဲများသည် ရဲလုပ်ငန်း မကျွမ်းကျင်သော်လည်း အရပ်သား ရဲတပ်ဖွဲ့ဝင်များထက် ရာထူးတိုးမြန်ခြင်း၊ နေရာကောင်းများ လည်း ရရှိခဲ့ကြသည်ဟု ဆိုသည်။
ယခုအခါ စစ်ကောင်စီက သူတို့အား မထောက်ခံသည့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီး ထောင်ချခြင်းများလည်း ပြုလုပ်နေရာ မှုခင်း ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဇော်ဝင်း၊ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နွယ်ဦး အပါအဝင် ရဲအရာရှိများကို ဖမ်း ဆီးထားသည်။
ထိုသို့ ပြုလုပ်နေခြင်းမှာ Non CDM ရဲများအပေါ် စစ်ကောင်စီက ယုံကြည်မှု နည်းပါးလာခြင်းကြောင့် စစ်တပ် လက်အောက် ခံ စရဖများ အနေဖြင့် နယ်မြေသတင်းများနှင့် ဖမ်းဆီးရေး ဆောင်ရွက်ရာတွင်လည်း သတင်းချပြ ပေါင်းစပ်မှု နည်းပါးလာ ကာ အရပ်သား သတင်းပေးများ မွေးမြူကာ ရဲများအား ပြန်လည် စောင့်ကြည့်ခြင်းများ ပြုလုပ်နေသည်ဟု CDM ရဲတပ်ဖွဲ့ ဝင်များ ဖွဲ့စည်းထားသည့် Myanmar Police CDM Channel (MPCC) က သတိပေး ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီ နိုင်ငံခြားရေး ဘက်မလိုက်မူဝါဒကို ပစ်ပယ်
စစ်ကောင်စီအင်အားကို ခွဲဖို့ စစ်မျက်နှာများများ ဖွင့်နိုင်အောင် လုပ်ရပါမယ်