မန္တလေး ချမ်းမြသာစည်မြို့နယ် မဟာမုနိရုပ်ရှင်တော်မြတ် ပရဝုဏ်အတွင်းရှိ သာသနာ ၂၅၀၀ ဗိမာန်ကို ခန်းမအဖြစ် ငှါးရမ်းမည်ဟု မဟာမုနိ ဘုရားကြီး ဂေါပကအဖွဲ့မှ လူမှုကွန်ရက်တွင် ကြော်ငြာခဲ့ရာ အခကြေး ငွေယူကာ ဆောင်ရွက် ခြင်းမျိုး မလုပ်သင့်ကြောင်း ဝေဖန်ထောက်ပြမှုများ ထွက်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၂၈ရက်က မဟာမုနိဘုရားကြီး ပရဝုဏ် အနောက် ၄၅ တာ ၈၄ လမ်းပေါ်ရှိ သာသနာ ၂၅၀၀ ဗိမာန်ကို အလှူတော်မင်္ဂလာပဲ၊ မင်္ဂလာဧည်ခံပွဲနှင့် ကုမ္ပဏီပြပွဲ အမျိုးမျိုးနှင့် အခမ်းအနားပွဲအမျိုးမျိုး ပြုလုပ်ရန် ငှားရမ်း နိုင်ကြောင်းကို မဟာမုနိဂေါပက အဖွဲ့က Facebookတွင် ဓာတ်ပုံများဖြင့် ကြော်ငြာလိုက်ရာ သာသနာ့အဆောက်အဦ ကို စီးပွားရေးသဖွယ်မလုပ်ရန် ဂေါပကအဖွဲ့အား ရေးသားပြောဆိုမှုများ ရှိခဲ့သည်။
ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသက “သမိုင်းကြီးမားတဲ့နေရာ၊ သာသနာနဲ့ပတ်သက်တဲ့နေရာ ဖြစ်တဲ့အတွက် လူမှုရေးကိစ္စတွေကိုဆောင်ရွက်ဖို့ အခကြေးငွေယူပြီး ငှားရမ်းတယ်ဆိုတာ ဘယ်လိုမှ လက်သင့်ခံလို့ မရတဲ့ကိစ္စတခု ဖြစ်တယ်။ အခုကိစ္စအပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဆရာတော်ကြီးတွေက နှုတ်ပိတ်နေတာကလည်း မဖြစ်သင့် ဘူးလို့ မြင်တယ်။ ဒါကြောင့် သက်ဆိုင်ရာ ဆရာတော်ကြီးများ အနေနဲ့ အချိန်မီ တားမြစ်ပေးဖို့ လိုတယ်။ အခုလိုမျိုး တွေကိုသာ လက်ခံပေးနေမယ်ဆိုရင် ဦးဇင်းတို့ သာသနာအတွက် ရင်လေးစရာတွေ ဖြစ်လာလိမ့်မယ်” ဟု မိန့်ကြား သည်။
အဆိုပါ သာသနာ့ဗိမာန်သည် သာသနာနှစ် ၂၅၀၀ ပြည့်နှစ် အထိမ်းအမှတ်အဖြစ် ၁၉၅၇ ခုနှစ်တွင် မဟာမုနိဂေါပက အဖွဲ့က ဘုရားကြီးဘဏ္ဍာငွေဖြင့်တည်ဆောက်ခဲ့ကြခြင်း ဖြစ်ပြီး၊ သာသနာဘွဲ့နှင်းသဘင်များ၊ ရှင်ပြုနားသ ရဟန်းခံ အလှူများ၊ တရားပွဲများ၊ ဗုဒ္ဓစာပေဆိုင်ရာသင်တန်းများနှင့်ဘာသာရေးဆိုင်ရာ အခမ်းအနားများကိုသာ အဓိကထား ကျင်းပခဲ့ရာမှ ယခုအခါ မင်္ဂလာဧည်ခံပွဲများကို ထည့်သွင်းလက်ခံမည်ဟု ကြော်ငြာခဲ့ခြင်းဖြစ်သည်။
“သာသနာ၂၅၀၀ ဗိမာန်ကို အများသုံးအနေနဲ့ တည်ဆောက်ခဲ့တာ မှန်ပေမယ့် များသောအားဖြင့် သာသနာနဲ့ သက် ဆိုင်တဲ့ ပွဲလမ်းတွေပဲ လုပ်ခဲ့ကြတာ၊ နောက် ဘုရာဖူးဧည့်တွေလာရင် တည်းကြ၊ ခိုကြပေါ့၊ အခုလိုမျိုး မင်္ဂလာ ခန်းမ ကြီးလိုမျိုး အသုံးပြုခဲ့တာမျိုးတော့ မရှိဘူး” ဟု မန္တလေးမြို့ခံ စာရေးဆရာတဦးက ပြောသည်။

နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်လာပြီဖြစ်သော အဆိုပါ သာသနာ ၂၅၀၀ ဗိမာန်သည် ပျက်စီးယိုယွင်းမှုများ ရှိလာခြင်း ကြောင့် ၂၀၂၀ ခုနှစ်အတွင်း ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါခန်းမအဖြစ် အသုံးပြုရန် ငှားရမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ကြီးတံခွန်ဆရာတော် ဦးအဂ္ဂဝံသက “လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ခြုံငုံသုံးသပ်ပြီးပြောရမယ်ဆိုရင် စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့သူတွေက သူတို့ အကျိုးစီးပွားကိုပဲကြည့်ပြီး သာသနာနဲ့သက်ဆိုင်သည်ဖြစ်စေ၊ မသက် ဆိုင်သည်ဖြစ်စေ ငွေသာ ရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ဆိုသလို ဖြစ်နေတယ်။ ဆိုတော့ အခု ဘုရားကြီးဂေါပက အဖွဲ့ကလည်း စစ်အုပ်စုနဲ့ ပေါင်းပြီး အခုလို လုပ်တယ်လို့ပဲသုံးသပ်ချင်တယ်” ဟု မိန့်ကြားသည်။
ထိုသို့ သာသနာဗိမာန်ကို ငှားရမ်းရန်ကြံစည်နေမှုနှင့် ပတ်သက်၍ ဧရာဝတီက မဟာမုနိဂေါပကအဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ ဆဲဆိုဝေဖန်မှုများကြောင့် မဖြေကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးမြို့၏ အထင်ကရ ကျက်သရေဆောင် တန်ခိုးကြီးဘုရားဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂေါပက အဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က မြို့ခံစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးစိုးလင်း ဦးဆောင်သောအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်း တန်ခိုးကြီးဘုရားများ၏ ဂေါပကအဖွဲ့များအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း မဟာမုနိဘုရားကြီး ဂေါပက ဥက္ကဌ ဦးစိုးလင်းကမူ ဆက်လက်တာဝန်ယူဆောင်ရွက်နေဆဲ ဖြစ်သည်။
ဦးစိုးလင်း ဦးဆောင်သော မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ လက်ထက်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဘုရားဘဏ္ဍာငွေ အနေဖြင့် ကျပ်သိန်းပေါင်း ၁၂၀,၀၀၀ ကျော် ရှိကြောင်း NLD အစိုးရလက်ထက်က သတင်းစာရှင်းလင်းပွဲတခုတွင် ထုတ်ပြန်ပေးထားသည်။