သတင်း

အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နိုင်ငံရေးနှင့် မဆိုင်သည့် မြန်မာကိုယ်စားလှယ်ကိုသာ ဖိတ်မည်

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ ဦးဆောင်မှုအတိုင်း ယခုလအတွင်း အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မြို့တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ စစ်အာဏာသိမ်း မြန်မာမှ နိုင်ငံရေးနှင့် မသက်ဆိုင်သူကိုသာ ဖိတ်ကြားမည်ဖြစ်ကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန်ပြည်ထောင်စုနှင့် အာဆီယံ ခေါင်းဆောင်များ အထူးထိပ်သီးဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် လက်ခံကျင်းပရန် စီစဉ်ထားသည်။

“အဆင့်မြင့် အစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မသက်ဆိုင်သူကိုသာ ဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူတဦးက ပြောသည်။

“ကျနော်တို့ကလည်း အလားတူစွာပဲ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြုမှု မရှိသူတဦးကို ထိပ်သီးဆွေးနွေးပွဲကို ဖိတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက အဓိပ္ပာယ် ပြည့်ဝတဲ့ တိုးတက်မှုရှိအောင် မလုပ်ခဲ့တဲ့အပြင် သူတို့ကို တာဝန်ခံခိုင်းသင့်တယ်” ဟုလည်း ထိုအရာရှိက ပြောသည်။

မြန်မာ ကိုယ်စားလှယ်သည် မည်သူဖြစ်နိုင်သည်ကို မေးသောအခါ ထိုအရာရှိက ပြန်လည်ဖြေကြားခြင်း မရှိပေ။

လူရာပေါင်းများစွာ သေဆုံးပြီး လူပေါင်း ၃ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရာ နိုင်ငံခြားလုပ်ငန်းများ အလုံးအရင်းနှင့် ထွက်ခွာသွားစေသည့် ဗိုလ်ချုပ်များက စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ပဋိပက္ခ အဆုံးသတ်ရေးအတွက် အာဆီယံနှင့် သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကို လေးစား လိုက်နာရန် ပျက်ကွက်သောကြောင့် အာဆီယံက လွန်ခဲ့သောနှစ်မှ စတင်ပြီး မြန်မာစစ်ကောင်စီကို အဓိကကျသည့် အစည်းအဝေးများတွင် ပိတ်ပင်ထားခဲ့သည်။

ထိုအချိန်မှစတင်ပြီး အာဆီယံသည် အစည်းအဝေးများသို့ မြန်မာမှ နိုင်ငံရေး ကိုယ်စားပြုမှု မရှိသူများကိုသာ ဖိတ်ကြားခဲ့သော်လည်း စစ်ကောင်စီက ပယ်ချပြီး ၎င်းတို့သည် တရားဝင် အာဏာပိုင်များဖြစ်ကြောင်း ပြောသည်။

အာဆီယံသည် မြန်မာစစ်ကောင်စီကို အစိုးရအဖြစ် တရားဝင် အသိအမှတ်မပြုသေးသလို စစ်ကောင်စီသည် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ အပါအဝင် အခြားနိုင်ငံများ၏ ပစ်မှတ်ထား အရေးယူမှု ခံနေရသည်။

အိမ်ဖြူတော် ထိပ်သီးဆွေးနွေးပွဲသည် ကြီးထွားလာနေသော တရုတ် သြဇာအာဏာကို တွန်းလှန်ရန် အားထုတ်မှုအတွက် အရေးပါသည်ဟု အမေရိကန်ပြည်ထောင်စုက မြင်သည့် ဒေသတခုနှင့် ထိတွေ့ဆက်ဆံမှု အရှိန်အဟုန် မြှင့်တင်ခြင်းဖြစ်သည်။

အင်ဒိုပစိဖိတ်ဒေသနှင့် တရုတ်နိုင်ငံတို့ ယှဉ်ပြိုင်ခြင်းသည် အရေးပါသည့် နိုင်ငံခြားရေးမူဝါဒဖြစ်သည်ဟု သမ္မတ ဘိုင်ဒင်အစိုးရက ကြေညာထားသည်။ ယူကရိန်းတွင် ရုရှားကျူးကျော်မှု ဖြစ်ပွားနေသော်လည်း ထိုနိုင်ငံခြားရေး မူဝါဒကို အမေရိကန်အစိုးရက ဆက်လက် ထိန်းသိမ်းထားလိုသည်။

ကိုးကား။ ။ Reuters ၏ U.S. to invite ‘non-political’ Myanmar representative to summit with ASEAN

You may also like these stories:

မြန်မာအကျပ်အတည်းက အာဆီယံကို စိန်ခေါ်နေ

စစ်ကောင်စီ နိုင်ငံခြားရေး ဘက်မလိုက်မူဝါဒကို ပစ်ပယ်

စစ်ကောင်စီက တရုတ်အကာအကွယ်ဖြင့် ပြဿနာကို ပိုဆိုးစေသည်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့

Loading