သတင်း

ပူတာအိုတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာ

ကချင်ပြည်နယ် မြောက်ဘက်စွန်း ပူတာအိုမြို့နယ်ထဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် (KIA) ၏ တပ်မဟာ (၁) ဦးဆောင်သည့် တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

KIA ၏ သတင်းထုတ်ပြန်ချက်များကို အခြေခံ၍ ဧရာဝတီက ပြုစုထားသော အချက်အလက်များအရ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပူတာအိုမြို့နယ်တွင် တိုက်ပွဲ ၈ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။

ပူတာအိုတွင် နောက်ဆုံး ဖြစ်ပွားသည့် တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၂၃ ရက်က ဖြစ်ပွားခဲ့သော မူလာရှီးဒီး အရပ်မှ ဖတ် မာရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်အား KIA က မိုင်းခွဲ တိုက်ခိုက်သည့် တိုက်ပွဲ ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း ၂ ဖက် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ KIA ဘက်က ထုတ်ပြန်လေ့ မရှိသဖြင့် မသိရပေ။

ပူတာအိုမြို့နယ်အတွင်း တိုက်ပွဲ အဖြစ်များသည့် နေရာများမှာ ဆွန်ပီယန်ရွာ၊ လုံရှာယန်ရွာနှင့် Ntsi Yang ရွာဝန်းကျင် တဝိုက်တို့ ဖြစ်ကြောင်း KIA ၏ တိုက်ပွဲသတင်းများ ဖော်ပြနေသည့် The Kachin Net သတင်းစာမျက်နှာမှ သိရသည်။

အာဏာသိမ်း စစ်တပ်၏ ဆွမ်ပီယာမ် စခန်းအား ဖေဖော်ဝါရီလဆန်းပိုင်းက KIA နှင့် အတူ ပူးတွဲ တိုက်ခိုက်ခဲ့သည် (ဓာတ်ပုံ – Putao/PDF)

KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ဖေဖော်ဝါရီလအတွင်း ပူတာအိုမြို့နယ် ဝန်းကျင်တွင် အာဏာ သိမ်း စစ်ကောင်စီတပ်များနှင့် KIA ကြား မြေပြင်တိုက်ပွဲများ ဖြစ်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှုများလည်းရှိကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ပူတာအို၊ ဆွန်ပီယန် ရှင်ဂပ်ဘွန်ဘက်မှာတော့ ရွာတွေမှာ ဗုံးလာကြဲတာပေါ့။ အဲဒီမှာကတော့ ပြည်သူလူထု ထိခိုက် တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာကတော့ ရွာဘက်ကို ဗုံးကြဲတာ မရှိပါဘူး။ တိုက်ပွဲဖြစ်တဲ့ နေရာမှာတော့ ရှိပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလအတွင်း ပူတာအိုမြို့နယ်၌ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင်လည်း လေကြောင်း တိုက်ခိုက်မှုအချို့ ပြုလုပ် ခဲ့ကြောင်း ရှင်းပြသည်။

တိုက်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ၎င်းက “ပူတာအိုဘက်မှာ ရှင်ဂပ်ဘွန် ဆိုတဲ့နေရာက ကျနော်တို့ KIA ရဲ့ တပ်စခန်း ဖြစ်ပါတယ်။ ၂၀၁၈ မှာ စစ်ကောင်စီဘက်က ဝင်စီးပြီးတော့ သူတို့ ထိုင်နေတဲ့ စခန်း ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ကျနော်တို့ လှုပ်ရှားလို့ တိုက်ပွဲ ဖြစ်တာလည်းရှိပါတယ်။ နောက်တခုရှိတာ ကတော့ စစ်ကောင်စီဘက်က တပ်လှုပ်ရှားလာလို့ ရင်ဆိုင် တိုက်ပွဲတွေ ခဏခဏ ဖြစ်တဲ့ အနေအထား ဖြစ်ပါတယ်” ဟု ဆိုသည်။

KIA သည် မြေပြင်စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ရာတွင် အာဏာသိမ်းမှု ဆန့်ကျင်သည့် လူငယ်များအား လေ့ကျင့်ကာ ဖွဲ့စည်းပေးထားသည့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် အတူ ပူးတွဲ စစ်ရေးလှုပ်ရှားလေ့ ရှိသည်။

KPDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း ပူတာအိုဘက်တွင် တိုက်ပွဲအဖြစ်များရခြင်းသည် စစ်ကောင်စီ တပ်ဘက်က နယ်မြေ ကျော်လွန် စစ်ရေးလှုပ်ရှားလာခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။

၎င်းက “တိုက်ပွဲကတော့ သူတို့က ကျူးကျော်နယ်ချဲ့လာတာကိုး။ ကျူးကျော် နယ်ချဲ့လို့ တိုက်ပွဲဖြစ်တာ ရှိတယ်။ တခါတလေ ကျတော့လည်း မဟာဗျူဟာအရ တိုက်ပွဲဖြစ်တာ ရှိတယ်။ အကြောင်းအရင်းကတော့ တိတိကျကျတော့ ပြောရခက် တယ်။ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားရင် ဖြတ်တိုက်တာတွေကတော့ ရှိနေမှာပဲ” ဟု ဆိုသည်။

KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း လူမျိုးကြီးဝါဒ၊ အာဏာရှင် ဝါဒနှင့် စနစ်များအား အမှန်တကယ် အမြစ်ပြတ် ချေမှုန်းနိုင်ပါက မျှော်လင့်ကြိုးစားနေသည့် နိုင်ငံရေးမျှော်မှန်းချက် ရောက်ရှိနိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံသား အားလုံး ကျရာအခန်းကဏ္ဍတွင် အားသွန်ခွန်စိုက် ကြိုးပမ်းကြရန် ၎င်း၏ ဇန်နဝါရီလက နှစ်သစ်ကူး မိန့်ခွန်း၌ တိုက်တွန်းခဲ့သည်။

၎င်းက ထိုသို့ ပြောကြားပြီးနောက် ပူတာအိုမြို့နယ် အပါအဝင် ကချင်ပြည်နယ် မြို့နယ်အချို့၌ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာသည်ဖြစ်ရာ KIA က စစ်ကောင်စီတပ်ကို တိုက်စစ်ဖွင့်လာပြီလောဟု ယူဆဖွယ်ရာ ဖြစ်နေသည်။

ပူတာအိုမြို့နယ်သည် မူလက စစ်ကောင်စီတပ် လှုပ်ရှားမှုအားကောင်းသည့် နေရာဖြစ်ပြီး စစ်တပ်ကို ထောက်ခံသည့် ဦးတန်ဂူးတန် ဦးဆောင်သော ရဝမ် ပြည်သူ့စစ်များ အခြေစိုက်သည့် ဒေသလည်း ဖြစ်သည်။

အာဏာသိမ်း စစ်တပ်၏ ဆွမ်ပီယာမ် စခန်းအား ဖေဖော်ဝါရီလဆန်းပိုင်းက KIA နှင့် အတူ ပူးတွဲ တိုက်ခိုက်ခဲ့သည် (ဓာတ်ပုံ – Putao/PDF)

နိုင်ငံရေး လေ့လာသူ အချို့ကမူ မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းမှုကို လက် မခံသည့် ပူတာအိုနယ်ခံ ရဝမ်လူငယ်အများစုက KIA ထံ ပူးပေါင်း ဝင်ရောက်သွားပြီးနောက် KIA ဘက်က ပူတာ အိုတွင် ခြေကုပ်ပြန်ရရန် ကြိုးပမ်းလာခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

ထို့ကြောင့် ပူတာအိုတွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ပူတာအို PDF က အာဏာရှင်ကို ဖြုတ်ချရန် အဆင်သင့်ရှိကြောင်း ၎င်းတို့ လူမှုကွန်ရက်တွင် ကြေညာခဲ့ပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပူတာအိုမြို့ ခရီးစဉ်ကို ဖျက်သိမ်းပစ်ခဲ့ရသည်။

လက်ရှိတွင် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပူတာအိုမြို့နယ်ထဲ၌ ဒေသခံ အရပ်သား ပြည်သူ ရာဂဏန်းခန့်သည် ဘေးလွတ်ရာ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း KIA ထံက သိရသည်။

KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အခက်အခဲတွေကတော့ ရှိတာပေါ့။ ရှိတယ်ဆိုတာက ခုနက ပြောတဲ့ တောမှာတောင်မှာ ပုန်းပြီး တိမ်းရှောင်နေတဲ့ ပြည်သူလူထုတွေလည်း သူတို့ ဒီတိုင်းပဲ နေကြတာပဲ။ အကူ အညီတွေလည်း သူတို့ဆီ သိပ်မရောက်လာဘူး။ မြစ်ကြီးနားဘက် ရောက်တဲ့ စစ်ရှောင်တွေလည်း ဆွေမျိုးတွေအိမ်မှာ တည်းခိုနေကြတာပဲ။ စစ်ရှောင်စခန်းဖွင့်နေတာတော့ မဟုတ်ဘူး။ စစ်ရှောင်တွေရဲ့ စားရေး၊ သောက်ရေး၊ နေစရာ ကတော့ အခက်အခဲ ရှိပါတယ်” ဟု ဆိုသည်။

လတ်တလော ပူတာအိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု တစုံတရာ မကြားရသေးသော်လည်း စစ်ကောင်စီ တပ်ဘက်က အင်အားဖြည့်တင်းမှုများ ရှိနေပြီး စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လာနိုင်ခြေရှိနေသဖြင့် တိုက်ပွဲဖြစ်နိုင်ချေ မြင့်တက် နေကြောင်း KIA ထံက သိရသည်။

You may also like these stories:

ပူတာအိုက စစ်ကောင်စီ တပ်စခန်း KIA နှင့် PDF ပူးပေါင်း သိမ်းပိုက်

စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန် တားမြစ်မှု ကျယ်ပြန့်လာ

စစ်ကောင်စီတပ်နှင့် MNDAA မုံးကိုးတွင် တိုက်ပွဲ ထပ်ဖြစ်

Loading