နယ်သာလန်န်ိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာ၏ တရားစွဲ ဆိုမှုကို သွား၍ ဖြေရှင်းသည့် စစ်ကောင်စီကိုယ်စားလှယ်များကို ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထောက်ခံမှုများ ပြုလုပ် နေရာ ရခိုင်ပြည်ရှိ ပါတီဝင်များကလည်း ဗီနိုင်းဆိုင်းဘုတ်များ ချိတ်ကာ ကြိုဆိုထောက်ခံ ဂုဏ်ပြုခဲ့သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြောက်ဦး၊ သံတွဲ၊ ရမ်းဗြဲ စသည့်မြို့နယ်များရှိ ကြံ့ခိုင်ရေးပါတီရုံး၌ ICJ တရားရုံးသို့ အမှုသွား ရောက် ရင်ဆိုင်သော စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ရှေ့နေချုပ် ဒေါက်တာ သီတာဦး တို့ကို အပြည့်အဝ ထောက်ခံကြောင်း စာသားများ ပါသည့် ဗီနိုင်း ဆိုင်းဘုတ်များ စိုက်ထူ ဂုဏ်ပြုထားကြသည်ကို ယခု ရက်ပိုင်းအတွင်း တွေ့မြင်ရကြောင်း မြို့ခံ များက ပြောသည်။
ကျောက်ဖြူမြို့ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက “ကျောက်ဖြူက ပြည်ခိုင်ဖြိုးရုံးမှာတော့ အဲဒီလိုမျိုး ဗီနိုင်းတွေ ရုံးရှေ့မှာ စိုက်ထူပြီး ဂုဏ်ပြုတာကို တွေ့တယ်။ အဲဒီ ပြည်ခိုင်ဖြိုးရုံးက မြို့နယ်ထွေအုပ်ရုံးနဲ့ စစ်တပ်တို့နဲ့ နီးတယ်။ မြို့ခံတွေကလည်း အဲဒါကို မြင်တဲ့ လူတွေကလည်း မြင်တယ်။ အများစုကတော့ သိပ်ပြီးတော့ သတိမထားမိကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် ကြံ့ခိုင်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမာခင်က အဆိုပါ မြို့ နယ်များရှိ ကြံ့ခိုင်ရေးပါတီရုံးများတွင် ICJ တရားရုံးသို့ သွားရောက်ဖြေရှင်းသည့် ကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြု ဆိုင်းဘုတ် စိုက်ထူခြင်းမှာ မှန်ကန်ကြောင်း ပြော ဆိုသည်။
ဒေါ်အေးမာခင်က “ထောက်ခံဂုဏ်ပြုတဲ့ အကြောင်းအရင်းကတော့ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး တရားမျှတမှုအတွက် ဆောင်ရွက်နေတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတယ် ဆိုတဲ့ ရည်ရွယ်ချက် တခုတည်းနဲ့ လုပ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဗီနိုင်း ဆိုင်းဘုတ်များတွင် ICJ သည် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှုကို စီရင်ဆုံးဖြတ် ပိုင်ခွင့်မရှိကြောင်း နေရပ်စွန့်ခွာ သူများ၏ သမိုင်းကြောင်းအမှန်နှင့် ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာက ကြားသိနိုင်ခဲ့သော လျှောက်လဲချက်များဖြင့် တရားမျှတမှုအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံ ချစ်သူအားလုံးက အပြည့်အဝ ထောက်ခံကြောင်း ရေးသားထားသည်ကိုလည်း တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များကို လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲ ဆိုထားချက်နှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံ၊ The Hague ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဖေဖော်ဝါရီလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ အမှုအား ကြားနာခဲ့သည်။ ထိုသို့ ICJ တရားရုံးသို့ သွားရောက်သည့် စစ်ကောင်စီ ခန့် ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၂ ရက်တွင် ရန်ကုန်သို့ ပြန်ရောက်လာခဲ့ကြသည်။
ရန်ကုန်မြို့နေ မွတ်စလင် ဘာသာပြန် စာရေးဆရာ ဦးအောင်ခင် (စစ်တွေ) က “ICJ တရားရုံးမှာ လျှောက်လဲချက် ပေးတာ ပဲ ရှိတယ်။ ဆုံးဖြတ်ချက် ချသေးတာမှ မဟုတ်တာ။ အဲဒီလို အခြေအနေမျိုးမှာ ရခိုင်ပြည်က ကြံ့ခိုင်ရေးပါတီဝင်တွေ ဂုဏ်ပြု လည်း ဘာမှ ခရီး မရောက်ဘူး။ ပင်လယ်ပြင်မှာ ခဲတလုံး ပစ်တာလောက်ပဲ ရှိတယ်။ ကြံ့ခိုင်ရေး ပါတီဝင်တွေ ဆိုတာ ဒီအချိန်မှာ လူလုံးတောင် ထွက်ပြလို့ရတဲ့ အနေအထား မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ ကြံ့ခိုင်ရေးပါတီဝင်များ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့အား ထောက်ခံ ဂုဏ်ပြုခြင်းမှာ ရခိုင်ပြည်နယ်ကို ကိုယ် စားမပြုကြောင်း ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးစင်တာမှ ကိုထွန်းကြည်က သုံးသပ် ပြောဆိုသည်။
၎င်းက “ဂုဏ်ပြုပွဲတွေ လုပ်တာကတော့ NLD လက်ထက်တုန်းကလည်း လုပ်တာကို တွေ့တယ်။ စစ်ကောင်စီ လက်ထက် တုန်းကလည်း စစ်ကောင်စီ ကျောထောက်နောက်ခံပါတီက လုပ်တယ်ပေါ့။ ဒါပေမယ့် အမှန်တရားကတော့ ပျောက်ကွယ် သွားလို့ မရဘူး။ တချိန်မှာ ဒီလိုမျိုး သတ်ဖြတ်မှုတွေက ကိုယ့်တို့လည်း ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ အခု ဂုဏ်ပြုပွဲက ရခိုင်ကိုယ်စားပြုတယ်လို့တော့ မမြင်ဘူး။ ပါတီစွဲနိုင်ငံရေးသမားတွေ လုပ်တဲ့ ဂုဏ်ပြုပွဲတခုသာ ဖြစ်တယ်။ အဲဒီအထဲမှာ တခုကရှိတာက ရခိုင်ပါတီ ခေါင်းဆောင်တချို့ရဲ့ လူမှု ကွန်ရက်ပေါ်မှာ ထောက်ခံမှုတွေကို သူတို့ရဲ့ FB ပေါ်မှာ မြင်ရတာ အလွန်စိတ်ပျက်စရာ ကောင်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ICJ ၌ နှစ်ဖက် အမှုကြားနာရာတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုမှာ တရားစွဲဆိုခွင့် မရှိသလို ICJ တရားရုံး အနေဖြင့်လည်း စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း စစ်ကောင်စီ ကိုယ်စားလှယ်များ က လျှောက်လဲ တင်ပြခဲ့ကြောင်း သိရသည်။
ICJ သွားရောက်သည့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ၎င်းတို့ ပြန်ရောက်လာသည့် မတ်လ ၂ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌လည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်၊ မဘသ အသွင်ပြောင်း မျိုး ချစ်များ၊ ကြံ့ခိုင်ရေး ပါတီဝင်များက လာရောက် ကြို ဆိုကြကြောင်း သိရသည်။
You may also like these stories:
ICJ တွင် စစ်ကောင်စီကို ခုခံခွင့်ပေးခြင်းက အစဉ်အလာဆိုးကို ဖြစ်စေနိုင်
ဒေါ်အောင်ဆန်းစုကြည်၊ ICJ နှင့် တပ်မတော်