မြန်မာစစ်ကောင်စီသည် လုံခြုံရေး စိုးရိမ်သောကြောင့် ၎င်း၏ အဓိက ဝင်ငွေရင်းမြစ်များအနက် တခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အတွက် ရုံးချုပ်သစ်ကို မြို့တော်နေပြည်တော်တွင် တည်ဆောက်နေကြောင်း ထိုကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
ဦးပိုင်သည် မြန်မာစစ်ကောင်စီ၏ အဓိကလုပ်ငန်း ၂ ခုအနက် တခုဖြစ်ပြီး အခြားတခုမှာ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ဖြစ်သည်။ ထိုလုပ်ငန်း ၂ ခုလုံးသည် ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ကြေးနီနှင့်ကျောက်မျက်တူးဖေါ်ခြင်း အပါအဝင် နိုင်ငံ၏ အကျိုးအမြတ်များသော လုပ်ငန်းများအားလုံးနီးပါးတွင် ပါဝင်ပတ်သက်နေသော လုပ်ငန်းစုကြီးများဖြစ်သည်။
ထိုလုပ်ငန်းများက ရရှိနေသည့် ဒေါ်လာဘီလီယံပေါင်းများစွာသော ဝင်ငွေများသည် တရားဝင် အစိုးရလမ်းကြောင်းများကို ဖြတ်သန်းခြင်းမရှိသလို ထိုငွေများ စာရင်းပျောက်နေကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အဆိုအရ သိရသည်။ ဦးပိုင်မှ ဝင်ငွေများသည် စစ်ကောင်စီ၏ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေများကို ချိုးဖေါက်သည့် စစ်ဆင်ရေးများကို ငွေကြေးပံ့ပိုးနေကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးချိန်မှ စတင်ပြီး စစ်ကောင်စီသည် နိုင်ငံတွင် စစ်အုပ်ချုပ်ရေးဆန့်ကျင်သည့်သူ ၁၅၀၀ ကျော်ကို သတ်ဖြတ်ထားသည်။
ဦးပိုင်သည် မြဝတီဘဏ်ကို ပိုင်ဆိုင်ပြီး မြန်မာစစ်တပ်အငြိမ်းစားလစာရန်ပုံငွေကို စီမံသည်။ လတ်တလောတွင် ၎င်း၏ ရုံးချုပ်သည် ရန်ကုန်တိုင်း ဗိုလ်တထောင်တွင် ရှိသည်။
နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ်မှ မန္တလေးလမ်းတွင် အထပ် ၁၀ ထပ်ရှိသည့် ဦးပိုင်ရုံးချုပ် တည်ဆောက်နေကြောင်းကို အငြိမ်းစားဗိုလ်မှူးတဦးအပါအဝင် အနည်းဆုံး သတင်းရင်းမြစ်နှစ်ခုက အတည်ပြုပြောကြားသည်။ ထိုရုံးချုပ်သည် နေပြည်တော်တွင် အစည်ကားဆုံးနေရာတခုဖြစ်သည့် အိုးရှင်းဆူပါစင်တာအနီး ကမ္ဘောဇဘဏ်၏ နေပြည်တော်ဌာနချုပ် အနောက်နားတွင် တည်ရှိသည်။
တည်ဆောက်ရေးလုပ်ငန်းများကို ဇန်နဝါရီလတွင် စတင်ပြီး အုတ်မြစ်ချထားပြီးဖြစ်ကြောင်း ထိုရပ်ကွက်မှ ဒေသခံများကလည်း ပြောသည်။
“ကျနော်သိသလောက်တော့ နေပြည်တော်ကို သူတို့အတွက် လုံခြုံတဲ့နေရာလို့ သတ်မှတ်လို့ ဦးပိုင်ရုံးချုပ်ကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး ရွှေ့ပြောင်းလိုကြတယ်” ဟု အထက်ပါ အငြိမ်းစား ဗိုလ်မှူးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီသည် ရန်ကုန်တွင် ၎င်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို စိုးရိမ်နေသည်။ အထူးသဖြင့် လွန်ခဲ့သောနှစ် ဧပြီလက ၎င်းတို့၏ ဆူပါမားကတ်နှင့် လက်ကားအရောင်းစင်တာတို့ သံသယဖြစ်ဖွယ် တပြိုင်နက် မီးလောင်ပြီးနောက် စိုးရိမ်လာခြင်းဖြစ်ကြောင်း သူ ရှင်းပြသည်။ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်များက မြို့အတွင်းရှိ အစိုးရရုံး အများအပြားကို တိုက်ခိုက်သည်မှာ မှန်သော်လည်း လက်ရှိအချိန်အထိ ဦးပိုင်နှင့် MEC ရုံးချုပ်များကို တိုက်ခိုက်ခြင်း မရှိသေးပေ။
စစ်တပ်သည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ဦးပိုင်ကို ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအဖြစ် ၁၉၉၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်း၏ စီးပွားရေးလုပ်ငန်းများတွင် ကျောက်မျက် တူးဖေါ်ခြင်း၊ ဘဏ်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပါဝင်သည်။
MEC ကို ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့နှင့် ကုန်ထုတ်လုပ်ခြင်း အပါအဝင် ကုန်ကြမ်းထုတ်လုပ်ရေးကို ပိုမိုအာရုံစိုက်သည်။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ စစ်တပ်အတွက် သဘာ၀ သယံဇာတများနှင့် စက်ရုံထုတ်ကုန်များ ထုတ်လုပ်ရန်ဖြစ်သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာက ဆိုသည်။ ထိုနှစ်တွင်ပင် ၎င်းတို့သည် အင်းဝဘဏ်ကိုလည်း ဖွင့်လှစ်ခဲ့သည်။
စစ်ကောင်စီက MEC ကိုပါ နေပြည်တော်သို့ ရွှေ့ပြောင်းရန် အကြံအစည် ရှိ မရှိ မသိရပေ။
အစဉ်အလာအားဖြင့် ဦးပိုင်ဥက္ကဋ္ဌ ရာထူးကို စစ်ရေးချုပ်က တာဝန်ယူလေ့ရှိသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးသည် ၂၀၁၅ ခုနှစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တာဝန်မယူစဉ်က ဦးပိုင်၏ အကြီးအကဲဖြစ်သည်။ လက်ရှိ ဦးပိုင် ဥက္ကဋ္ဌမှာ လက်ရှိစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း ဖြစ်သည်။
ဦးပိုင် နှင့် MEC တို့သည် ဂျပန် အဖျော်ယမကာ လုပ်ငန်း ကီရင်၊ တောင်ကိုရီးယား စတီးလုပ်ငန်း POSCO နှင့် အိန္ဒိယမှ Adani စသည့် ပြည်ပလုပ်ငန်းအများအပြားနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်နေသည်။ Adani သည် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြစ်သည်။
သို့သော် ကီရင်သည် လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားပေးခံရပြီးနောက် မြန်မာမှ လုပ်ငန်းများ ဆုတ်ခွာရန် လွန်ခဲ့သောလက ကြေညာခဲ့သည်။ Adani ကလည်း ယခုနှစ်ဇွန်လတွင် မြန်မာမှ ထွက်ခွာမည်ဖြစ်ကြောင်း အောက်တိုဘာလကကြေညာသည်။
POSCO ကမူ ၎င်း၏ ပြည်တွင်းစီးပွားဖက်၏ ရှယ်ယာများကို ဝယ်ယူပြီး လုပ်ငန်းကို တဦးတည်းလုပ်ရန် သို့မဟုတ် ဦးပိုင်နှင့်အဆက်ဖြတ်ရန် အခြားနည်းလမ်းများကို ရှာဖွေနေကြောင်း လွန်ခဲ့သော ဧပြီလက ကြေညာသည်။
You may also like these stories:
ရှရှားကျူးကျော်စစ် ဂယက် မြန်မာတွင် စက်သုံးဆီ ဈေးမြင့်တက်
စက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံခရီးစဉ်အတွင်း စီမံကိန်းတချို့ လက်သိပ်ထိုးပေးခဲ့
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
ဂျပန်ကီရင်ဘီယာ မြန်မာနိုင်ငံမှ ထွက်ခွာမည်