သတင်း

ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ် တိုက်ရိုက် ငွေပေးချေမှု စစ်ကောင်စီ ခွင့်ပြု

ထိုင်း- မြန်မာ ကုန်သွယ်ရေး၌ ကျပ်နှင့် ဘတ်ငွေ တိုက်ရိုက် ငွေပေးချေပေးခြင်းကို မတ်လ ၃ ရက်မှ စတင်၍ ခွင့်ပြု လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

ယခုလို ခွင့်ပြုလိုက်ခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အောက်တိုဘာ လအတွင်း၌ ထိုင်း- မြန်မာ နယ်စပ် ကုန်သွယ်ရေး၌ ကျပ်နှင့် ဘတ် တိုက်ရိုက် ငွေပေးချေနိုင်ရန် နှစ်နိုင်ငံ ဗဟိုဘဏ်များ ကြား နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးထားခဲ့ခြင်းကို စစ်ကောင်စီ လက်ထက်တွင် ဆက်လက် အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။

ထိုသို့ ခွင့်ပြုပေးလိုက်ခြင်းကြောင့် နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာ ကုန်သည်များဘက်က ထိုင်းဘတ်ငွေကို တရားမဝင် လုပ်ဆောင်ရမှုများမှ တရားဝင် လမ်းကြောင်းပေါ်သို့ ပြောင်းလဲသွားပြီး နယ်စပ် ကုန်သွယ်ရေး ငွေပေးချေမှုများအတွက် ပိုမို ကောင်းမွန်လာနိုင်ကြောင်း ထိုင်းနိုင်ငံသို့ အဓိက ပြောင်းတင်ပို့နေသည့် ပြောင်းကုန်သည်များ အသင်း၏ ဥက္ကဋ္ဌ ဦးမင်းခိုင် က ဧရာဝတီသို့ ပြောသည်။

၎င်းက “အခုကတော့ အရင်ကလို ထိုင်းဘတ်နဲ့ မြန်မာ ငွေကြားက ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာကို ကြားခံစရာ မလို တော့ဘဲ တိုက်ရိုက် ငွေပေးချေလို့ ရလာမယ်။ ဒါပေမယ့် ပြဿနာက ဘာရှိလာနိုင်လည်းဆိုရင် အရင်ကတော့ ကုန်သည် တွေ အချင်းချင်းက ငွေလဲလှယ်နှုန်းကို အပြင်ပေါက်ဈေးနဲ့ပဲ လုပ်ကြတာပေါ့။ အခုက ဘဏ်တွေနဲ့ လုပ်ကြမယ်ဆိုရင် လဲ လှယ်နှုန်းက အပြင်ပေါက်ဈေးနဲ့ သိပ်ကွာနေတာတို့၊ ဘဏ်လုပ်ငန်းစဉ်တွေက အရမ်းကြာနေမယ်ဆိုရင် အခက်အခဲတွေ ရှိတယ်” ဟု ပြောဆိုသည်။

ထို့ပြင် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည် ကုန်သွယ်မှု ပမာဏာများသည့်အတွက် ထိုစနစ်ကို ဝန်ဆောင်မှုပေးမည့် ဘဏ်များ၏ လုပ်ထုံးလုပ်နည်းများ သွက်လက်မြန်ဆန်ရန် လိုအပ်သလို ပြည်တွင်း ဘဏ်တခုတည်းတွင် အသုံးပြု၍ ရနိုင်ခြင်းထက် အနည်းဆုံး ပြည်တွင်းဘဏ် ၂ ခု ၃ ခုတွင် ထိုငွေ ပေးချေမှုဝန်ဆောင်မှုကို အသုံးပြုနိုင်ပါက ပိုမိုကောင်းမွန် နိုင်ကြောင်း ဦးမင်းခိုင်က မှတ်ချက် ပြုသည်။

လက်ရှိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ ထိုင်းဘတ်နှင့် မြန်မာကျပ် တိုက်ရိုက် အသုံးပြု ပေးချေမှုအတွက် ဆောင်ရွက် ခွင့်ရသည့် ဘဏ် (Designated Bank) များတွင် ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်/ ပို့ကုန် လုပ်ဆောင်သူများ အနေ ဖြင့် ဘဏ်စာရင်း ဖွင့်လှစ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဆိုထားသော်လည်း မည့်သည်ဘဏ်များကို ခွင့်ပြုသွားမည်ကို ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

ယခုလို ထိုင်းဘတ်နှင့် မြန်မာကျပ်ငွေကို ဘဏ်မှ တဆင့် တိုက်ရိုက် ငွေပေးချေမှုစနစ် စတင်လာမည် ဖြစ်ခြင်းကြောင့် မြန်မာကုန်သည်များအနေဖြင့် ယခင် ထိုင်းဘဏ်များတွင် တခြားသူတဦးဦးကတဆင့် ဘဏ်စာရင်း ဖွင့်လှစ်ပြီး ငွေပေး ချေမှု လုပ်ဆောင်ခြင်းများနှင့် ထိုင်းနိုင်ငံ၏ ငွေကြေး ခဝါချမှု ဥပဒေများနှင့် ငြိစွန်းသည်ဆိုပြီး ကုန်သည်များ၏ ဘဏ် အကောင့်များ ပိတ်သိမ်းခံရခြင်း အစရှိသည့် အခက်အခဲများကို ပြေလည်သွားမည်ဖြစ်ကြောင်း ကုန်သည်များက ဧရာဝတီသို့ ပြောသည်။

“ဒါကတော့ ကုန်သည်တွေ အရင်ကတည်းက တောင်းဆိုနေခဲ့ကြတဲ့ အရာပဲပေါ့။ အခုကတော့ ဒီ စနစ် စပြီး ဖြစ်လာပြီပေါ့။ ဒါပေမယ့် စနစ်က အခုမှ အစဆိုတော့ လိုအပ်ချက်တွေ ရှိနေဦးမှာပဲဆိုတော့ အခုလုပ်နေတဲ့ ငွေပေးချေမှု နည်းအဟောင်း ကို အချိန်တခုအထိတော့ ဆက်သုံးနေကြရဦးမှာပဲ” ဟု တာချီလိတ်- ကျိုင်းတုံ နယ်စပ်ကုန်သည်တဦးက ပြောသည်။

ယခုလို နှစ်နိုင်ငံ ငွေပေးချေမှုကို တရားဝင် ဖြစ်လာခြင်းကြောင့် နယ်စပ် ကုန်သွယ်ရေးအတွက် ကောင်းမွန်သည့် လက္ခ ဏာ ဖြစ်သော်လည်း ၎င်းတို့ လုပ်ဆောင်မည့် ဘဏ်စနစ်သည် ကုန်သည်များ အမှန်တကယ် လိုအပ်နေသည့် အခြေအနေ ကို ဖြည့်ဆည်းပေးနိုင်၊ မပေးနိုင်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ အခြေစိုက် BangKok Bank အပါအဝင် ဘဏ်တချို့က ကိုယ်စားလှယ်ရုံးများ လာရောက် ဖွင့် လှစ်ထားပြီး Siam Commercial Bank (SCB) ဘဏ်တခုကသာ ဘဏ်အချင်းချင်း ငွေပေးချေမှုနှင့် ATM ဝန်ဆောင်မှုများ ပါဝင်သော လက်လီဘဏ်လုပ်ငန်း ဝန်ဆောင်မှု လိုင်စင် (Subsidiary License) ကို ရရှိထားသည်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ်ငွေ တိုက်ရိုက်ပေးချေမှုကို ထိုင်းနိုင်ငံဘက်က Siam Commercial Bank (SCB) နှင့် မြန်မာနိုင်ငံဘက်က ပုဂ္ဂလိက ဘဏ်တခုဖြစ်သည့် ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် လီမိတက် (A Bank) တို့ကို ခွင့်ပြုနိုင်ချေ ရှိကြောင်း ကုန်သည်တချို့က ခန့်မှန်း ပြောဆိုကြသည်။

“တကယ်တမ်း ပြောကြေးဆိုရင် မနေ့ညက (မတ် ၃ ရက်) ဗဟိုဘဏ်က မကြေညာသေးသရွှေ့က ကျမတို့ နယ်စပ် ကုန် သွယ်ရေးမှာ ထိုင်းဘတ်ကို နားလည်မှုနဲ့ လုပ်နေကြရတာ ပြောမယ်ဆိုရင် တရားမဝင်ပေါ့။ အခုကတော့ ကျမတို့ မျှော်လင့် နေတဲ့ အခြေအနေကို ရောက်လာခဲ့ပြီပေါ့” မြဝတီ နယ်စပ်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ဧရာဝတီ သို့ ပြောသည်။

လတ်တလောတွင် ငွေပေးချေမှု လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက်များ ထပ်မံ ညွှန်ကြားမှု မရှိသေး သည့်အတွက် အသေးစိတ် ပြောကြားရန် ခက်ခဲကြောင်း သို့သော် နယ်စပ် ကုန်သွယ်ရေးတွင် အားသာချက်များစွာ ဖြစ် လာနိုင်ပြီး မြန်မာကုန်သည်များ အပေါ် တဖက်နိုင်ငံ ကုန်သည်က ငွေကြေးလိမ်လည်မှုများနှင့် ဘဏ်အကောင့် ပိတ်သိမ်းခံရမည့် အခက်အခဲများလည်း မရှိနိုင်တော့ကြောင်း ၎င်းက ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို မြဝတီနှင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းတို့က အဓိက ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံဘက်က လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များနှင့် ရေထွက်ကုန်များကို အဓိက တင်ပို့လျက်ရှိ ကာ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၄ ရက်အထိ ကုန်သွယ်မှု ပမာဏသည် အမေ ရိကန် ဒေါ်လာ သန်း ၄၈၀ နီးပါး ကုန်သွယ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း၌လည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် တရုတ် ယွမ်နှင့် ကျပ်ငွေ တိုက်ရိုက် အသုံးပြုကာ ငွေပေးချေမှု စနစ်ကို ခွင့်ပြုပေးထားခဲ့ပြီး ငွေပေးချေမှုအတွက် မြန်မာဘက်က မြန်မာ့စီးပွားရေးဘဏ်နှင့် တရုတ်နိုင်ငံဘက်က Bank of China (BOC) နှင့် Industrial and Commercial Bank of China (ရန်ကုန်ရုံးခွဲ) တို့ကို ရွေးချယ်ခဲ့သည်။ =

You may also like these stories:

ကိုဗစ်ပိုး တွေ့၍ ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်မှ ယာယီ ပိတ်

မြန်မာကို လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်ရန် လူ့အခွင့်အရေးလှုပ်ရှားသူများ တောင်းဆို

Loading