သတင်း

အာဏာသိမ်းစစ်ကောင်စီ လုံလောက်အောင် မီးမပေးနိုင်တော့

ပူပြင်းခြောက်သွေ့သော နွေရာသီဝင်တိုင်း မြန်မာပြည်တွင် လျှပ်စစ်မီး ပြတ်လေ့ရှိသည်။ ရေအားလျှပ်စစ်အတွက် အားထားရသော ရေလှောင်တမံများ ရေနည်းလာ၍ လျှပ်စစ်ဓာတ်အားထုတ်ယူမှု ကျဆင်းလာသောကြောင့် ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် အစိုးရအဆက်ဆက် ကြိုးစားခဲ့ကြပြီး ယခု အာဏာသိမ်းစစ်ကောင်စီလက်ထက် အခြေအနေမှာ လွန်ခဲ့သော ၁၅ နှစ်ကကဲ့သို့ နောက်ပြန်ဆွဲသွားခဲ့ကြောင်း ဝေဖန်သုံးသပ်သူများက ဆိုလာနေသည်။

မြန်မာ့ စီးပွားရေးမြို့တော် ရန်ကုန် အပါအဝင် မြို့ကြီးတချို့တို့လည်း စစ်ကောင်စီက လျှပ်စစ်မီး အလုံအလောက် မပေးလာနိုင်တော့၍ မှောင်မဲ နေသည့် အချိန်က ပိုများလာနေသည်။ နေပြည်တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကိုယ်နှိုက်ကပင် ဒီဇယ်သုံး ဂျန်နရေတာများ ဝယ်ယူရန် တင်ဒါခေါ်နေသည်။

“ အခုနောက်ပိုင်း တချို့ရက်တွေဆိုရင် မီးပြတ်တာက ၉ နာရီကနေ ၁၂ နာရီ အထိ ကြာလာနေတယ်” ဟု ရန်ကုန်မြို့ သာကေတမြို့နယ်၌ နေထိုင်သော မနွယ်(အမည်လွှဲ)က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်း မှ စတင်ပြီး ရန်ကုန်မြို့၏ မြို့နယ် အများစုတွင် လျှပ်စစ်မီး ပြတ် တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး နံနက်ပိုင်း ၁၀ နာရီဝန်းကျင်နှင့် ညပိုင်း ၈ နာရီမှ ၉ နာရီ ဝန်းကျင် တို့တွင် ပုံမှန် ၂ ကြိမ်ခန့် ပြတ်တောက်လေ့ရှိသည်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဆက်တိုက် ဖြစ်လာနေဦးမည် ဖြစ်သည်/ AFP

ယခုရက်ပိုင်းများတွင်မူ လျှပ်စစ်မီးပြတ်တောက်မှုသည် တနေ့တည်းတွင် ၃ ကြိမ်မှ ၄ ကြိမ်အထိ ပြတ်တောက်လာပြီး တကြိမ်လျှင် အနည်းဆုံး အချိန် ၃ နာရီခန့် ကြာမြင့်လာကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများထံမှ သိရသည်။ တချို့မြို့နယ်များတွင်မူ တကြိမ်လျှင် ၆ နာရီအထိ ကြာမြင့်မှုများ ရှိ သည်။

အသက် ၂၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းဖြစ်သူ မနွယ်က “မီးလာပြီဆိုတာနဲ့ ကျမတို့ ထမင်းအိုးပြေး တည်ရ၊ ရေပြေးတင်ရ လုပ်နေရတယ်။ မီးပြတ်တာတွေက အချိန်မမှန်တော့ အင်တာနက် အသုံးပြုရတာတွေက လုံးဝ အဆင်မပြေတော့၊ အလုပ်လုပ်ရတာလည်း ဘယ်လိုမှ မတွင်ကျယ်တော့ဘူး” ဟု သူ ကြုံတွေ့နေရသည့် အခက်အခဲကို ပြောပြသည်။

ထိုသို့သော လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် လူမှုရေး၊ စီးပွားရေး အခက်အခဲ ပေါင်းစုံကို ရန်ကုန်မြို့နေ ပြည်သူလူထုတို့က ၎င်းတို့၏ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ဖော်ပြောဆိုမှုများကို ယခုရက်ပိုင်းတွင် အများအပြားတွေ့လာနေရသည်။

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများမှ စက်မှုဇုန်လုပ်ငန်းများ အထိပါ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှုကြောင့် လုပ်ငန်းလည်ပတ်မှုများ ပို၍ နှေးကွေးခြင်း နှင့် မီးစက်အစားထိုး အသုံးပြု ရာတွင်လည်း စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် အသုံးစရိတ်အပိုများ ပိုသုံးလာနေရ သည့် အခက်အခဲများကို ရင်ဆိုင်လာနေရသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် လျှပ်စစ်မီးအခြေအနေမှာ လွန်ခဲ့သော ၁၅ နှစ်ကကဲ့သို့ နောက်ပြန်ဆွဲသွားခဲ့ကြောင်း ဝေဖန်သုံးသပ်သူများက ဆိုလာနေသည်/AFP

ယခုလို အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်လာခြင်းသည် စစ်ကောင်စီ၏ ရေအားလျှပ်စစ် စီမံကိန်းများပေါ်တွင်သာ မှီခိုလာနေရသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအပိုင်းတွင် အကျပ်အတည်းများစွာ ဖြစ်လာနေသည့် အခြေအနေပင်ဖြစ်ကြောင်း လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများက ဧရာဝတီသို့ ပြောသည်။

“ အခု စစ်ကောင်စီလက်ထက်မှာ ရေအားလျှပ်စစ်ကိုပဲ အဓိက ပြန်အားကိုးလာနေရတဲ့ အခြေအနေ ပြန်ရောက်သွားပြီ။ ရေအားဆိုတာက အခုလို နွေရာသီရောက်လာရင် ဘယ်လိုမှ သတ်မှတ်ရေ မပြည့်မီဘူး။ အဲဒီတော့ ထုတ်လုပ်မှုနဲ့ သုံးစွဲမှု မမျှတတဲ့ အခြေအနေမှာ ဟိုးအရင်လို မီးတွေ ပြန်ပြတ်လာတာ ပေါ့” ဟု ရန်ကုန်မြို့ရှိ လျှပ်စစ်ကဏ္ဍ ကျွမ်းကျင်သူတဦးက ပြောဆိုသည်။

နှစ်စဉ် လိုအပ်ချက်မြင့်တက်လာနေသော မြန်မာ့လျှပ်စစ်ဓာတ်အားအတွက် ပြီးခဲ့သည့် နိုင်ငံရေး အခြေ အနေ ကောင်းမွန်သော အစိုးရလက်ထက်များမှာပင် ပုံမှန်မီးပေးနိုင်ရန်အတွက် အခက်အခဲများစွာ ဖြင့် လုပ်ဆောင်ခဲ့ရပြီး ထိုသို့လုပ်ဆောင်နိုင်ခဲ့သည့်အတိုင် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဝင်ရောက်မှုများ ရပ်ဆိုင်းသွားခြင်း တို့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများ ကြောင့် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတချို့ ရပ်နားထားရ၍ ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း တိုးတက် ပြောင်းလဲလာခဲ့သော မြန်မာ့လျှပ်စစ်ကဏ္ဍသည် ပြန်လည်ဆုတ်ယုတ်သွားခဲ့ပြီ ဖြစ်သည်။

ပြည်ပမှ သဘာဝဓာတ်ငွေ့ရည် (LNG) ကို မှာယူတင်သွင်းရသော လျှပ် စစ်ဓာတ်အား ထုတ်လုပ်သော စက်ရုံ များသည် ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်မှုကြောင့် ရပ်နားထားရခြင်း၊ ရတနာကမ်းလွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်း ရပ်နားထားရခြင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတချို့၏ ဓာတ်အားပေး ပို့သည့် လျှပ်စစ်တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခဲ့ရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ၁၅၀၀ မဂ္ဂါဝပ် နီးပါး လျော့နည်းလျက်ရှိကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း၌ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ထို့အတွက်ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများသည် အချိန်ပိုင်း ဖြစ်ပေါ်လာနိုင်ပြီး အများ ပြည်သူအနေဖြင့် လျှပ်စစ်ဓာတ်အားကို မလိုအပ်ဘဲ အသုံးပြုမှုကို လျှော့ချကြရန် အဆိုပါ ဝန်ကြီးဌာနက တိုက်တွန်းထားခဲ့သည်။

NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က တနိုင်ငံလုံး လျှပ်စစ်မီး သုံးစွဲမှု ၅၀ ရာခိုင်နှုန်းကို အစိုးရက ထောက်ပံ့နိုင်ခဲ့သည်/ ဧရာဝတီ

ထိုသို့ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အား ၁၅၀၀ မဂ္ဂါဝပ်သည် မြန်မာနိုင်ငံတနိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အား ၅၀ ရာခိုင်နှုန်းကျော်ကို အများဆုံးအသုံးပြုသော ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် အားသုံးစွဲမှု ပမာဏနှင့် အတူတူနီးပါးပင်ဖြစ်သည်။

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပုံမှန်အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၄၂၀၀ မဂ္ဂါဝပ် နီးပါးရှိပြီး ရေအားလျှပ်စစ်မှ ၃၂ ရာခိုင်နှုန်းကျော်အထိ ပါဝင်သည်။

NLD အစိုးရလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အမျိုးသား လျှပ်စစ် မဟာဗျူဟာ အစီအစဉ် (National Electricity Master Plan) အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၈၀၀၀ ကျော်မဂ္ဂါဝပ် ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ၁၀၃၇၉ မဂ္ဂါဝပ် (လူဦးရေ၏ ၇၅ ရာခိုင်နှုန်း) အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားခဲ့သည်။

နိုင်ငံတခု၏ လျှပ်စစ်စနစ်တခုလုံး ချောချောမွေ့မွေ့လည်ပတ်နိုင်ရန် လျှပ်စစ်ထုတ်လုပ်ခြင်း၊ လျှပ်စစ် သယ်ပို့ခြင်း နှင့် လျှပ်စစ်ဖြန့်ဖြူးရေး အစရှိသည့် ယန္တရားတခုလုံး ဟန်ချက်ညီရန် လွန်စွာ အရေးကြီးသလို ထုတ်လုပ်လိုက်သည့် လျှပ်စစ်ကိုလည်း တပြိုင်နက်သုံးစွဲရသည့်အတွက် အချိန်တိုင်းတွင် ဝန်နှင့် အားမျှရန် လိုအပ်သည်။

လက်ရှိ စစ်ကောင်စီ၏ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမူတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ် ရှားမှု CDM ပြုလုပ်ထားသူ အများအပြားရှိခြင်း၊ အများပြည်သူလူထု၏ မီတာခဆောင်မှုများ လျော့နည်းသွား၍ ဘတ်ဂျက်ခွဲဝေမှု ငွေပမာဏ လျော့နည်းသွားကာ ပုဂ္ဂလိကလျှပ်စစ်ထုတ်လုပ်သူများကို ငွေပေးချေရမည့် ရန်ပုံငွေ အလုံအလောက် မရှိသည့်အခက်အခဲများ နှင့် စီမံကိန်းအသစ်များ အကောင်အထည်မဖော်နိုင်ခြင်းတို့က လျှပ်စစ်မီး ဖူလုံအောင် မထုတ်လုပ်နိုင်စွမ်းကို ပြသနေသည်။

NLD လက်ထက်က ယခုနှစ်ပိုင်းများအတွက် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားအတွက် တင်ဒါပေးထားခဲ့သော နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သော ဆိုလာပါဝါစီမံကိန်းများသည်လည်း စစ်ကောင်စီလက်ထက်တွင် ရှေ့ မတိုးနိုင်ဘဲ ရပ်ဆိုင်းနေကြသည်။ ထိုစီမံကိန်း ၂၉ ခုသည် မဂ္ဂါဝပ် ၁၀၆၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားခ တက်၍ ၂၀၁၄ ဧပြီတွင် ရန်ကုန်မြို့၌ ဆန္ဒပြစဉ်/ ဧရာဝတီ

ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) ၏ ချေးငွေ ယူရို ၃၅ သန်းဖြင့် ရှမ်းပြည်နယ် သံလွင်မြစ်ပေါ် တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းနှင့် ဂျပန်ကုမ္ပဏီသုံးခုက အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်မှ သဘာဝဓာတ်ငွေ့ရည် (LNG) ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းများသည်လည်း စစ်အာဏာသိမ်းပြီးနောက် ရပ်နားထားကြသည်။

“ လျှပ်စစ်ဆိုတာက လိုတော့မှ ထထုတ်လို့ ရတာမဟုတ်ဘူး။ ရေရှည်အစီအမံတွေနဲ့ လုပ်ရတာ အခု သူတို့(စစ်ကောင်စီ) လက်ထက်မှာက အရင်က စီစဉ်ထားခဲ့တာတွေ လုပ်ခဲ့တာတွေ ပျက်စီးသွားပြီလို့ ပြောလို့ရတယ်။ ရင်းနှီးမြှုပ်နှံသူဆိုရင်လည်း ဝင်ထားပြီးတဲ့ LNG တို့ ဘာတို့တောင် မကိုက်လို့ ရပ်ထား နေကြတာ အသစ်က ဘယ်လိုမှ ထပ်ဝင်လာဖို့ သိပ်မရှိဘူး” ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ တဦးက ပြောဆိုသည်။

လတ်တလောတွင် ရေအားလျှပ်စစ်မှ ထွက်လာသော လျှပ်စစ်ဓာတ်အားကို မျှတအောင် ခွဲဝေအသုံး ပြုနေရခြင်းကြောင့် ရေအားလျှပ်စစ်စီမံကိန်းများအတွက် သတ်မှတ်ရေချိန်ပြည့်မီလာနိုင်မည့် ဇွန်လ နှင့် ဇူလိုင်လများအထိ ယခုလို အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းများသည် ဆက်တိုက် ဖြစ်လာနေဦးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းများဖြစ်သော မဂ္ဂါဝပ် ၂၈၀ အောက်ပေါင်းလောင်းဆည်စီမံကိန်း၊ မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသော ရွှေလီ (၁) စီမံကိန်း၊ မဂ္ဂါဝပ် ၇၉၀ ရဲရွာစီမံကိန်း၊ မဂ္ဂါဝပ် ၂၄၀ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်း နှင့် ၉၉ မဂ္ဂါဝပ် ချီဖွေငယ် ရေအား လျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားကို အဓိက ထုတ်လုပ်ပေးနေလျက်ရှိကြောင်း သိရသည်။

“ ဦးသိန်းစိန်လက်ထက်၊ NLD လက်ထက်မှာ လျှပ်စစ်ကဏ္ဍက ချဲ့ပြီး လုပ်ထားနိုင်တဲ့အတွက် အခုချိန်မှာ Demand(လျှပ်စစ်ဓာတ်အားသုံးစွဲမှု)က ဒီအတိုင်းကျန်နေခဲ့တယ်၊ ထုတ်လုပ်မှုကကျတော့ ဟိုးအရင် ၂၀၁၀ အရှေ့ပိုင်းက capacity ကို ပြန်ရောက်သွားတာ” ဟု ရန်ကုန်မြို့ရှိ လျှပ်စစ်ကဏ္ဍ ကျွမ်းကျင်သူ ပြောသည်။

ယခုလို စစ်အာဏာသိမ်းမှု နှင့် ကိုဗစ်ကာလအတွင်းဖြစ်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများသည် ပုံမှန် လည်ပတ်နိုင်ခြင်းမရှိ၍ လျှပ်စစ်ဓာတ်အားလိုအပ်ချက် လျော့နည်းနိုင်သော်လည်း အိမ်ထောင်စု များ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ပိုမိုမြင့်တက်လာသည့် အခြေအနေ ရှိကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “ ဟိုဘက်မြို့နယ်ကို ၆ နာရီပေး၊ ဒီဘက်မြို့နယ်ကို ၆ နာရီပေးဆိုတဲ့ ဟိုအရင် နဝတ ခေတ်နှောင်းပိုင်း ၂၀၀၇-၀၈ ခုနှစ်တုန်းကလို ပုံစံပြန်ဖြစ်သွားနေပြီ ” ဟု မှတ်ချက် ပြုသည်။

You may also like these stories:

လျှပ်စစ်မီး တွေ အရင်လို ပြန်ပြတ်တော့မလား

မီးတွေ ပြန်ပျက်တဲ့အခါ

အသက်ရှူကြပ်လာသည့် မြို့ပြ ပြည်သူများ

Vpower ၏ LNG လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွက်ချေမကိုက်၍ ရပ်နားထားရ

Loading