အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင်များ၏ နိုင်ငံသားကတ်များကို စစ်ကောင်စီက ရုတ်သိမ်းခဲ့သည်။
စစ်ကောင်စီထိန်းချုပ်သော MRTV ရုပ်သံမှ သောကြာနေ့က ထုတ်ပြန်သည့် ထိုကြေညာချက်အရ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူ ခေါင်းဆောင် ၁၁ ဦးသည် နိုင်ငံမှ ထွက်ပြေးပြီး အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေသောကြောင့် နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာချက်က ဆိုသည်။
ထိုကြေညာချက်သည် စင်ပြိုင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG ) အဖွဲ့ဝင် ၈ ဦးနှင့် ထင်ရှားကျော်ကြားသော တက်ကြွလှုပ်ရှားသူ ၃ ဦးကို ပစ်မှတ်ထားသည်။
NUG ကို လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား အစိုးရကို ဖြုတ်ချလိုက်သောကြောင့် လွှတ်တော်ကျင်းပခွင့်မရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ထူထောင်ထားသည်။ စစ်အာဏာသိမ်း ခုခံရေးလှုပ်ရှားမှုသည် ယခုအခါတွင် ကုလသမဂ္ဂကျွမ်းကျင်သူများက ပြည်တွင်းစစ်အဆင့်အထိ သတ်မှတ်လာရပြီဖြစ်သည်။
အထက်ပါကြေညာချက်တွင် ဖေါ်ပြခံရသည် NUG အစိုးရအဖွဲ့ဝင် အနည်းဆုံး ၂ ဦးက တွစ်တာတွင် စနေနေ့က တုံ့ပြန်ပြောကြားသည်။
မြန်မာနိုင်ငံမှ ခုခံရေးလှုပ်ရှားမှုများတွက် ဥရောပသို့ ခရီးသွားနေသော လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက စစ်ကောင်စီသည် တရားမဝင်သောကြောင့် ထိုကြေညာချက်သည်လည်း တရားမဝင်ကြောင်းပြောသည်။
“NUG အစိုးရအဖွဲ့ဝင်တွေကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံသားဖြစ်ခွင့် ရပ်စဲလိုက်တာဟာ ဟာသတခုပါပဲ။ ကျနော်တို့ရဲ့ နိုင်ငံချစ်စိတ်ကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး” ဟု ဦးအောင်မျိုးမင်း ရေးသားသည်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “အာဏာသိမ်းတဲ့သူတွေက အစိုးရဖြစ်သယောင် ဟန်ဆောင်ပြီး ကျမရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ရုတ်သိမ်းလိုက်လို့ မြန်မာနိုင်ငံကို ချစ်တဲ့ ကျမရဲ့အချစ်က လျှော့နည်းသွားမှာ မဟုတ်ဘူး။ ပြည်သူတွေကို နိုင်ငံသားဖြစ်ခွင့် ရုတ်သိမ်းပိုင်ခွင့် သူတို့မှာ မရှိဘူး” ဟု ရေးသားသည်။
စစ်ကောင်စီ၏ ကြေညာချက်တွင် ဖေါ်ပြထားသည့် အခြားအစိုးရအဖွဲ့ဝင် ၈ ဦးကို သေဒဏ်အထိ ကျခံရနိုင်စေသည့် နိုင်ငံတော်သစ္စာဖေါက်မှုနှင့် အခြားနိုင်ငံရေးအမှုများဖြင့် စွဲချက်တင်ထားသည်။
တက်ကြွလှုပ်ရှားသူ ၃ ဦးတွင် ယခင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းကိုနိုင်၊ ပန်ဆယ်လိုဟု လူသိများသည့် မအိမ့်ပိုးဥနှင့် ဦးမျိုးရန်နောင်သိမ်း တို့ပါဝင်သည်။
အထက်ပါ နိုင်ငံသားဖြစ်ခွင့်ဖျက်သိမ်းသည် ကြေညာချက်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီကြေညာကြောင်းနှင့် အလားတူ ကျူးလွန်သူများကိုလည်းဖေါ်ထုတ် အရေးယူမည်ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။
NUG ခေါင်းဆောင်အများအပြားသည် ၎င်းတို့ကိုလိုလားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်စပ်ဒေသများတွင် ပုန်းအောင်းနေသည်ဟု ယူဆရပြီး အခြားသူများသည် ပြည်ပမှတဆင့် လှုပ်ရှားနေသည်။
You may also like these stories:
လွှတ်တော်အမတ်များ၊ အနုပညာရှင်များ၏ နေအိမ်များ ဆက်တိုက် ချိပ်ပိတ်ခံရ
မြန်မာတွင် မင်းအောင်လှိုင်၊ ရုရှားတွင် ပူတင်လို လူမျိုးတွေ ကျဆုံးရမည်
စစ်ကောင်စီ နိုင်ငံခြားရေး ဘက်မလိုက်မူဝါဒကို ပစ်ပယ်
Crypto ငွေကြေး၊ ဆိုးရော့စ်နှင့် မြန်မာ့တော်လှန်ရေး ရန်ပုံငွေ