မန္တလေး ဗဟို အကျဉ်းထောင်(အိုးဘို) တွင် ကိုဗစ် ၁၉ ရောဂါ လက္ခဏာများဖြင့် ဖျားနာမှုများ ရှိနေသော်လည်း ဆေး ဝါးကုသမှု မရဘဲ ဖြစ်နေသည်ဟု အကျဉ်းသား မိသားစုဝင်များနှင့် ကူညီစောင့်ရှောက်နေသူများထံက သိရသည်။
ထိုသို့ ဖျားနေနေမှုများ ရှိနေသော်လည်း ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက် မပေးနိုင်သည့်အ ပြင် ဆေးဝါး မလုံလောက်သည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများအား ကူညီဆောင် ရွက်ပေးနေသူ တဦးက “အရင်ကတည်းက ကိုဗစ်ရောဂါလို့ သံသယရှိ လာရင် သီးသန့် ခွဲထားတာမျိုးပဲ လုပ်တယ်။ ဆေးဝါးကုသတာမျိုး လုပ်မပေးဘူး။ လက်ရှိအချိန်က ရာသီ အကူး အပြောင်းကာလဆိုတော့ ရာသီတုပ်ကွေးကလည်း ဖြစ်နေကြတာ ဆိုတော့ ဖျားနာနေတဲ့သူတွေကတော့ ရှိနေတာ အမှန်ပဲ။ ကိုဗစ် ဟုတ်၊ မဟုတ် ဆိုတာကတော့ စစ်ကြည့်မှ သိနိုင်မယ်။ ရောဂါလက္ခဏာအရ အဖြစ်နိုင်ဆုံးကတော့ ကိုဗစ် ကူးစက်မှု ရှိနိုင်တယ်လို့တော့ ခန့်မှန်းတယ်” ဟု ပြောသည်။
လက်ရှိ မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို) တွင် လူ ၃၀၀ ကျော်ခန့် ဖျားနာနေပြီး အများစုမှာ ကိုဗစ် လက္ခဏာများ ဖြစ်သည့် လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာစေးခြင်း၊ အပြင်းဖျားခြင်း စသည့် ဝေဒနာ များကို ခံစားရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ သိထားရသလောက်တော့ အရင် ဒုတိယလှိုင်းတုန်းကလည်း ထောင်ထဲကနေ ကိုဗစ်နဲ့ သေဆုံးတာတွေ ရှိခဲ့တာတောင် ဓာတ်ခွဲစစ်ဆေးမှုတွေ ထိထိရောက်ရောက် လုပ်မပေးနိုင်ခဲ့ဘူး။ အခုလည်း သတင်းတွေ ထွက်လာ သလို ကိုဗစ် ကူးစက်ခံရတဲ့သူတွေ ရှိတယ်ဆိုတာ အများကြီး ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ ကိုဗစ်ရောဂါ လက္ခဏာများဖြင့် ဖျားနာနေသူများတွင် ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အပြင် အခြား အမှုများဖြင့် အမှုရင်ဆိုင်နေကြရသူများလည်း ပါဝင်နေကြောင်း သိရသည်။
မန္တလေးမြို့ခံ တရားလွှတ်တော် ရှေ့နေတဦးက“ထောင်ထဲမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာနေတဲ့သူတွေ ရှိတယ်လို့တော့ သိရတယ်။ နိုင်ငံရေးအမှုနဲ့ အဖမ်းခံထားရတဲ့သူအချို့တောင် ရုံးချိန်း ပြန်ချိန်းပေးရတာတွေ ရှိတယ်။ သိရတာတော့ ကျန်းမာရေးကြောင့် ရုံးချိန်း မထွက်နိုင်လို့ ပြန်ချိန်းပေးတာလို့ ပြောတယ်”ဟု ပြောသည်။
ထို့ပြင် ထောင်ဝန်ထမ်း မိသားစုများလည်း ကိုဗစ်ရောဂါ ကူးစက်မှုများ ရှိနေပြီး ထောင်ဝန်ထမ်းနှင့် အကျဉ်းသား အချို့ မှာ ရောဂါ ပြင်းထန်ပြီး ဆေးကုသမှု မရရှိဟု ထောင်မိသားစု အသိုင်းအဝိုင်းက သိရသည်။
မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို) မှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက “ကိုဗစ် လက္ခဏာပြတဲ့သူတွေ အများ ကြီး ရှိတယ်။ ဓာတ်ခွဲ စစ်ဆေးဖို့ ဆိုတာထက် ပါရာစီတမော့တောင် အကုန် မတိုက်နိုင်ဘူး။ အစားအသောက်ကလည်း ထောင်ဝင်စာ ပုံမှန်ရှိတဲ့သူကတော့ မဆိုးပေမယ့် အချို့ ထောင်ဝင်စာ မရှိတဲ့သူအတွက်ကတော့ အခက်အခဲ ရှိတာပေါ့၊ ကျနော်တို့ ဝန်ထမ်း မိသားစုတွေမှာလည်း ကိုဗစ်ဖြစ်တဲ့သူတွေ ရှိနေတယ်။ သူတို့လည်း ခွင့်မရတော့ သီးသန့် မနေနိုင် ကြဘူးပေါ့”ဟု ဆိုသည်။
မန္တလေး ဗဟိုအကျဉ်းထောင်(အိုးဘို)တွင် ကိုဗစ်ရောဂါလက္ခဏာများဖြင့် ဖျားနာမှုများ ရှိနေသော်လည်း ဆေးဝါး ကုသမှု မရဘဲ ဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ထောင်အာဏာပိုင်များနှင့် အကျဉ်းဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရာ ရာသီ အကူးအပြောင်း ဖျားနာမှုများသာ ဖြစ်နိုင်ပြီး ကိုဗစ်ကူးစက်ခံရမှု မရှိဟု ဧရာဝတီသို့ ဖြေ ကြားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြရာတွင် ပါဝင်မှုကြောင့် ထောင်ချခံထားရသည့် အကျဉ်းသားတဦး၏ မိသားစုဝင် တဦး က “လက်ရှိကတော့ ထောင်ဝင်စာတွေ့တာ မရတော့ အထဲမှာ ဘယ်လိုဆိုတာတော့ အတိအကျ မသိရပေမယ့် ထောင်ဝင်စာအတွက် မှာတဲ့စာရင်းမှာ ပါရာစီတမော့လို အကိုက်အခဲ ပျောက်ဆေးနဲ့ ယားနာ လိမ်းဆေးတွေ ပါတယ်။ အဲဒါကို ကျနော်တို့က ပါဆယ်ပို့တဲ့အချိန်မှာ ဝန်ထမ်းတွေ လက်ထဲကို သေချာအပ်ပေးရတယ်။ ထောင်ကျ ဆိုတော့ လူချင်းက မတွေ့ရဘူး၊ ဝန်ထမ်းတွေကတော့ နေကောင်း ကျန်းမာတယ်ပဲ ပြောတယ်” ဟု ပြောသည်။
အကျဉ်းထောင်များတွင် ကိုဗစ်ရောဂါလက္ခဏာများဖြင့် ဖျားနာမှုများ အနေဖြင့် တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်း ထောင်ရှိ အမျိုးသား အကျဉ်းသားများမှာ ကိုဗစ်ရောဂါ လက္ခဏာများဖြင့် ဖျားနာနေကြပြီး ဆေးဝါး မလုံလောက်သည့် ပြဿနာများ ရင်ဆိုင်နေရသလို စစ်ကိုင်းတိုင်း၊ မုံရွာ အကျဉ်းထောင်တွင်လည်း ကိုဗစ်ရောဂါ လက္ခဏာများဖြင့် ဖျားနာ နေသူများ ရှိကြောင်း သိရသည်။
အကျဉ်းဦးစီးဌာန၏ သတ်မှတ်ချက်အရ ဗဟို အကျဉ်းထောင်အဆင့်တွင် အကျဉ်းသားဦးရေ ၁ သောင်းအထိ သတ် မှတ်ထားပြီး မန္တလေး ဗဟိုအကျဉ်ထောင် (အိုးဘို)တွင် အကျဉ်းသားဦးရေ ၇၀၀၀ ခန့်ထိ ပုံမှန်ရှိကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ကူးစက်ခံ လေးကေ့ကော်စစ်ရှောင်များ သီးသန့်ခွဲထားရန် နေရာခက်ခဲနေ
ဗိုလ်ရှုသဘင်နောက်ပိုင်း နေပြည်တော်တွင် ကိုဗစ်ပိုးတွေ့မှု မြင့်တက်လာ