မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံရေးကိစ္စမှာ စိုးရိမ်ရသည့် အခြေအနေရှိသဖြင့် ဆန်စပါးများကို မြို့နယ်ပြင်ပသို့ တင်ဖို့ ရောင်းချခြင်း မပြုလုပ်ရန် ဆောမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ဆောမြို့နယ်သည် စစ်ကောင်စီ၏ ပစ်မှတ်ထား တိုက်ခိုက် ပိတ်ဆို့ခြင်းခံရသော ဒေသများထဲတွင် တခုအပါအဝင် ဖြစ် သလို စစ်ကောင်စီတပ်သားများ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ပြီး အိုးအိမ်၊ စည်းစိမ်နှင့် ဆန်စပါးများကို မကြာခဏ မီးရှို့ဖျက်ဆီးလျက်ရှိသည့်အတွက် ရေရှည်တွင် စားနပ်ရိက္ခာ အခက်အခဲ ကြုံလာနိုင်၍ ထိုသို့ ထုတ်ပြန်ရ ခြင်း ဖြစ်ကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဆိုသည်။
၎င်းက “ကျနော်တို့ ဒေသမှာ စစ်ကောင်စီက မထင်ရင် မထင်သလို ရွာတွေ ဝင်ပြီး မီးရှို့ ဖျက်ဆီးတာတွေ ရှိတယ်။ စစ်ပွဲကာလ ဖြစ်နေတော့ တနယ်လုံး စားသောက်ဖို့ သောက်ဖို့ ကိစ္စကို အပြင်ကနေပြီးတော့လည်း တင်သွင်းခွင့် မရ ဘူး။ ဆန်တင်သွင်းခွင့်ကို စစ်ကောင်စီတပ်က ပိတ်ထားတာ။ ကိုယ့်ဒေသမှာ ရှိတဲ့ဟာတွေနဲ့ကိုယ် လောက်အောင် စား ရမယ့် အနေအထား ဖြစ်နေတာ။ အဲဒီလို အခြေအနေကို ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ အားလုံးက တင်ပြလာ တော့ ကျနော်တို့ မြို့နယ်က အတည်ပြုပေးလိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ဆောမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ငွေကြေး လိုအပ်ချက်အရ မဖြစ်မနေ ဆန်စပါး ရောင်းရမည့် အခြေအနေ နှင့်ကြုံပါက ကျေးရွာ၊ တိုက်နယ်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ ဦးစွာ အကြောင်းကြား တင်ပြရမည်ဖြစ်ပြီး အုပ် ချုပ်ရေး အဖွဲ့မှ အမှန်တကယ် လိုအပ်နေသည့် နေရာများသို့ ရောင်းချနိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆောမြို့နယ်အတွင်း ဆန်စပါး အပါအဝင် မြေပဲ၊ ကြက်သွန်တို့ အဓိက ထွက်ရှိပြီး၊ စစ်ကောင်စီတပ်ကလည်း ဒေသ တွင်း စားနပ်ရိက္ခာ သယ်ယူမှုကို ကန့်သတ်ကာ ၎င်းတို့ လက်မှတ်ပါရှိမှ သယ်ယူခွင့် ရရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ဆောမြို့နယ်အတွင်းက ဒေသခံတဦးက “စစ်ကောင်စီက တခြားမြို့နယ်ကနေ ကျနော်တို့ မြို့နယ်ကို သူတို့ လက်မှတ် မပါရင် ဘာကုန်ပစ္စည်းမှ ယူခွင့် မရဘူး။ သူတို့ကတော့ ဆန်စပါးတွေကို ကျနော်တို့ဒေသက ရသလောက် ထုတ်ချင် တယ်။ ကုန်သည်တွေကတဆင့် ဆန်စပါးတွေကို ဝယ်ယူပြီး ရိက္ခာပြတ်အောင် လုပ်နေတာ ရှိတယ်။ အဲဒီအတွက် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်တာ ဖြစ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် နည်းလမ်းမျိုးစုံဖြင့် ဆောမြို့နယ်အတွင်းသို့ ဝင် ရောက်ပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ဖောက်ထွင်း ခိုးယူနေမှုများ ရှိနေသည့်အတွက် ယင်း ကိစ္စကို တားဆီး ဟန့်ထားရန် အဓိက ကားလမ်းမကြီးများကိုလည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ မတ်လ ၃ ရက်မှ စတင်ကာ ပိတ်ပင် ကန့်သတ်ထားသည်။
ဆောမြို့နယ်အတွင်း အဓိက လမ်းမကြီးများဖြစ်သည့် ဆော- ကျောက်ထု လမ်းပိုင်း၊ ဆော- ဆိတ်ဖြူလမ်းပိုင်း၊ ဆော- လောင်းရှည်လမ်းပိုင်း စသည့် လမ်းကြောင်းများကို ကြေညာချက် ထုတ်ပြန်သည့်အချိန်မှ စတင်ကာ လုံခြုံရေးအရ ဖြတ်သန်းသွားလာခြင်း မပြုရန် သတိပေးထားသည်။
မတ်လ ၇ ရက်တွင်လည်း ဆော-ကျောက်ထု လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိခိုက်မှု အခြေအနေကို အသေးစိတ် မသိရသေးကြောင်း ဆောပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ဆောမြို့နယ်အတွင်း စစ်ရှောင်ဦးရေ ၄၀၀၀ ခန့်ရှိပြီး နီးစပ်ရာ ကျေးရွာအနီး ဝန်းကျင်တွင် ယာယီ တဲထိုး ကာ နေထိုင်နေရပြီး စစ်ကောင်စီက ရိက္ခာဖြတ်ထားသဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကူညီထောက်ပံ့မှုများ ပေးနေရ ကြောင်းလည်း ဒေသခံများက ပြောသည်။
မကွေးတိုင်းအတွင်း စစ်ကောင်စီ ယန္တရားများမှာ ပြိုလဲစေရန် ပြည်သူ့တော်လှန်ရေး အဖွဲ့များက တရား ဥပဒေစိုးမိုး ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်ထည်ဖော် အသက်သွင်းလာကာ ပြည် သူ့ရေးရာ ကိစ္စများကိုလည်း ကိုင်တွယ်လာကြကြောင်း သိရသည်။
ပြည်သူ့ တော်လှန်ရေး အဖွဲ့အစည်းများ အားကောင်းသည့် မကွေးမြို့နယ်အတွင်းက ပေါက်၊ ထီးလင်း၊ ရေစကြို၊ ဂန့် ဂေါ၊ ဆော၊ မြိုင် စသည့် မြို့နယ်များတွင် အုပ်ချုပ်ရေးအဖွဲ့ အပါအဝင် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူ့ ရဲတပ်ဖွဲ့ များပါ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ယင်းမြို့နယ်အတွင်းက အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောသည်။
ဆောမြို့နယ်အတွင်း ပြည်သူ့ လုံခြုံရေး လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် CDM ရဲတပ်ဖွဲ့ ၂၀ ကျော်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းထားကြောင်း ဖေဖော်ဝါရီလ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိုသို့ ပြည်သူ့တော်လှန်ရေးအဖွဲ့က ဆောမြို့နယ်အတွင်း အုပ်ချုပ်ရေး ကိစ္စရပ်များ ထိရောက်လွယ်ကူစေရန် ဆော တိုက်နယ်၊ ကျောက်ထုတိုက်နယ်၊ လောင်းချီ တိုက်နယ် စသည့် တိုက်နယ် ၃ ခု သတ်မှတ်ကာ အုပ်ချုပ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေး ကိစ္စရပ်များကိုပါ ဆောင်ရွက်လျက်ရှိကြောင်း ဆောပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ဆိုသည်။
အလားတူ ဂန့်ဂေါမြို့နယ် အတွင်းလည်းတွင် စစ်ကောင်စီ ယန္တရား ပျက်လုလုဖြစ်နေသည့်အတွက် ပြည်သူ့တော်လှန် ရေးအဖွဲ့က အုပ်ချုပ်ရေး ကိစ္စရပ်များကို အကောင်ထည်ဖော် ဆောင်ရွက်နေကြောင်းလည်း ဂန့်ဂေါပြည်သူ့ အုပ်ချုပ် ရေး အဖွဲ့ဝင်များက ပြောသည်။
မကွေးတိုင်းအတွင်း ခရိုင် ၅ ခရိုင်ရှိပြီး မြို့နယ်ပေါင်း ၂၅ မြို့နယ်ရှိကာ စစ်ကိုင်းတိုင်းအစပ် မြို့နယ်များဖြစ်သည့် ဂန့်ဂေါ၊ ဆော၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ထီးလင်း စသည့်မြို့နယ်တွင် ပြည်သူ့တော်လှန်ရေးအဖွဲ့က အတိုင်းအတာတခုထိ အုပ် ချုပ်ရေး ကိစ္စရပ်များကို ထူထောင်ထားနိုင်ပြီး မကွေးမြို့ အပါအဝင် မင်းလှ၊ မင်းဘူး၊ ပွင့်ဖြူစသည့် မြေပြန့် ဒေသတွင် စစ်ကောင်စီ ယန္တရား အနည်းငယ်သာ လည်ပတ်နိုင်ကြောင်း သိရသည်။
You may also like these stories:
လမ်းများ ပိတ်ခံထားရသည့် ပလက်ဝတွင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေ
စစ်ကောင်စီ မီးရှို့တဲ့ အရပ်သားနေအိမ် ၆၀၀၀ ကျော် ရှိ
စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ