ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ တက္ကသိုလ်နှင့် ကားကြီးဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင် ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KPDF) လက်အောက်ခံ နမ်မားတပ်ဖွဲ့ဝင်များက သွားရောက် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်းထုတ်ပြန်သည်။
မတ်လ ၈ ရက် နံနက် ၃ နာရီဝန်းကျင်တွင် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ဗိုလ်အဆင့်ရှိသူတဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးကြောင်း KPDF-Namma ၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုးညှင်းမြို့ ဒေသခံ တဦးကလည်း ယနေ့နံနက် ၃ နာရီဝန်းကျင်တွင် မိုးညှင်းမြို့ အရှေ့မြောက်ဘက်ရှိ မိုးညှင်း ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ဘက်၌ လက်နက်ကြီးနှင့် သေနတ်ပစ်ခတ်သံများ ကြားရကြောင်း ဧရာဝတီသို့ ပြောသည်။
KPDF နှင့် နီးစပ်သည့် သတင်းရင်းမြစ် တဦးကမူ မိုးညှင်းတက္ကသိုလ်နှင့် မိုးညှင်းကားကြီးဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များကို KPDF အဖွဲ့ဝင်များ သွားရောက် ပစ်ခတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောပြသည်။
“မိုးညှင်း တက္ကသိုလ်မှာ လုံခြုံရေးယူနေတဲ့ စစ်ခွေးတွေကို ကျနော်တို့ ဝင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၁၂ ကောင် သေတယ် ဆိုတာလည်း အတိအကျ သတင်း ထပ်ရပါတယ်။ ကျနော်တို့ဘက်က အထိအခိုက် အကျဆုံး မရှိပါဘူး။ မိုးညှင်း ကားကြီး ကွင်းထဲမှာရှိတဲ့ စစ်ခွေးတွေကိုလည်း ကျနော်တို့ ဝင်ပစ်သေးတယ်။ ဒါပေမယ့် ရန်သူ့ဘက်က အကျအဆုံးကိုတော့ ကျနော်တို့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ KPDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် မိုးညှင်းမြို့ထဲ တဝိုက် အပါအဝင် မိုးညှင်းမြို့ပြင်ဝန်းကျင်၌ စစ်ကောင်စီဘက်မှ လုံခြုံရေး တင်းကြပ်ထားပြီး ကင်းပုန်းဝပ်နေမှုများ ရှိနေကြောင်း ပြောသည်။
“သူတို့ ဒီနေ့ မိုးညှင်းမြို့ထဲ မီးပွိုင့်တို့ဘာတို့မှာ လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးတွေ ချထားတယ်။ မိုးညှင်းကနေ ဟိုပင်လမ်း ကြောင်းတလျှောက်မှာလည်း လယ်တောဘေး လမ်းဘေးတွေမှာလည်း လုံခြုံရေးတွေ ချထားတယ်ဆိုတော့ စကစ ယာဉ် တန်းလည်း တက်လာနိုင်တယ်။ အချိန်မရွေးလည်း တိုက်ပွဲ ဖြစ်လာနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။
မတ်လ ၇ ရက် နံနက် ၇ နာရီခန့်ကလည်း ကချင်လွတ်လပ်ရေးတပ် (KIA) ၏ တပ်မဟာ ၈ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အပါအဝင် KPDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ မိုးညှင်းမြို့နှင့် နမ်မားအကြား ညောင်ကုန်းရွာ ဝန်းကျင်၌ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားသို့ မန္တလေးမှ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်ပါသော ယာဉ်တန်းအား KIA ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က စစ်ကားတစီး မိုင်းခွဲခံရသလို နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများအတွင်း ထိခိုက် ကျဆုံးမှုများ ရှိခဲ့ကြောင်း KIA ထံမှ သိရသည်။
“ဖြစ်စဉ်ကတော့ ကချင်ပြည်နယ်ဘက်ကို အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီရဲ့ တပ်သားတွေကို ကျနော်တို့က လမ်းခု လတ်မှာ ဖြတ်တိုက်တာပါ။ အသေအပျောက် ရှိတယ်ဆိုတာကတော့ ဟုတ်မှာပါ။ ဘယ်လောက်ကျတယ်။ ဘယ်လောက် ဒဏ်ရာရတယ်ဆိုတာကတော့ ဖော်ထုတ်တာ မရှိပါဘူး။ မိုးညှင်းမြို့ရဲ့ အထက် ၂ မိုင် ၃ မိုင်လောက်မှာဖြစ်တာပါ။ ခါတိုင်း လိုပေါ့။ ကျနော်တို့က တိုက်ပြီးမှ ပြန်ဆုတ်သွားတာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KPDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကမူ မတ်လ ၇ ရက်တိုက်ပွဲမှာ အတော်ပင် ပြင်းထန်ခဲ့ပြီး KPDF ဘက်က တပ်ဖွဲ့ဝင် ၇ ဦး အသက်ပေးခဲ့ရကြောင်း၊ စစ်ကောင်စီဘက်ကလည်း ဗိုလ်ကြီးတဦး အပါအဝင် တပ်ဖွဲ့ဝင်၂၀ ကျော်သေဆုံး ခဲ့ကြောင်း ပြောသည်။
“ဒလန်တွေရဲ့ သတင်းပေးမှုကြောင့်လည်း ရဲဘော်တွေ ကင်းပုန်းဝပ်နေတဲ့ နေရာကို သိသွားတာပေါ့ဗျာ။ သူတို့က အသေ ခံပြီး တက်လာတဲ့အတွက် ရင်ဆိုင် တိုက်ပွဲဖြစ်သွားတယ်။ ကိုယ့်ဘက်ကလည်း မိုင်းခွဲ တိုက်ခိုက်လိုက်နိုင်တယ်။ ဆိုင်ပစ်၊ ပြိုင်ပစ်လိုက်နိုင်တယ်။ ရဲဘော်တွေ အနေနဲ့က ၂ ယောက်ကတော့ လက်နက်ကြီးကျည်မိတာဗျ။ ၅ ယောက်က ပိတ်မိ သွားတာ။ သူတို့ ဂွင်ထဲမှာ ပိတ်မိပြီး ကျည်ကုန်သွားတာ။ ရန်သူဘက်က အရှင် မိပါလျက်နဲ့ ရဲဘော်တွေကို အသေ ပစ် သတ်သွားတာ” ဟု ၎င်းက ဆိုသည်။
ပိတ်မိသွားသည့် ရဲဘော်များကို ကယ်ထုတ်နိုင်ရန် KIA နှင့် KPDF တပ်ဖွဲ့ဝင်များတန်ပြန် ဖိအားပေး တိုက်ခိုက်ခဲ့သော် လည်း ရဲဘော်များ၏အသက်ကို မကယ်နိုင်ခဲ့ဘဲ လက်လွှတ်လိုက်ရကြောင်း KPDF နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဆိုသည်။
“ပြိုင်ပစ်ဆိုင်ပစ်ကြတာဖြစ်တဲ့အတွက် သူတို့ဘက်က အထိအခိုက် အကျဆုံး ရှိပါတယ်။ သူတို့ဘက်က ပိုတောင် များ သေးတယ်။ ဒါပေမယ့် ကိုယ့်ရဲဘော်တွေ ပေးဆပ်လိုက်ရတာတော့ မတန်ဘူးပေါ့ဗျာ။ သူတို့ဘက်က ၃ ပွင့် ဗိုလ် တယောက် ကျတာတော့ အတည်ပြုနိုင်တယ်။ သူတို့ ဘက်က ၂၀ ကျော် ကျတယ်ဆိုတာလည်း သေချာတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီဘက်မှ သေဆုံးသွားသည့် အရာရှိတဦးကို ယမန်နေ့က မိုးညှင်းသုသာန်တွင် သဂြိုဟ်သွားကြောင်း သိရသည်။
You may also like these stories:
စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ
စစ်ကောင်စီ လမ်းပိတ်ထား၍ ချင်းတောင်ပိုင်း မြို့နယ်တချို့ စားနပ်ရိက္ခာ ပြတ်နေ