ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ မြေနေရာ ချထားမှုနှုန်းထားများမှာ စည်ပင်သာယာရေးကော်မတီ၏ တရားဝင် သတ်မှတ် ထားသည့် နှုန်းထားများအတိုင်းသာ ဖြစ်ကြောင်း နေပြည်တော်စည်ပင်၊ မြေယာဌာနမှူး ဦးကိုကိုဦးက ယမန်နေ့ အထူးတရား ရုံးတွင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်ထံ မြေနေရာချထားပေးမှုတွင် ကာလတန်ဖိုးနှင့် မကိုက်ညီ သည့်အတွက် နိုင်ငံတော်ငွေကြေး နစ်နာဆုံးရှုံးမှုများ ရှိသည်ဟုဆိုကာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုများဖြင့် တရားစွဲဆိုထားမှုတွင် ဦးကိုကိုဦးက သက်သေအနေဖြင့် ထွက်ဆိုခဲ့ ခြင်း ဖြစ်သည်။
နေပြည်တော်စည်ပင်က စီမံခန့်ခွဲခွင့်ရှိသည့် မြေလွတ်မြေလပ်များအား ၂၀၁၉ ကတည်းက သတ်မှတ်နှုန်းထားဖြစ်သော ၁ ဧက ကျပ်သိန်း ၅၀ နှုန်းဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်ထံ မြေနေရာချထားပေးရာတွင် စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းအခွန်းများဦးစီးဌာန၏ သတ်မှတ်နှုန်ထားနှင့် ကွာခြားသည်ဟုဆိုကာ စွပ်စွဲတရားစွဲဆိုခြင်း ဖြစ်သည်။
“သက်သေကတော့ အဲဒါတွေ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း အကုန်ထွက်ဆိုပါတယ်။ သူတို့ စည်ပင်ကပဲ ဆုံးဖြတ်ချက်ချတဲ့ အကြောင်း၊ အခွန်ဦးစီးဌာနကနေ လာပြီးတော့ စွပ်စွဲခဲ့တာ မရှိတဲ့အကြောင်း၊ တခါမှလည်း မရှိခဲ့ဘူးတဲ့ အကြောင်းတွေ ပေါ်လွင်အောင် စစ်မေးခဲ့တာ တွေ့ရပါတယ်” ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း ပေးခဲ့သည် ဟုဆိုကာ စွပ်စွဲတရားစွဲဆိုထားသည့် အဂတိမှုနှင့် ပတ်သက်၍လည်း ပြန်ခေါ်သက်သေများအဖြစ် ဦးဖြိုးမင်းသိန်း၊ ၎င်း၏ ဇနီး ဒေါ်ခင်မိမိကြွယ်၊ တရားလို ဦးရဲထက်နှင့် ဦးမောင်မောင်ကြည်တို့အား မတ် ၇ ရက်နှင့် ၈ ရက် ရုံးချိန်းများတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြန်လှန်စစ်မေးခဲ့ကြသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် စွပ်စွဲ တရားစွဲဆိုထားသည့် အဂတိမှုနှင့် ပတ်သက်၍လည်း တရားလိုဖြစ်သူအား ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား အမှုပေါင်း တဒါဇင်ကျော်ဖြင့် စွပ်စွဲကာ တရားစွဲဆိုလျက်ရှိရာတွင် ကနဦးစွပ်စွဲချက်များဖြင့် ထောင်ဒဏ်များလည်း ချမှတ်ထားသည်။
ထိုသို့ စစ်ကောင်စီက စွပ်စွဲကာ တရားစွဲဆိုထားမှုများအနက် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုဖြင့် စွဲဆိုထားမှု ၅ မှု၊ ဒေါက်တာမျိုးအောင်အပေါ် အဂတိမှုဖြင့် စွဲဆိုထားမှု ၅ မှု၊ ဦးရဲမင်းဦးအပေါ် အဂတိမှုဖြင့် စွဲဆိုထားမှု ၅ မှုနှင့် ဦးနိုင်ငံလင်း အပေါ် အဂတိမှုဖြင့် စွဲဆိုထားမှု ၅ မှုတို့အား အမှုတွဲ ချေဖျက်ပေးရန် ပြီးခဲ့သည့်ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းက ရှေ့နေများက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လျှောက်ထားတင်သွင်းခဲ့သည်။
အဆိုပါ အမှုတွဲချေဖျက်ပေးရန် လျှောက်ထားမှုအား လာမည့် မတ် ၁၅ ရက်တွင် လက်ခံသင့်မသင့် ဆုံးဖြတ်ရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာမည် ဖြစ်သည်။