သတင်း

တိုင်းရင်းသား လက်နက်ကိုင်တချို့နှင့် ဂျပန် အထူးကိုယ်စားလှယ် ထိုင်းတွင် တွေ့မည်

မြန်မာနိုင်ငံ တောင်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အချို့နှင့် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ မတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၌ တွေ့ဆုံ ဆွေးနွေးကြရန် ရှိနေကြောင်း ဧရာဝတီက စုံစမ်း သိရသည်။

နိပွန်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သည့် မစ္စတာ ဆာဆာကာဝါနှင့် တွေ့ဆုံမည့် EAO အဖွဲ့များမှာ ကရင်နီအမျိုးသားများ တိုးတက်ရေး ပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ဖြစ်ကြောင်း ဧရာဝတီ၏ သတင်း ရင်းမြစ်အချို့က ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အကြံပေး ဦးလှမောင်ရွှေနှင့် ဦးအောင်နိုင်ဦးတို့ တက်ရောက်မည်ဆိုသည့် သတင်းအချို့ ရရှိသော်လည်း ဧရာဝတီအနေနှင့် အဆိုပါသတင်းကို သီးခြား အတည်မပြုနိုင်ပေ။

ကယားပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ပြင်းထန်နေသော KNPP ၏ အတွင်းရေးမှူး (၁) ဖြစ်သူ ခူးဒယ်နီ ရယ်ကမူ KNPP အနေနှင့် ဂျပန်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံသွားရန် ရှိသော်လည်း စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ကတော့ စစ်ကောင်စီဘက်က အဖွဲ့တွေနဲ့ တွေ့ဖို့ အကြောင်းလည်း မရှိဘူး။ နိပွန်ဖောင်ဒေးရှင်းနဲ့ တွေ့့ဖို့တော့ ရှိတယ်။ ကျနော်တို့တွေ့မှာက နိုင်ငံရေးပြောဖို့ မဟုတ်ဘူး။ လူမှုရေး ကိစ္စပါပဲ။ လူသားချင်း စာနာမှုကိစ္စ၊ စစ်ဘေးရှောင် တွေအရေး အဲဒါတွေ ဆွေးနွေးဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးဌာန အကြီး အကဲ ပဒိုစောတောနီး ကလည်း စစ်ကောင်စီ ကိုယ်စားလှယ်များ တက်ရောက်မည့် ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို KNU ဘက်က တက်ရောက်ရန် စိတ်ကူး မရှိဟု ဆိုသည်။

“ကျနော်တို့လည်း သတင်း ကြားပါတယ်။ ဒီမှာ KNU လည်း ပြောကြဆိုကြတာ သိပ်မရှိတော့ အထွေအထူးတော့ ပြောစရာ မရှိပါဘူး။ ကျနော်တို့ကတော့ သွားဖို့တော့ စိတ်ကူး မရှိပါဘူး။ ဒါကလည်း စစ်ကောင်စီက လုပ်တဲ့ဟာတွေ ဆိုတော့လည်း ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ ၇၅ နှစ်မြောက်တုန်းက ခေါ်တာတွေနဲ့ အတူတူပဲလေ။ ဘာမှထူးမှာလည်း မဟုတ်ဘူး။ သူတို့ ကမကထ လုပ်တဲ့ဟာတွေက ရလဒ် ဘာထွက်သလဲဆိုတာ အထူးပြောစရာမလိုတော့ဘူး” ဟု မှတ်ချက်ပေးသည်။

RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူး ခမ်းစံကမူ ဂျပန် အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲသို့ RCSS ဘက်က တက်ဖြစ်၊ မတက်ဖြစ်အား သီးခြား မှတ်ချက် မပေးလိုဘဲ အပစ်ရပ် EAO ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထံ မေးမြန်းရန်သာ ဧရာဝတီသို့ ပြောသည်။

PPST အဖွဲ့ဝင် PNLO ၏ ဦးဆောင်နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက EAO အဖွဲ့များနှင့် ဂျပန်အထူး ကိုယ်စားလှယ် တွေ့ဆုံနိုင်ရန် PPST က လွန်ခဲ့သော ၃ လကတည်းက ကြားဝင် ချိတ်ဆက်ပေးခြင်း ဖြစ်ကြောင်း ပြောသည်။

“ဒီတခါက နီပွန်ဖောင်ဒေးရှင်း ဆိုတဲ့ တာဝန်ထက်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တွဲပြီး အလုပ်လုပ်မယ့် ဂျပန် အထူးကိုယ်စားလှယ် အနေနဲ့ပဲ ဖြစ်ပါတယ်။ ဒီတခါတော့ သူရန်ကုန် မသွားခင် နိုင်ငံရေးအခြေအနေတွေကို သုံးသပ် ဖလှယ်ကြမယ့် သဘောဖြစ်ပါတယ်။ ဆွေးနွေးပွဲကို သူ (မစ္စတာ ဆာဆာကာဝါ) ဦးဆောင်မှာပါ” ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆွေးနွေးပွဲသို့ EAO များ တက်မည်၊ မတက်မည်ဆိုသည့် ကိစ္စသည် တဖွဲ့ချင်းစီ၏ ကိုယ်တိုင် ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်ကြောင်း ပြောသည်။

ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် ပြီးခဲ့သည့် မတ်လ ၇ ရက်က ကမော္ဘဒီးယားနိုင်ငံ ဖနွမ်းပင် မြို့ တော်ရှိ ငြိမ်းချမ်းရေး နန်းတော်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အပါအဝင် ကမော္ဘဒီးယားနိုင်ငံခြားရေး ဝန်ကြီး Prak Sokhonn တွေ့ဆုံခဲ့သေးသည်။

တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ် ဟွန်ဆန်က မစ္စတာ ဆာဆာကာဝါအား မြန်မာ့အရေးတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် အတူ အလုပ်တွဲလုပ်ရန် ကမ်းလှမ်းခဲ့ပြီး အထူး ကိုယ်စားလှယ်၂ ဦးအကြား၌လည်း မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း Khmer Times သတင်းဌာန၏ ရေးသား ချက်အရ သိရသည်။

ဂျပန် အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် မတ်လ ဒုတိယပတ်ထဲတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိနေပြီး မြန်မာနိုင်ငံသို့ မလာမီတွင် မြန်မာနိုင်ငံအခြေစိုက် EAO အဖွဲ့အချို့နှင့် ကြိုတင် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း လေ့လာ သူများက ဆိုသည်။

You may also like these stories:

စစ်ကောင်စီခေါင်းဆောင် လူမြင်ကွင်းက ပျောက်နေတာ တပတ်ကျော်ကြာပြီ

ယူကရိန်း-ရုရှား စစ်ပွဲဆိုင်ရာ စစ်ကောင်စီ အရေးပေါ်စည်းဝေး

မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်

Loading