သတင်း

တပ်မတော်နေ့ မတိုင်မီ စစ်ကိုင်း PDFကို ရှင်းရန် စစ်ကောင်စီ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မတ် ၂၇ရက် တပ်မတော်နေ့ မတိုင်မီ အပြတ်ရှင်းမည် ဆိုသော သတင်းများ ထွက်ပေါ်နေရာ စစ်ကောင်စီက အင်အားများ ထပ်မံဖြည့်၍ မြေလှန်စနစ်သုံးကာ ပြင်းပြင်း ထန်ထန် ဖိနှိပ်မှုများ ပြုလုပ်နေသည်။

မကြာခင်ရက်ပိုင်းက ပြုလုပ်သည့် စစ်ကောင်စီ၏ အစည်းအဝေးတွင် လာမည့် မတ်လ ၂၇ ရက်၊ တပ်မတော်နေ့ မတိုင် မီ စစ်ကိုင်းတိုင်းအတွင်း “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့် ကျေးရွာများကို မီးရှို့ပြီး ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များအား အပြီး ရှင်းလင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ အတွင်း သတင်းရင်းမြစ်များထံကတဆင့် ဧရာဝတီက ရရှိခဲ့သလို ယင်းသတင်းကို စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း ကြားသိပြီး ဖြစ်ကြောင်း ဆိုကြသည်။

ထို့နောက်တွင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း အတွင်းရှိ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ မင်းကင်း၊ ရွေဘို၊ တန့်ဆည်၊ ဝက်လက်၊ အရာတော်၊ ကလေး၊ ဒီပဲယင်း စသည့် မြို့နယ်များတွင် ကျေးရွာများအား ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးသည့်အပြင် ဒေသခံများအား သတ်ဖြတ်ပြီး အချို့ မြို့နယ်များတွင် တပ်အင်အား အလွန်အကျွံ ဖြည့်တင်း ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုလဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် ပျူစောထီးတို့ တပ်စွဲရာ ဇီးဖြူကုန်းရွာအနီးက စခန်းတခုကို ဗိုလ်နဂါး ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များက တိုက်ခိုက်ခဲ့သည့် မတ်လ ၃ ရက် နောက်ပိုင်း တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀၀ ဝန်းကျင် ထပ်မံဖြည့်တင်းလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ဗိုလ်နဂါးက “ပုလဲမြို့နယ်အတွင်းကို အင်အားတွေ အဆမတန် တိုးမြှင့်နေတယ်။ ကျနော်တို့ကြားထားတာ ရှိတယ်။ သူတို့ (စစ်ကောင်စီ) ပြောထားတာ၂၇ ရက် တပ်မတော်နေ့ မတိုင်မီမှာ စစ်ကိုင်းတိုင်းကို ဘယ်အတိုင်းအတာအထိ ချေမှုန်းရ ချေမှုန်းရ နောက်ဆုံး ရွာမကျန်ရင်တောင် နေပါစေဆိုပြီး တရားလွတ် စကားလုံး သုံးပြီးတော့ ချေမှုန်းဖို့ ဆိုပြီး အမိန့်ချထားတယ်လို့ ကျနော်တို့ ကြားရတာ ရှိတယ်။ မီးရှို့တာတွေ ခပ်စိပ်စိပ် လုပ်လာလိမ့်မယ်။ ပြည်သူတွေကို လန့်သွားအောင် အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက် နှိပ်စက်တာတွေ လုပ်မယ်လို့ ယူဆရတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “အခုကလည်း လက်တွေ့ပြနိုင်လောက်တဲ့အထိ မီးရှို့ဖျက်ဆီးမှုတွေ သတ်ဖြတ်မှုတွေ ရှိနေတာ။ စစ်တပ်က ပြည်သူ့ရဲ့ အကျိုးစီးပွားနဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အာဏာသိမ်းတာ မဟုတ်ခဲ့ဘူး။ သူတို့ ကိုယ် ကျိုး စီးပွား၊ လိုအင်ဆန္ဒအတွက် သိမ်းခဲ့တာဆိုတာ ဒီကနေ့ ပြည်သူတွေကို နှိပ်စက်ဖျက်ဆီးနေတာ ဒီတိုင်းပြည်ကို သူတို့ကိုယ်တိုင် မီးလောင်တိုက် သွင်းနေတာတွေကို ကြည့်ရင် ပိုပြီး သိသာတယ်။ လူ့သဘာဝအရ အင်အားကြီးတဲ့ အဖွဲ့အစည်းက ဖိနှိပ်တော့မယ့် လက္ခဏာတွေ့ရင် စိုးရိမ်ပူပန်မှုတော့ ရှိတာပေါ့။ ဒါပေမယ့် စိုးရိမ်ပူပန်မှုတွေကပဲ ကျနော်တို့ရဲ့ နာကျဉ်းစိတ်ကို ပိုပြီး ဖြစ်စေတယ်” ဟု ပြောသည်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်‌ထဲရှိ ချောင်းမ ကျေးရွာ၊ ချင်းပုန်းကျေးရွာ သပြေအေးကျေးရွာနှင့် မိုးကောင်းကျေးရွာတို့တွင် မတ်လ ၃ ရက်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ (ဓာတ်ပုံ- CJ)

မြေလှန်စနစ်သည် ရန်သူအတွက် အသုံးဝင်မည့် မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်ရန် ရည်ရွယ်သည့် စစ်ရေးဗျူဟာ ဖြစ်ပြီး ရန်သူမှ အသုံးပြုနိုင်သည့် မည်သည့် ပိုင်ဆိုင်မှုမဆို ပစ်မှတ်ထားခံရနိုင်ပြီး များသောအားဖြင့် လက်နက်များ၊ သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ ဆက်သွယ်ရေး နေရာများနှင့် စက်မှု အရင်းအမြစ်များ ပါဝင်သည်။

မြေလှန်စနစ်တွင် ရန်သူအတွက် အသုံးဝင်သမျှ ပစ္စည်းများကို ပစ်မှတ်ထား ဖျက်ဆီးခြင်းဖြစ်ရာ ပြည်သူလူထု၏ ပိုင်ဆိုင်မှုများနှင့် ပြည်သူလူထုကိုယ်တိုင်ပင် ပစ်မှတ်အဖြစ် သဘောထားခံရသဖြင့် မြေလှန်စနစ်ကို ဒုတိယ ကမာ္ဘစစ် ပြီးနောက် ၁၉၇၇ ခုနှစ်တွင် ပြုလုပ်သည့် ဂျီနီဗာကွန်ဗန်းရှင်းတွင် စတင် တားမြစ်ခဲ့သည်။

စစ်ကောင်စီတပ်က မီးရှို့တိုက်ခိုက်မှုများကို လွန်ခဲ့သည့်နှစ် မေလက စတင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် အစတွင် မီးရှို့ခြင်းများ ပိုပြင်းထန်လာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တလတည်းတွင်ပင် လူနေအိမ်ပေါင်း ၂၈၈၂ လုံးကို မီးရှို့ခဲ့ပြီး အဆိုပါ အရေအတွက်သည် စစ်အာဏာသိမ်းမှု နောက်ပိုင်း မီးရှို့မှုများ၏ ထက်ဝက်နီးပါး ဖြစ်ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သည့် Data for Myanmar က ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် ၁၃ လတာ ကာလအတွင်း စစ်ကောင်စီတပ်သည် အရပ်သား ပြည်သူများ၏ နေအိမ် အနည်းဆုံး ၆၁၅၈ လုံးကို မီးရှို့ခဲ့ပြီး စစ်ကိုင်းတိုင်းက ဒေသခံများသည် အပျက်အစီးများ၏ ၆၀ ရာခိုင်နှုန်းနီးပါးကို ခံစားနေရခြင်း ဖြစ်ကြောင်း Data for Myanmar က အချက်အလက်များအရ သိရသည်။

စစ်ကိုင်းတိုင်းတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့နေရသည့် အပြင် ဒေသခံများ သတ်ဖြတ်ခံရခြင်း၊ ကာကွယ်ရေး တပ် ဖွဲ့ဝင်များ မီးရှို့သတ်ဖြတ်ခံရခြင်းများလည်း ဖြစ်ပေါ်လျက်ရှိသည်။

မတ်လ ၃ ရက်က ဒီပဲယင်းမြို့နယ် မင်းဆွေနှစ် ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီပဲယင်းမြို့နယ် ဒေသခံ တဦးက “ညအချိန်ဝင်လာတယ် နည်းနည်း လှုပ်လှုပ်ရှားရှားတွေ့ရင် ပစ်တယ်ခတ်တယ် သတ်တယ်။ သူတို့ ဝင်တဲ့ ကျေးရွာဆိုရင် လွတ်အောင် ရှောင်ကြရတာ။ မိတဲ့လူတွေဆိုလည်း မချောင်ဘူးလေ။ ဒီလိုတွေ လုပ်မယ်ဆိုတာကို သူတို့ရဲ့ (စစ်ကောင်စီ) ယုတ်ညံ့မှုနဲ့ ကြမ်းတမ်းမှုကြောင့် ကြိုမျှော်လင့် ထားပြီးသား ဖြစ်တယ်။ သူတို့ရဲ့ ယုတ်ညံ့မှုနဲ့ လူမဆန်မှုကတော့ အထူးအဆန်း မဟုတ်ဘူး။ နောက်လည်း ဒီထက်ပိုပြီးတော့ ယုတ်ညံ့နိုင်တယ်” ဟု ပြောသည်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်‌ထဲရှိ ချောင်းမ ကျေးရွာ၊ ချင်းပုန်းကျေးရွာ သပြေအေးကျေးရွာနှင့် မိုးကောင်းကျေးရွာတို့တွင် မတ်လ ၃ ရက်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ (ဓာတ်ပုံ- CJ)

“အဲဒါက ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ နောက်ဆုံး အနေအထားလို့ပဲ ယူဆတယ်။ နောက်ပြီးရင် သူတို့ ဇာတ်သိမ်း တော့မှာ။ ဖက်ဆစ် လက်ထက် ကြုံခဲ့ရတယ် ဆိုတဲ့ အတွေ့အကြုံက ဒီနေ့ မြန်မာပြည်သူတွေ့ရဲ့ အတွေ့အကြုံကို မီမယ်တောင် မထင်တော့ဘူး။ ဖက်ဆစ်တွေတောင်မှ သူတို့လောက် ယုတ်ညံ့မယ် မထင်ဘူး။ သူတို့က ကြောက်သွား မလားဆိုပြီး ဖိနှိပ်ပေမယ့် ပြည်သူတွေက မခံချင်စိတ်နဲ့ နာကျည်းစိတ်တွေ ပိုကြီးလာတာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းတွင်း တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည်သာမက လေ ကြောင်းကပါ အပြင်းအထန် တိုက်ခိုက်လျက် ရှိသည်။

ထို့ပြင် အာဏာသိမ်း စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် မတ်လ ၆ ရက်က စစ်ကိုင်းတိုင်း မုံရွာနှင့် ကလေးမြို့သို့ သွားရောက်ကာ ၎င်းတို့ လက်အောက်ခံ အစိုးရ အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်း အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်း နယ်မြေ လုံခြုံရေး အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရသည်။

အလားတူပင် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး တခုတွင်လည်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ် ၇၇ ဖွဲ့ ဖွဲ့စည်းထားပြီး လက်နက်ပေါင်း၂၀၈၀ ခု တပ်ဆင် ထားကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တင်ပြခဲ့သည်ဟု သိရသည်။

ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “ကျနော်တို့ စစ်ကိုင်းကတော့ မြန်မာပြည် တပြည်လုံးရဲ့ PDF အင်အား အကောင်းဆုံးရယ်၊ စစ်ပွဲ အရေအတွက် များပြားမှုရယ် သူတို့ (စစ်ကောင်စီ) ထွက်တဲ့ လမ်းကြောင်းတိုင်းကို ပိတ်ဆို့တိုက်ခိုက်မှု အများဆုံးရယ်၊ ဒါတွေကြောင့်မို့လို့ သူတို့ မျှားဦးလှည့်တဲ့ တိုင်း ဖြစ်သွားတာပေါ့။ အခုချိန်မှတော့ ကျနော်တို့ကလည်း ဘယ်လိုနည်းနဲ့မှ နောက်ဆုတ်လို့ မရဘူး။ သူတို့ လုံးပါးပဲ ပါးပါး မပြိုမချင်း ဖြိုရမယ့် အလုပ်က ကျနော်တို့ အလုပ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများစုတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ် တောက်ကာ အရပ်သားများအား သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း တို့အပြင် ဘုန်းကြီးတချို့အား လက်နက် ကိုင်ဆောင်စေကာ ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ် ပျူစောထီးများအဖြစ် စည်းရုံး လုပ်ဆောင်လျက် ရှိသည်။

You may also like these stories:

စစ်ကိုင်းအား “အကုန်သတ်၊ အကုန်မီးရှို့” မူဖြင့်ရှင်းရန် စစ်ကောင်စီကြံစည်နေ

စစ်ကောင်စီခေါင်းဆောင် လူမြင်ကွင်းက ပျောက်နေတာ တပတ်ကျော်ကြာပြီ

Loading