နေ့စဉ်နှင့်အမျှ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ရန်ကုန်ရှိ မြို့နယ်တချို့တွင် သောက်သုံးရေ မလုံ လောက်သည့် ပြဿနာကိုပါ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရန်ကုန်မြို့နေ ပြည်သူများနှင့် ရေပေးဝေ ကူညီပေးနေသည့် အသင်းအဖွဲ့များထံမှ သိရသည်။
လတ်တလောတွင် သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် သာကေတ မြို့နယ်များအတွင်းရှိ ရပ်ကွက်တချို့ ၌ သောက်သုံးရေ မလုံလောက်သည့် အခြေအနေများကြောင့် လူမှုကူ ညီရေးအဖွဲ့များထံ အကူအညီတောင်းဆိုမှု များလာနေကြောင်း ရှင်သန်ရေးပရဟိတအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။
“မီးကမှ အချိန်ပိုင်း လာသေးတယ်။ တချို့ ရပ်ကွက်တွေဆိုရင် ရေကို မလာတာ တပတ်လောက်ရှိပြီ။ မီးလာပေမယ့် ရေတင် လို့ မရတဲ့ သူတွေလည်း ရှိတယ်။ မီးကတော့ ၂၄ နာရီလုံးပျက်တာ မဟုတ်သေးတဲ့အတွက် မီးလာတဲ့အချိန် ရေရှိရင်တော့ ရေတင်လို့ရမှာပေါ့။ အခုက ရေကိုမလာတဲ့ ပုံစံမျိုးလေးတွေ ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။
အများပြည်သူ ရေမလုံလောက်သည့် ပြဿနာသည် လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းနှင့် သက်ဆိုင်သလို ရန်ကုန်မြို့တွင်း ရေပေးဝေသောစနစ်တွင်လည်း အခက်အခဲတခုခု ဖြစ်ပေါ်နေသည့် အခြေအနေ ရှိကြောင်း ဦးထွန်းထွန်းဦး က မှတ်ချက်ပြုသည်။

အဝီစိတွင်းရေ အသုံးပြုသော အလယ်အလတ် လူတန်းစားများအတွက် လတ်တလော အခြေအနေများအရ အဆင်ပြေနေ ဆဲ ဖြစ်သော်လည်း ဝင်ငွေနည်းသည့် အခြေခံလူတန်းစားများသော ရပ်ကွက်များတွင်မူ ရေလိုအပ်ချက်က ပိုများလာနေ ကြောင်း သိရသည်။
ရေလိုအပ်သော မြို့နယ်မှ ရပ်ကွက်တချို့ကို ရေဂါလံ ၁၄၀၀၀ ကျော်မှ ၂၅၀၀၀ အထိ ကူညီပေးနေရပြီး ရှင်သန်ရေး ပရဟိတအသင်း တခုတည်းပင် ရေသယ်ကား ၂ စီးဖြင့် တစီးကို တနေ့လျှင် ၄ ခေါက်မှ ၅ ခေါက်အထိ ကူညီပေးနေရ ကြောင်း သိရသည်။
“မီးကမလာတော့ ရေတင်မရဘူး။ ရေရော၊ မီးရော မရတော့ အခုဓာတ်ဆီဈေးနဲ့က တနေကုန် မခံနိုင်ဘူး။ မိုးလင်းတာနဲ့ကို စိတ်ညစ်နေရတာ။ အသားတွေဆို အကုန်မကောင်းတော့ဘူး၊ seafood က လှောင်ထားရတာ။ ကြက်၊ ဝက်က ရသေးတယ်။ အခုက မီးမလာတော့ ရေခဲဝယ်အုပ်နေရတယ်” ဟု မြောက်ဒဂုံမြို့နယ်တွင် စားသောက်ဆိုင် ဖွင့်လှစ်ထားသူ တဦးက ဧရာဝတီသို့ ပြောသည်။
တဖက်တွင်လည်း စက်သုံးဆီဈေးနှုန်းများ ဆက်တိုက် မြင့်တက်လျက်ရှိပြီး ယခုအခါ ၁ လီတာလျှင် ကျပ် ၂၀၀၀ ကျော် ဖြစ်လာသောကြောင့် မီးစက်ကို အသုံးပြုလာရသည်မှာ တွက်ခြေမကိုက် ဖြစ်လာရ၍ ဆိုင်ကိုပင် ပိတ်ရမည့် အခြေအနေ ရှိလာနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့နယ်တချို့တွင် ရေပြတ်တောက်မှု များလာ၍ ယခင်က ဂါလံ ၅၀ ဆံ့ (ရေတိုင်ကီ ၁ လုံးစာ) ရေစည် ၁ စည် လျှင် ကျပ် ၅၀၀ မှ ၁၀၀၀ ရှိရာမှ ယခုအခါ ကျပ် ၂၀၀၀ မှ ၂၅၀၀ အထိ ဈေးတက်လာနေကြောင်း သာကေတမြို့နယ်တွင် နေထိုင်သည့် အိမ်ထောင်ရှင်မ တဦးကလည်း ပြောပြသည်။
“အခုက မီးက လုံးဝ မမှန်တော့ ရေက အိမ်မှာသုံးဖို့ ဘယ်လိုမှ မလုံလောက်ဘူး။ အပြင် ရေစည်ပဲ ဝယ်သုံးနေရတာ။ အခုက အဲဒီ ရေစည် ဈေးတွေကလည်း လိုက်တက်လာတော့ လူတွေလည်း တော်တော်အခက်အခဲ ဖြစ်နေကြပြီ” ဟု ဆိုသည်။
ရန်ကုန်မြို့တွင်း နေ့စဉ် ရေသုံးမှုပမာဏသည် ရေဂါလံ သန်းကျော်အထိရှိပြီး ပုံမှန်ကာလမှာပင် ထိုပမာဏ၏ ၄၀ ရာခိုင်နှုန်း ကိုသာ အစိုးရက ရေပေးဝေနိုင်ကာ အများစုမှာ ကိုယ်ပိုင်ရေစက်များနှင့် အဝီစိတွင်းများမှရေကို အသုံးပြုရလျက် ရှိသည်။
ထို့ပြင် ရန်ကုန်မြို့တွင်းနှင့် ဆင်ခြေဖုန်းရပ်ကွက်များသို့ ရေပေးဝေရေးစနစ်သည် ပိုက်လိုင်းမကောင်းမှု၊ ရေယိုစိမ့်မှုများ ကြောင့် သုံးစွဲသူများထံ ရာခိုင်နှုန်း ထက်ဝက်သာ ရောက်ရှိပြီး နှစ်စဉ် ထက်ဝက်ခန့် ရေဆုံးရှုံးမှုများ ရှိနေသေးသည်။
စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတဝှမ်း လျှပ်စစ်မီးကို မတ် ၁၂ ရက်မှ ၁၈ ရက်အထိ ၇ ရက်ကြာ (၂၄ နာရီ) ပြတ်တောက်နိုင်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
You may also like these stories:
ရန်ကုန် ရေပေးဝေရေး စနစ် ကောင်းမွန်ရန် JICA အကူအညီဖြင့် စမ်းသပ်နေ
ရန်ကုန် ရေပေးဝေရေး အတွက် ဂျပန်က ကျပ် ၄ ဘီလီယံ ကျော် ချေးမည်
ရန်ကုန်မြို့၏ ၉၀ ရာခိုင်နှုန်း အထိ ရေပေးဝေနိုင်ရန် စီစဉ်နေဟု စည်ပင်ပြော