သတင်း

ယင်းမာပင်၌ ကလေးနှင့် သက်ကြီးရွယ်အို ၁၁ ဦး သတ်ဖြတ် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လက်ပံတောရွာနှင့် ကန်သာရွာတို့တွင် စစ်ရှောင်နေသည့် ကလေးငယ်၂ ဦး အပါ အဝင် သက်ကြီးရွယ်အို ၁၁ ဦးအား စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်၍ မီးပုံရှို့သွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ်လ ၈ ရက်တွင် ယင်းမာပင်မြို့နယ်ရှိ လက်ပံတောရွာအတွင်း တပ်စွဲထားပြီး လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရွာဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ကလေးငယ်၂ ဦးနှင့် သက်ကြီး ပိုင်း ၈ ဦးအား ထိမှန် သေဆုံးသွားပြီး အဆိုပါ ရုပ်အလောင်းများကို စစ်ကောင်စီက စုပုံ၍ မီးရှို့ ထားခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက “လက်နက်ကြီးနဲ့ ဘုန်းကြီးကျောင်းကို လှမ်းပစ်လို့ သေကုန်တာပဲ။ ကျနော်တို့ ပုန်းနေတဲ့နေရာကနေ လှမ်းမြင်ရတာ ဘာမှလည်း သွားလုပ်လို့ မရဘူး။ သွေးသံရဲရဲနဲ့။ ပြီးတော့ သေသွားတဲ့လူတွေကို ဘုန်းကြီးကျောင်း နောက်ဘက်က ခုတင်ပေါ်ကို တင်ပြီးတော့ မီးတွေ ပုံရှို့ထားခဲ့တာ။ ကလေးလေး၂ ယောက် ပါတယ်။ စုစုပေါင်း ၁၀ ယောက်ပဲ” ဟုပြောသည်။

အဆိုပါ သေဆုံးခဲ့သူများမှာ လက်ပံတောကျေးရွာမှ ဒေါ်အေးသောင်း၊ ဒေါ်တင်ညွန့်၊ ဦးသန်းမောင်၊ ဒေါ်သိန်းမြ၊ ဒေါ်သန်းညွန့်၊ ဦးအုန်းလှိုင်၊ ဒေါ်လှပြည့်၊ ကလေးငယ်၂ ဦးဖြစ်သည့် စွမ်းထက်နိုင်၊ မြတ်ဘုန်းနိုင်၊ ၎င်းတို့၏ မိခင် ဒေါ်မို့မို့ ဝင်းတို့ ဖြစ်ကြသည်။

လက်ပံတောကျေးရွာတွင် စစ်ကောင်စီ သတ်ဖြတ် မီးရှို့သွားသော ဒေသခံများ၏ အလောင်းများ (ဓာတ်ပုံ- AAMIJ)

အဆိုပါ သေဆုံးသူထဲမှ မိသားစုဝင်တဦးက “ခံစားရတာတော့ အတိုင်းမသိကို ခံစားရတာ။ မနေ့ကဆိုရင် အလောင်းပုံ တွေ တွေ့တော့ ကိုယ်သာ သူတို့လို လက်နက်မျိုး ကိုင်နိုင်ရင် တခါထဲကို လိုက်ပစ်လို့ရတယ်။ ကိုယ်တိုင်ကလည်း သာမန်လုပ်ကိုင် စားသောက်နေတဲ့ လူတယောက်ဆိုတော့။ သေတဲ့သူတွေကို ဒီတိုင်း ထားခဲ့လိုက်ပါလား။ ဆွေမျိုး သားချင်းတွေက တွေ့ရတာပေါ့။ အခုတော့ မီးပါရှို့လိုက်တယ်။ ပြောမထွက်လောက်အောင်ကို ခံစားရတယ်။ ဘာမှကို ပြောစရာမရှိလောက်အောင်ကို ခံစားရတယ်” ဟုပြောသည်။

ထို့ပြင် ယမန်နေ့က ကန်သာရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသည့် သက်ကြီးရွယ်အို ဒေါ်စိန်တင့်၏ အလောင်း ကို ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူများအပြင် ကန်သာ- လက်ပံတောရွာမှ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသူများလည်း ရှိ ကြောင်း သိရသည်။

ယင်းမာပင် PDF က “အလောင်း တွေ့ရှိမှုကတော့ မနေ့က ကန်သာ- လက်ပံတောကို ဝင်ပြီးတော့ မီးရှို့ခံထားရတာမှာ မနေ့ညကထိ အလောင်း ၁၁ လောင်းနဲ့ လူ ၅ ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားတာကနေ မနေ့က တယောက်ကို ပြန်လွှတ်လိုက်တာလို့ သိရတယ်။ ဒီနေ့ကတော့ နောက်ဆုံး အက်ဒိတ် သတင်းတွေတော့ မရသေးဘူး” ဟု ပြော သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် မတ်လ ၈ ရက်က လက်ပံတောရွာဘက်သို့ ဝင်ရောက်လာပြီး လက် နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ပြည်သူ့ ကာကွယ်ရေးများနှင့် စစ်ကောင်စီ တပ်တို့ကြား လက်ပံတော တဝိုက်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံကာကွယ်ရေး တပ်များက သိရသည်။

လက်ပံတောကျေးရွာတွင် စစ်ကောင်စီ သတ်ဖြတ် မီးရှို့သွားသော ဒေသခံများ၏ အလောင်းများ (ဓာတ်ပုံ- AAMIJ)

“တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ သူတို့က ဘယ်ကို ဦးတည်နေလဲတော့ မသိသေးဘူး။ ဒါပေမယ့် သူတို့သွားတဲ့ လမ်း တလျှောက်ကိုတော့ ကျနော်တို့ဘက်က အခွင့်အရေးသာရင် သာသလို မိုင်းနဲ့ ရှင်းတယ်။ သူတို့တွေက စစ်ဝတ်စုံတွေ နဲ့ မဟုတ်ဘူး။ အနက်ဝတ်စုံ ဘောင်းဘီတိုတွေနဲ့ အယောင်ဆောင်တွေပေါ့။ လူခွဲပြီးတော့ မလာရဲဘူး။ အုပ်စုလိုက် တက်တယ်။ အင်အားက ၁၀၀ နဲ့ အထက်မှာ ရှိမယ်” ဟု ယင်းမာပင် PDF က ပြောသည်။

လက်ရှိတွင် ယင်းမာပင်မြို့နယ်၊ သီးကုန်းရွာအနောက်ဘက် ဘုရားကုန်းနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ် စွဲနေရာယူထားသည့်အတွက် စစ်ရေးတင်းမာသည့် အခြေအနေတွင်ရှိနေပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ခိုက်သည့်အချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်များမှာ ယင်းမာပင်နယ်တလျှောက် စစ်အင်အားအမြောက်အများ တိုးချဲ့ထားပြီး တရွာဝင်တရွာထွက် ပုံစံနှင့် နယ်မြေ ရှင်းလင်းရေး လုပ်ကာ ပြည်သူ့ ကာကွယ်ရေးတပ်များကို ရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံ ကာကွယ်ရေးတပ်များက ပြောဆိုသည်။

You may also like these stories:

တပ်မတော်နေ့ မတိုင်မီ စစ်ကိုင်း PDFကို ရှင်းရန် စစ်ကောင်စီ လုပ်ဆောင်နေ

ပေါက်တွင် စစ်တပ်က သားအမိ ၃ ဦးကို သတ်ဖြတ်ပြီး မိခင်ဖြစ်သူကို အဓမ္မပြုကျင့်

Loading