စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်း နေအိမ်တွင် ဖမ်းဆီးခံရသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးကို အင်းစိန်ထောင်တွင်း တရားရုံးမှ ယနေ့ ၌ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ကိုမြအေး အား ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသားဖြစ်သူ မင်းသိမ်း ဆိုသူနှင့် အီးမေးလ် (E-mail) က တဆင့် ဆက်သွယ် ပြောဆိုခဲ့သည်ဟု စွပ်စွဲကာ မင်္လာတောင်ညွန့်မြို့နယ် ဒုရဲမှူး ဇော်မင်းသူ ဆိုသူက တရားလို ပြုလုပ်၍ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅- ဂ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅- ဂ တွင် “လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ၊ တဖက်နှင့် တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
ကိုမြအေး၏ သမီးဖြစ်သူက “ဒီနေ့ အဖေ ဦးမြအေးကို ၅၀၅ (ဂ)နဲ့ ထောင်ဒဏ် ၂ နှစ်ဆိုပြီး အမိန့် ချလိုက်ပါပြီ။ ဒီနေ့က အဖေ့ရဲ့ ၅၆ နှစ်မြောက် မွေးနေ့ဖြစ်သလို မတရား ဖမ်းဆီးချုပ်နှောင်ခံနေတာ ၁ နှစ်၊ ၁ လ နဲ့ ၁၀ ရက်ကြာခဲ့တဲ့နေ့ လည်း ဖြစ်တယ်။ စစ်ခုံရုံးနဲ့ အသွင် မကွာလှတဲ့ အင်းစိန်ထောင်ထဲက တရားရုံးမှာ လပေါင်းများစွာ ရုံးထုတ်ပြီးတော့ ဒီနေ့ အမိန့်ချလိုက်တာပါ။ မိသားစုဝင်တွေအနေနဲ့ ဘာသတင်းအတွက်မဆို ကြိုတင် ပြင်ဆင်ထားပေမယ့် ဒီနေ့တော့ ဒေါသလည်း ထွက်တယ်၊ စိတ်လည်း မကောင်းဘူး” ဟု လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
လက်ရှိတွင် ကိုမြအေးအနေဖြင့် ဖမ်းဆီး ချုပ်နှောင်ခံထားရသည်မှာ ၁ နှစ်ကျော်ပြီဖြစ်ပြီး ကျန်းမာရေး အနေဖြင့် နှလုံး နှင့် ပတ်သက်သည့် ရောဂါအခံအပြင် ထောင်အတွင်းနေထိုင်စဉ် ခြေထောက်ပိုးဝင်သည့် ရောဂါဝေဒနာ ထပ်မံ ခံစား နေရပြီး အပတ်စဉ် ဆေးရုံပြ ကုသနေရဆဲ ဖြစ်ကြောင်း သိရသည်။
ချမှတ်လိုက်သည့် ထောင်ဒဏ် ၂ နှစ်တွင် ချုပ်ရက်များကို ပြန်လည် ခံစားခွင့်ရှိမည် ဖြစ်ကြောင်း သိရသည်။
ဦးမြအေးသည် ယခင်က စစ်တပ်ကို ဝေဖန်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ယခင် စစ်အာဏာရှင် လက်ထက် ၁၉၈၉ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့တွင် နှစ်ရှည်လများ ထောင်ဒဏ် ချမှတ်ခံခဲ့ရသူတဦးလည်း ဖြစ်ပြီး အရပ်သားအစိုးရ ဖြစ်သည့် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် လွတ်ငြိမ်ချမ်းသာခွင့်ဖြင့် အခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့်အတူ ပြန်လွတ်လာခဲ့သည်။
You may also like these stories:
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ မြေနေရာချပေးမှု စည်ပင်သတ်မှတ်ချက်အတိုင်းဖြစ်ဟု ထွက်ဆို
NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆို