သတင်း

ASEAN အထူးသံတမန်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆာဆာကာဝါကို ဟွန်ဆန် တိုက်တွန်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် အားထုတ်မှုများတွင် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ဥက္ကဋ္ဌ၏ အထူးသံတမန်အဖြစ် ဆောင်ရွက်နေသော ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပရက် ဆိုခွန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ဂျပန်အထူးသံတမန် မစ္စတာ ယိုဟဲအိ ဆာဆာကာဝါကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က တိုက်တွန်းလိုက်သည်။

ထိုတောင်းဆိုမှုကို မစ္စတာ ဟွန်ဆန်နှင့် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်သော မစ္စတာ ဆာဆာကာဝါတို့ ဖနွမ်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် တနင်္လာနေ့က တွေ့ဆုံစဉ် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးသံတမန်ဖြစ်သော မစ္စတာ ဆာဆာကာဝါသည် ဖြုတ်ချဖမ်းဆီးခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ပါ ကောင်းမွန်သော ဆက်ဆံရေးရှိသူဖြစ်သည်။

၂၀၂၀ ပြည့်နှစ်က သူ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် မြန်မာစစ်အုပ်စုနှင့် ရခိုင်တိုင်းရင်းသားများ၏ ရက္ခိုင့်တပ်တော် (AA) အကြား နှစ်ပေါင်းများစွာကြာသော တိုက်ပွဲများ ရပ်ဆိုင်းသွားခဲ့သည်။ ထိုသို့ သြဇာလွှမ်းမိုးမှုများ ရှိသော်လည်း စစ်ကောင်စီသည် မစ္စတာ ဆာဆာကာဝါကို လွန်ခဲ့သောနှစ်ကုန်က မြန်မာသို့ လာရောက်စဉ် ဖမ်းဆီးခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပေးခဲ့ပေ။

တနင်္လာနေ့ကတင်သည့် မစ္စတာ ဟွန်ဆန်၏ တရားဝင် Facebook ပို့စ် အရ မစ္စတာ ဆာဆာကာဝါက သူသည် မစ္စတာ ဟွန်ဆန်၏ ဇန်နဝါရီလက မြန်မာနိုင်ငံခရီးစဉ်ကို ထောက်ခံကြောင်းပြောသည်။

ထိုခရီးစဉ်ကို မြန်မာပြည်သူအများစုက ရှုတ်ချကြသည်။ ထိုခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲများ မဖိတ်သည့် ASEAN နှင့် မြန်မာအကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် လုပ်ဆောင်သည့် အားထုတ်မှုဖြစ်သည်။

လွန်ခဲ့သော စစ်အာဏာသိမ်းပြီးချိန်မှ စတင်ပြီး နိုင်ငံကို ဖျက်ဆီးနေသည့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး အပါအဝင် အဖွဲ့၏ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ခေါင်းဆောင်က လေးစားလိုက်နာရန် ပျက်ကွက်သောကြောင့် သူ့ကို ဖယ်ကျဉ်ထားခြင်းဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သည့် လူပေါင်း ၁,၅၀၀ ကျော်ကို သတ်ဖြတ်ထားပြီး ဖြစ်သည်။

စစ်ကောင်စီသည် အကျပ်အတည်း ဖြေရှင်းရေးတွင် မည်သည့်တိုးတက်မှုမျှ မလုပ်ခဲ့ကြောင်း မစ္စတာ ဟွန်ဆန်က နောက်ပိုင်းတွင် ဝန်ခံခဲ့ပြီး အခြေအနေသည် သူ၏ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးသက်တမ်းအတွင်း ပြေလည်မည် မဟုတ်ကြောင်း ပြောသည်။

သို့သော် တနင်္လာနေ့က တင်သည့် Facebook ပို့စ်တွင်မူ သူသည် ဥက္ကဋ္ဌအနေဖြင့် မြန်မာအကျပ်အတည်း ဖြေရှင်းရေးကို ဆက်လက် အားထုတ်မည်ဖြစ်ကြောင်း ပြောပြီး မစ္စတာ ပရက်ဆိုခွန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် မစ္စတာ ဆာဆာကာဝါကို တိုက်တွန်းခဲ့ကြောင်း ဖော်ပြသည်။

ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးတွင် မစ္စတာ ဆာဆာကာဝါ ပါဝင်ဆောင်ရွက်ရန် တောင်းဆိုခြင်းကို ထောက်ခံကြောင်း ကမ္ဘောဒီးယား ဒီမိုကရေစီ အင်စတီကျု ဥက္ကဋ္ဌ ပါ ချန်ရိုယန်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ဂျပန်ဟာ ဒေသတွင်း နိုင်ငံရေး ပဋိပက္ခဖြေရှင်းရာမှာ သြဇာရှိတဲ့ နိုင်ငံတွေထဲမှာ ပါတယ်ဆိုတာကို ကျနော်တို့ သတိထားမိတယ်” ဟု သူက ပြောသည်။

မစ္စတာ ပရက်ဆိုခွန်းသည် အကျပ်အတည်း အဖြေရှာရေးအတွက် မတ်လ ၂၀ မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။ သို့သော် သူသည် ဖမ်းဆီးခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် ရ၊ မရ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံသို့ ၅ ရက်ကြာ သွားရောက် လည်ပတ်စဉ်အတွင်း မစ္စတာ ဆာဆာကာဝါသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း မည်သူနှင့် တွေ့ဆုံသည်ကို ပြောဆိုရန် ငြင်းဆန်သည်။ သူသည် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

You may also like these stories:

ဂျပန်အထူးသံတမန်နှင့် EAOs များဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးမျှော်လင့်ချက် မရှိ

အမေရိကန်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နိုင်ငံရေးနှင့် မဆိုင်သည့် မြန်မာကိုယ်စားလှယ်ကိုသာ ဖိတ်မည်

NUG နှင့် တွေ့ဆုံရန် အာဆီယံ အထူးသံတမန် တွန်းအားပေးမှု စစ်ကောင်စီ ပယ်ချ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာ့အရေး လက်လျှော့

ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ဓားကို ပြုပြင်ထိန်းသိမ်းထား

Loading