စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အပြတ်ရှင်းမည်ဟူသော သတင်းများ ထွက်ပေါ်ပြီး နောက် ဖြစ်ပွားခဲ့သည့် ခင်ဦးမြို့နယ်တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပ.က.ဖ) ၁၁ ဦးနှင့် အရပ်သား ပြည်သူ ၃ ဦးကို စစ်ကောင်စီက အစုလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
မတ် ၅ ရက်မှ စတင်ကာ ရေဦးမြို့နယ်တွင် တပ်စွဲထားသည့် တပ်မ ၇၇ နှင့် ပျူစောထီး အဖွဲ့ဝင်များသည် ခင်ဦးမြို့နယ် ထဲသို့ ရောက်ရှိလာပြီးနောက် ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းရှိ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ သိမ်တော်၊ ဒါန်းကုန်း၊ မှန်တော၊ ကျွန်းလည်၊ အင်ပေါက် စသည့်ရွာများကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။
မတ် ၈ ရက် နံနက် ၉ နာရီခန့်တွင် သိမ်တော်ရွာသို့ စစ်ကောင်စီတပ်သည် ၄၀ မမ လောင်ချာ များဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်ဝင်ရောက်လာရာ ပြန်လည်ခုခံကာကွယ်သည့် ကျေးရွာ ပ.က.ဖ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီဘက်က ဆက်တိုက် ပစ်ခတ်သည့်အတွက် ကျေးရွာ ပ.က.ဖ အဖွဲ့ဝင်များ နောက် ဆုတ်ခဲ့သော်လည်း ပ.က.ဖ ၁၁ ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံရပြီး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသ သတင်းရင်းမြစ်များ၏ ပြောပြ ချက်အရ သိရသည်။
သေဆုံးခဲ့သည့် ကာကွယ်ရေး အဖွဲ့ဝင်များ၏ ရုပ်အလောင်းများတွင် နှိပ်စက်ခံထားရသည်ကို တွေ့ရှိရပြီး ဦးခေါင်းကို တေ့ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အလောင်းကောက်ရာ၌ ပါဝင်ခဲ့သူ တဦးကလည်း ဧရာဝတီသို့ ပြော သည်။
၎င်းက “တပ်ဖွဲ့ဝင်တွေက တိုက်ပွဲမှာ တခါတည်း ကျဆုံးတာ မဟုတ်ဘဲနဲ့ ဖမ်းဆီးပြီးမှ ပစ်သတ်ခဲ့တဲ့ အနေအထားမျိုး တွေ့ရတယ်။ ခန္ဓာကိုယ်မှာ ကျည်ဖောက်ဝင်နေတဲ့ ဒဏ်ရာမျိုး မတွေ့ရဘဲနဲ့ ဦးခေါင်းတွေကိုပဲ တေ့ပစ်သွားတာ။ တချို့ အလောင်းတွေက ဦးခေါင်းတွေ ကွဲထွက်သွားပြီးတော့ တခြမ်းတွေ ပဲ့ကုန်တာပေါ့ဗျာ။ ရုပ်အလောင်းတွေနားမှာလည်း ကြိုးနဲ့တုပ်ထားတဲ့ ကြိုးထုံးတွေ တွေ့ရတယ်။ ရင်ဘတ်မှာဆို ဖိနပ်တွေဘာတွေနဲ့ ပြင်းပြင်းထန်ထန် ကန်ပြီးတော့ ပစ်သတ်သွားတဲ့ လက္ခဏာမျိုး တွေ့ရတယ်” ဟု ရှင်းပြသည်။
စစ်ကောင်စီက သတ်ဖြတ်ခဲ့သူများတွင် အသက်မပြည့်သေးသည့် ၁၇ နှစ်အရွယ် ၂ ဦး အပါအဝင် အများစုမှာ ၂၀ ကျော် အရွယ်များသာ ဖြစ်သည်။
သေဆုံးခဲ့သူများမှာ ကိုဖြိုးနန်းဝေ (၁၇ နှစ်)၊ ကိုစည်သူနိုင် (၁၇ နှစ်)၊ ကိုသက်မျိုးလှိုင် (၁၈ နှစ်)၊ ကိုစောလင်းမောင် (၁၈ နှစ်)၊ ကိုအောင်ငြိမ်း (၂၀ နှစ်)၊ ကိုဖိုးစိုး (၂၀ နှစ်)၊ ကိုပြည့်ဖြိုးအောင် (၂၂ နှစ်) ၊ ကိုဝေယံမြင့်လွင်( ၂၂ နှစ်)၊ ကိုဝင်းဌေး (၂၅ နှစ်) ၊ ကိုဇော်ထက် (၂၅ နှစ်) နှင့် ဦးအောင်နိုင် (၄၀ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မတ် ၇ ရက်ကလည်း ကျွန်းလည်ရွာမှ သိမ်တော်ရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ဦးခင်မောင်ကို (၅၅ နှစ်)၊ ဦးအောင်ဇော်မိုး (၄၈ နှစ်) နှင့် ဦးဘိုးဝင်း (၄၅ နှစ်) တို့ကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံတဦးက “သူတို့ရက်စက် ယုတ်မာမှုကို ကျွန်းလည်က ဖမ်းသွားတဲ့ ဒေသခံ ၃ ဦးက မျက်မြင်လို ဖြစ်သွားတော့ ဒီ ၃ ဦးကို အကြောင်းမဲ့ ပစ်သတ်သွားတယ် ထင်ပါတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ် ရွာအဝေးသို့ ရောက်ရှိချိန်ဖြစ်သည့် ယမန်နေ့ကမှ သေဆုံးသူများ၏ ရုပ်အလောင်းများကို ကောက်ယူ နိုင်ခြင်းဖြစ်ကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အစုလိုက်တွေ့ခဲ့ရသည့် လယ်ကွင်းပြင်တွင် မီး သဂြိုဟ်ထားသည့် စစ်သား ရုပ်အလောင်း ၁ လောင်းကိုလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဒါန်းကုန်းကျေးရွာကို မတ် ၅ ရက် နေ့လယ် ၂ နာရီမှစပြီး မီးရှို့ခဲ့ရာ အိမ်ခြေ ၃၅ လုံး မီးလောင် ခဲ့သလို မှန်တောကျေးရွာတွင်လည်း အိမ် ၂၅ လုံး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
ဖေဖော်ဝါရီ ၁၇ ရက်က ခင်ဦးမြို့နယ် မြို့သစ်ရွာတိုက်ပွဲတွင် ဒေသခံ ပ.က.ဖ အဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်က သရက်ကန်ရွာတိုက်ပွဲ၌ ၅ ဦးနှင့် ဇန်နဝါရီ ၂၅ ကလည်း သရက်ကန်ရွာ တိုက်ပွဲတွင် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မတ် ၂၇ ရက် (တပ်မတော်နေ့) မတိုင်မီ အပြတ်ရှင်းမည် ဆိုသော သတင်းများ ထွက်ပေါ်နေမှုနှင့်အတူ စစ်ကောင်စီဘက်က အင်အားများ ထပ်မံဖြည့်တင်း၍ မြေလှန်စနစ်သုံးကာ ပြင်းပြင်းထန်ထန် ဖိနှိပ်မှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။
You may also like these stories:
တပ်မတော်နေ့ မတိုင်မီ စစ်ကိုင်း PDFကို ရှင်းရန် စစ်ကောင်စီ လုပ်ဆောင်နေ
ပေါက်တွင် စစ်တပ်က သားအမိ ၃ ဦးကို သတ်ဖြတ်ပြီး မိခင်ဖြစ်သူကို အဓမ္မပြုကျင့်