သတင်း

မြင့်လာသည့် စက်သုံးဆီဈေးကြောင့် ကုန်တင်ယာဉ်တချို့ ပြေးဆွဲမှု ရပ်ဆိုင်း

ပြည်တွင်း၌ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ကုန်တင်ယာဉ်များ ရပ်ဆိုင်းထားမှု ရှိလာကြောင်း မြန်မာနိုင်ငံ ကုန်စည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေသူများထံက သိရသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေများကြောင့် သယ်ယူ ပို့ဆောင်ရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်နေရာမှ ကုန်စည်ရရှိမှု နည်းခြင်းနှင့် ပြည်ပမှ တင်သွင်းသော စက်သုံးဆီဈေး အဆမတန် မြင့်တက်လာသဖြင့် အသေးစားနှင့် အလတ် စား ကုန်တင်ယာဉ် လုပ်ငန်း တချို့ ရပ်ဆိုင်းမှုများ ရှိလာသည်။

မြန်မာနိုင်ငံ အဝေးပြေး ကုန်စည် သယ်ယူပို့ဆောင်ရေးအသင်းမှ တာဝန်ရှိသူ တဦးက “ရပ်တန့်သွားတာတွေ ရှိတယ်။ ဒါပေမယ့် အကုန်လုံးလည်း ရပ်လို့မရဘူး။ ကုန်သည် တွေနဲ့ ညှိပြီးတော့ တန်ဆာခတွေကို တင်ခိုင်းထားတယ်။ အသေးစား အလတ်စား (SME) လုပ်ငန်းတွေ ဖြစ်တော့ ခဏရပ်မယ်ဆိုပြီး တချို့ တွေကတော့ ရပ်တန့်သွားကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။

ပြေးဆွဲခြင်းကို ရပ်နားလိုက်သည့် ယာဉ်လမ်းကြောင်းများမှာ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ဘက်မှ အများဆုံး ဖြစ် ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ကုန်တင်ယာဉ် အစီးရေ ပမာဏများသော လုပ်ငန်းရှင်များက စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ရပ်တန့်လို သော်လည်း လက်ရှိတွင် ဘဏ်ချေးငွေနှင့် ဝယ်ထားသည့် ကားများကို အကြွေးပြန်ပေးရန်အတွက် ရှိခြင်း၊ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်များ၏ မိသားစုများအတွက် စားဝတ်နေရေး အစရှိသည့် အခြေအနေ အရပ်ရပ်ကြောင့်သာ ကုန်စည်တင်ပို့၊ တင်သွင်းသော လုပ်ငန်းရှင်များနှင့် တန်ဆာခများ ညှိနှိုင်း ဆောင်ရွက်ပြီး မောင်းနှင်ရန် စီစဉ်နေ ကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ကားတွေကတော့ ဆီဈေးကြောင့် ရပ်တာတွေ ရှိတယ်။ ဒါပေမယ့် တချို့ကျတော့ ကုန်တွေ ဆွဲလို့ ဈေးကိုက်မယ့်နေရာ အဲဒီလို နေရာတွေကို ဆွဲရတယ်။ အရင်က ရန်ကုန်- မန္တလေး- မူဆယ်ဆိုရင် အဲဒီလိုပဲ ပင်တိုင် ဆွဲတယ်။ ရန်ကုန်- တနင်္သာရီဆိုလည်း အဲဒီလိုပဲ။ အခုကျတော့ ပုံသေ မရှိဘူးပေါ့။ ကားခရမယ့် နေရာတွေ ဆွဲရ တယ်။ အဲဒီတော့ လျော့သွားတဲ့ ကားနဲ့ ပင်တိုင်ဆွဲတဲ့ ကားနဲ့က လမ်းကြောင်း သိပ် မသိသာပေမယ့် အလုံး အရင်းနဲ့ ကုန်တွေ သွားတဲ့ နေရာတွေကျတော့ အခက်အခဲ ဖြစ်မှာပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီ ဈေးမြင့်တက်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း တစထက်တစ မြင့်လာခြင်းတို့ ကြောင့်လည်း တခြား မော်တော်ယာဉ်နှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများ မြင့်တက်ခြင်း၊ ကုန်စည်သယ်ယူ ပို့ဆောင်ရာတွင်လည်း အဖမ်းအဆီးနှင့် အစစ်အဆေးများကာ ပေးကမ်းရသည့် ကုန်ကျစရိတ်ရှိလာခြင်း တို့ကြောင့် အာဏာသိမ်းပြီး နောက်ပိုင်းမှ ကုန်တင်ယာဉ် လုပ်ငန်း တဝက်မှာ ရပ်နားထားရသည့် အခြေအနေ ဖြစ်သည်။

ထိုအခြေအနေတွင် ယခု ရုရှား- ယူကရိန်း အရေးကြောင့် စက်သုံးဆီဈေးမှာ တလီတာ ကျပ် ၂၅၀၀ ကျော်အထိ ရောက်ရှိလာချိန်တွင် ကုန်ကားများ ထပ်မံ ရပ်ဆိုင်းရသည့် အခြေအနေ ဖြစ်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

ရန်ကုန်-မူဆယ် ကုန်စည် သယ်ယူပို့ဆောင်နေသော လုပ်ငန်းရှင်တဦးက “အခုက တရုတ်ကလည်း ကိုဗစ်ပိုးတွေ့လို့ အခု လဆန်းက နှစ်ရက်ပိတ်မယ်ဆိုပြီး အခုထိ မဖွင့်ဘူး။ အဲဒီတော့ လုပ်ငန်းတွေ ပါးသလို အခု စက်သုံးဆီဈေးတွေ အရမ်းမြင့်တော့ တန်ဆာခတွေက အဆမတန် တက်တယ်။ အရင်က ရန်ကုန်- မိုင်းလား ဖရဲသီးတလုံးကို ကျပ် ၂၃၀ လောက်ကနေ အခုဆို တလုံးကို ကျပ် ၅၀၀ လောက် ဖြစ်သွားပြီ။ ဂိတ်လည်း ပိတ်ထားတော့ တောင်သူတွေကိုတော့ မတင်ပို့ဖို့ အသိပေးထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နှစ်စဉ်နှစ်တိုင်း ယခုအချိန်သည် သင်္ကြန်ကာလနီးသောကြောင့် သယ်ပို့ဆောင်ရေးလုပ်ငန်းများအတွက် လုပ်ငန်းများ ကောင်းမွန်သည့် ကာလဖြစ်သော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကုန်သည်များ အလုပ် မကောင်းသလို ယင်းကို မှီခိုနေသည့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများလည်း ကုန်ရရှိမှု ရှားပါးလာသည့်အပြင် ယခုကဲ့သို့ စက်သုံး ဆီဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းက လုပ်ငန်းများ ရပ်ဆိုင်းရမည့် အခြေအနေသို့ တွန်းပို့နေကြောင်း လုပ်ငန်း ရှင်များထံက သိရသည်။

လုပ်ငန်းများ မကောင်းသည့် အချိန်တွင် စက်သုံးဆီဈေးနှုန်းများက တနေ့ထက် တနေ့ မြင့်တက်လာသောကြောင့် ယခု အတိုင်း ဆက်သွားပါက သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အားလုံးရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေး ပြေး သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းက သိရသည်။

ရန်ကုန်-မိုင်းလား ပြေးဆွဲနေသော ဖရဲသီးတင် ၁၂ ဘီးကား တစီးလျှင်ပင် ယခင်ထက် နှစ်ဆနီးပါး ဈေးတက်သွားပြီး ယခုအချိန်တွင် ကားတစီးလျှင် ကျပ် ၄ သိန်းပေးရကာ ဈေးထပ်တက်မည့် အခြေအနေများ ရှိနေကြောင်း ဖရဲ၊ သခွား ကုန်သည် ပွဲစားတဦးက ပြေသည်။

ယခုအချိန်တွင် ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်များ ပုံမှန် မလည်ပတ်နိုင်သေးခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်းနှင့် ကုန် စည် ရှားပါးမှုများကြောင့်လည်း ကုန်စည်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူများ၊ ယာဉ်မောင်းများ၊ ယာဉ် လုပ် သားများအပြင် တောင်သူအများ ဒုက္ခရောက်သည့် အခြေအနေများရှိသလို စားသုံးသူများလည်း ကုန်ဈေးနှုန်း ကြီးမြင့် မှုဒဏ်ကို အလူးအလဲ ခံနေရသည်။

You may also like these stories:

လျှပ်စစ်မီးသာမက ရေမလုံလောက်သည့် ဒုက္ခပါ ရန်ကုန်လူထု ရင်ဆိုင်နေရ

ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ကျပ်နှင့် ဘတ် တိုက်ရိုက် ငွေပေးချေမှု စစ်ကောင်စီ ခွင့်ပြု

Loading