တရုတ်နိုင်ငံသားများအနေဖြင့် မြန်မာပြည်မြောက်ပိုင်းနှင့် မြဝတီမြို့၊ တာချီလိတ်မြို့များသို့ သွားလာခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားကြောင်း ပေါက်ဖော်သတင်းစာမျက်နှာက ယနေ့ဖော်ပြသည်။
အဆိုပါဒေသများတွင် မြင့်မာသောလစာနှုန်းထားဖြင့် အွန်လိုင်းမှ အလုပ်ခေါ်ယူပြီးနောက် တရားမဝင် လောင်း ကစားနှင့် လိမ်လည်သည့်လုပ်ငန်းများ အတင်းအကြပ်စေခိုင်းခံရသည့်အပြင် ရိုက်နှက်ခြင်း၊ မတရားဖမ်းဆီး ချုပ်နှောင်ခြင်းနှင့် ငွေညစ်ခြင်းများကိုလည်း ကြုံတွေ့နေကြရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုထားသည်။
တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံနယ်စပ်တွင် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ အွန်လိုင်းမှငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် ပြည်တွင်းရှိ လူငယ်များအား လစားနှုန်းမြင့်မားစွာဖြင့် စည်းရုံးခေါ်ဆောင်ကာ တရားမဝင်လုပ်ငန်းများအား အတင်းအကြပ်ခိုင်စေမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဧရာဝတီသို့ပြောထားသည်။
ပြီးခဲ့သည့်နှစ်အတွင်းကလည်း မြဝတီမြို့ရှိ တရုတ်ရာဇဝတ်ဂိုဏ်းအချို့က မြန်မာလူငယ်များအား အကောင့် အတုများဖြင့် အွန်လိုင်းမှ လိမ်လည်ရသည့်အလုပ်များ အတင်းအကြပ်စေခိုင်းခဲ့ပြီး မလုပ်နိုင်၍ ပြန်မည်ဆိုပါက လျော်ကြေးပေးရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရန်ကုန်မြို့မှ လူငယ်တဦးက ပြောထားသည်။
မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများအနေဖြင့် ဥပဒေအား တင်းတင်းကျပ်ကျပ် လိုက်နာကြရန်၊ အင်တာနက် လိမ်လည်မှု၊ လောင်းကစားမှုကဲ့သို့သော တရားမဝင်လှုပ်ရှားမှုများအား ကင်းဝေးရှောင်ရှားရန်၊ မိမိ၏ တကိုယ်ရေ လုံခြုံမှုအား ဂရုစိုက်ရန်နှင့် လိမ်လည်မှု၊လောင်းကစားနှင့်ပတ်သက်သည့် အချက်အလက် များအား အချိန်မီ သတင်းပေးပို့ သင့်ကြောင်းလည်း ၎င်းတို့က သတိပေးနှိုးဆော်ထားသည်။
၎င်းသတိပေးချက်များအား ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့အထိ အကျုံးဝင်ကြောင်းလည်း သိရသည်။
You may also like this story:
အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ