သတင်း

ကယားတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပွားနေ

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ကယားပြည်နယ်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ကရင်နီလူ့အခွင့်အရေးဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီက ကယားပြည်နယ်အတွင်း တိုက်ပွဲတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်း၊ ကုန်ပစ္စည်း ပိတ်ဆို့တားမြစ်ခြင်းများကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအခက်အခဲ ဖြစ်ပေါ်နေသလို လယ် ယာစိုက်ပျိုးနိုင်မှု မရှိခြင်းတို့ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူ့အသုံးအဆောင်ပစ္စည်း ပြတ်လပ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။

“လက်ရှိ အခြေအနေမှာတော့ ရိက္ခာနဲ့ ဆေးဝါးက ၃ လစာလောက်ထိ တောင့်ခံနိုင်ဖို့ကို အတော်လေး ရုန်းကန်နေရတယ်။ ပြီးတာ့ ကျနော်တို့ ကရင်နီဒေသရဲ့ ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းတွေလည်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ ဒီနှစ်အကုန်ပိုင်း လောက်နဲ့ လာမယ့်နှစ် နှစ်ဆန်းလောက်ဆိုရင် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့နိုင်ဖွယ် ရှိနေပါတယ်။ မကြာခင် မိုးတွင်းရောက်တော့မှာဆိုတော့ ပိုပြီး ခက်ခဲလာလိမ့်မယ်။ ဘာကြောင့်လဲဆို လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးနဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် လက်ရှိမှာကို စားနပ်ရိက္ခာ၊ ဆေးဝါး ပြတ်လပ်နေပြီး အငတ်ဘေးနဲ့ စတွေ့နေရပြီလို့ ပြောလို့ရတယ်” ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက ပြောသည်။

ကယားပြည်နယ်အတွင်း ဆန်စပါး အဓိက စိုက်ပျိုးသည့် ဒီမော့ဆို၊ ဖရူဆိုမြို့နယ်များတွင်လည်း တိုက်ပွဲ ဖြစ်ပွားမှုများ ကြောင့် ယနေ့အချိန်ထိ စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း၊ ပြည်နယ်တွင်း စိုက်ပျိုးထုတ်လုပ်မှုသည် ပုံမှန်အခြေအနေမှာပင် ထုတ်လုပ်မှုနှင့် သုံးစွဲမှု မျှတလုံလောက်ခြင်း မရှိသဖြင့် အခြားတိုင်းနှင့် ပြည်နယ်များမှ ဝယ်ယူဖြည့်တင်းပေးရကြောင်း ၎င်းက ရှင်းပြသည်။

ကိုဗညားက “ပြည်နယ်ရဲ့ ဆန်အိုးလို့ ပြောရမယ့် ဖရူဆို အစပ်ကနေ မိုးဗြဲအထိက အဓိက ဆန်စပါး စိုက်ပျိုးတဲ့ လွင်ပြင်ကြီး ရှိတယ်။ အဲဒီမှာ အခုထိ ထွန်ယက်နိုင်ခြင်း မရှိသေးဘူး။ ထွန်ယက်စိုက်ပျိုးနိုင်မယ့် ရွာတွေကို စစ်ကောင်စီက ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အဲဒီတော့ ရပ်ရွာထဲမှာ မနေရဲကြတော့ဘဲ ထွက်ပြေးနေကြရတယ်။ ပြည်နယ်ထဲမှာ စိုက် ပျိုးနိုင်ခြင်း မရှိလို့ အခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ဆန်စပါးကို တင်သွင်းဖို့ကျတော့လည်း စစ်ကောင်စီက ပိတ်ထားတော့ ရိက္ခာအတွက် စိုးရိမ်ရတဲ့ အခြေအနေပါပဲ” ဟု ဆိုသည်။

ဆေးဝါးနှင့် ပတ်သက်၍ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများအတွက် ကုသနိုင်ရန် အတတ်နိုင်ဆုံး ရှာဖွေထား သော်လည်း လုံလောက်မှု မရှိကြောင်း၊ အခြားနေရာမှ သယ်ယူရန်မှာလည်း အခက်အခဲများ ရှိနေပြီး မကြာခင် မိုးတွင်း ရောက်တော့မည်ဖြစ်ရာ ဆေးဝါရရှိရန် ပိုမို ခက်ခဲသွားမည် ဖြစ်ကြောင်း၊ လိုအပ်ချက်များစွာထဲမှ စားနပ်ရိက္ခာနှင့် ဆေးဝါး သည် အဓိကကျသဖြင့် ပြည်သူများ ပိုမို ဒုက္ခရောက်လာနိုင်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ တဦးကလည်း ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီသည် ကရင်နီဒေသအား လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက် တိုက် ပြုလုပ်နေသည့်အပြင် အရပ်သားပြည်သူများနှင့် စစ်ရှောင်များ နေထိုင်ရာ နေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက် လာနေကြောင်း ဒေသခံများက ပြောသည်။

ကရင်နီ စစ်ဘေးရှောင်များ (ဓာတ်ပုံ/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

“စစ်ကောင်စီက လူထုတွေရှိတဲ့ ကျေးရွာတွေ၊ စစ်ရှောင်စခန်းတွေကို ဦးတည်ပြီး အခုရက်ပိုင်းထဲမှာ ခပ်စိပ်စိပ် တိုက်ခိုက် လာတာ ဖြစ်ပါတယ်။ ပြီးတော့ မြို့ပေါ်က အင်တာနက်သုံးလို့ရတဲ့၊ လိုင်းမိတဲ့နေရာတွေဆို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက် တာတွေ၊ ကျေးရွာထဲကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေက လူထုကို ဦးတည်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေတာမျိုး ဖြစ်တယ်” ဟု ဒီမော့ဆိုဒေသခံတဦးက ပြောသည်။

ဒီမော့ဆိုမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာလျက်ရှိသဖြင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ တင့်ကား၊ အတွဲလိုက်ပစ် ရော့ကတ်ဒုံးများ စသည်ဖြင့် အသုံးပြု တိုက်ခိုက်လျက် ရှိကြောင်းလည်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၈ နှင့် ၁၀ ရက်များတွင် စစ်ကောင်စီက ဒီမော့ဆိုမြို့နယ် ဒေါငံခါးနှင့် ဆောင်ဒူလာကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူများနှင့် အရပ်သားပြည်သူများသာ ခိုလှုံနေသည့် စစ်ရှောင်စခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ထိခိုက်မှုအပြင် နေအိမ်တချို့နှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ကရင်နီလူ့အခွင့် အရေးအဖွဲ့ထံမှ သိရသည်။

ထိုသို့သော အခြေအနေများကြောင့် ပြည်နယ်တွင်း စစ်ဘေးရှောင် အများဆုံး ရှိနေသည့် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်း လွိုင်နမ်ဖဘက်တွင် စစ်ဘေးရှောင်များ တိုးလာသလို ရှိပြီးသား စစ်ဘေးရှောင်သူများလည်း ထပ်မံ စစ်ဘေးရှောင်နေကြရ သည်ဟု စစ်ဘေးရှောင်များအား ကူညီနေသည့်အဖွဲ့အစည်းများက ဆိုသည်။

ကရင်နီ စစ်ဘေးရှောင်များ (ဓာတ်ပုံ/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

“အရင်က ရှိပြီးသား စစ်ရှောင်တွေအပြင် ထပ်တိုးရှိလာတာရယ်၊ ဆင့်ပွားဆင့်ပွား ထပ်ပြီး စစ်ရှောင်ကြရတာကြောင့် စား ဝတ်နေရေး အခက်အခဲတွေ၊ အဆောက်အအုံ အခက်အခဲတွေ၊ ဆေးဝါး အခက်အခဲတွေ ကြုံနေကြရပါတယ်။ အခုက ဆေးရုံဆေးခန်းတွေပါ ထပ်ပြီး ရွှေ့ပြောင်းကြရတော့ လူထုရဲ့ ကျန်းမာရေးဝန်ဆောင်မှုအတွက် အများကြီး အခက်အခဲ ဖြစ်သွားစေပါတယ်” ဟု စစ်ဘေးရှောင်များအား ကူညီနေသူတဦးက ပြောသည်။

စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ယခုရက်ပိုင်းအတွင်း ဆေးခန်းများ တိုက်ခိုက်ခံရမှု ၂ ကြိမ် ရှိခဲ့သဖြင့် အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသလို စစ်ဘေးရှောင်ပြည်သူများ အနေဖြင့်လည်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုများ ရှိနေကြောင်း သိရသည်။

ထို့ပြင် လတ်တလောတွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရေးနှင့် စားနပ်ရိက္ခာ သိုလှောင်မှုအတွက် အမိုးအကာများ လိုအပ်နေကြောင်းလည်း သိရသည်။
“စစ်ရှောင်တွေ အနေနဲ့ စားဝတ်နေရေး ပြဿနာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေလည်း ခံစားနေကြရတယ်။ ကျနော်တို့ကအစ ညပိုင်း လေယာဉ်ဝဲပြီဆိုရင် အိပ်လို့ မရတော့ဘူး။ အဲဒီလို လေယာဉ်နဲ့ ဗုံးကြဲနေတော့ အားလုံးက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေရတဲ့ဘဝတွေ ဖြစ်နေတယ်။ အချို့နေရာတွေဆိုရင် တညလုံးနီးပါး ဗုံးခိုကျင်းတွေထဲမှာ ဝင်အိပ်ကြရတော့ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အခြေအနေတွေ ဖြစ်တယ်” ဟု ကိုဗညားက ပြောသည်။

ကရင်နီ စစ်ဘေးရှောင်များ (ဓာတ်ပုံ/ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

စစ်ကောင်စီ၏ ဒေသတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်နေမှုကို ကရင်နီလူ့အခွင့်အရေးအဖွဲ့က စာရင်းများ ကောက်ယူထား ကြောင်း၊ ကျူးလွန်နေသမျှ စစ်ရာဇဝတ်မှုများကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် လုပ်ဆောင်သောအခါ စစ်ကောင်စီ အနေဖြင့် နောင်တချိန်တွင် တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်များအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် အခြား အဖွဲ့အစည်း အသီးသီး၏ ကူညီထောက်ပံ့မှုများ ရပ်ဆိုင်းထားကြသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့်လည်း ကယားပြည်နယ်ကို လိုအပ်သည့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးကြရန် စစ်ဘေးရှောင်များအား ကူညီပေးနေသူများက တောင်းဆိုထားသည်။

ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၁၈၀၀၀၀ ကျော်ထိ ရှိလာပြီး ပြည်နယ်နှင့် နီးစပ်ရာ တော တောင်များအတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြရသလို ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်များ၊ ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်ခရိုင်အတွင်းနှင့် မန္တလေး၊ ရန်ကုန် စသည့် မြို့ကြီးများသို့လည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။

Loading