မန္တလေးခရိုင်၊ အမရပူရမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ နေအိမ်များ လမ်းအလယ်မှ ဘေးဝဲယာ တဖက်စီ ၁၁၅ ပေအတွင်း ရောက်ရှိနေပါက ဖျက်သိမ်းဖယ်ရှားပေးရမည်ဟု စစ်ကောင်စီက သတိပေးစာ ထုတ်လာကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ညွှန်ကြားချက်ဖြင့် ကျုးကျော် ရှင်းလင်းရေး ဟုဆိုကာ မတ် ၁၀ ရက်က ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဆိုင်းဘုတ်များထောင်ပြီး စာရွက်များ ဝေသွား ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
မြစ်ငယ်စက်ကွေ့တွင် နေထိုင်သူတဦးက “အများအခေါ်ကတော့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ့။ အမှန်က မန္တလေး-မိတ္ထီလာလမ်း။ အဲဒီလမ်းအလယ်ကနေ ဘေးဝဲယာ တဖက်ကို ၁၁၅ ပေ၊ နှစ်ဖက်ဆိုတော့ ပေ ၂၃၀ ပေါ့။ အဲဒီ သတ်မှတ် ချက်အတွင်းမှာ ရှိနေတဲ့သူတွေ အကုန်ဖယ်ပေးရမှာပေါ့။ နောက် စာတိုး-မြို့ပြင်ကြီးကို ဖြတ်သွားတဲ့ ခရိုင်ချင်းဆက်လမ်း ပတ်လည်က နေအိမ်တွေကိုလည်း ဖျက်ပေးဖို့ဆိုပြီး စာတွေကပ်၊ စာရွက်တွေ ဝေသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖျက်သိမ်းပေးရမည့် ဧရိယာကို အတိအကျ ဖော်ပြမထားသော်လည်း မြစ်ငယ်တံတားထိပ်မှ စတင်ကာ မြစ်ငယ်မြို့နှင့် ဆက်စပ် ဧရိယာများ ဖြစ်ကြောင်း၊ မတ် ၁၅ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးမှ ဈေးဆိုင်ပိုင်ရှင်တဦးက “စာရွက်မှာ ပါတာက အစိုးရပိုင်မြေပေါ်ကို ကျုးကျော်နေထိုင် ရင် ဥပဒေအရ အရေးယူခံရမယ်ပေါ့။ စာလာဝေသွားတဲ့ အဖွဲ့တွေကလည်း သတ်မှတ်ရက်ထက်ကျော်ရင် သူတို့ တာဝန်အရ ဆက်လုပ်မယ်လို့လည်း ပြောသွားတယ်။ ကျနော်တို့လည်း ဘာမှ လုပ်လို့မရသေးတော့ ဒီအတိုင်းပဲ နေနေသေးတယ်” ဟု ဆိုသည်။
ကျုးကျော်နေထိုင်သူများ အနေဖြင့် နောက်ဆုံး သတ်မှတ်ရက်များအတွင်း မိမိတို့ အစီအစဉ်ဖြင့် ဖယ်ရှားထွက်ခွာကြရန်၊ သတ်မှတ်ရက် နောက်ပိုင်းတွင် ဖယ်ရှားခြင်း မရှိသော ကျုးကျော်နေထိုင်မှုများကို ဖယ်ရှားရှင်းလင်းရေးအဖွဲ့များဖြင့် ရှင်းလင်းသွားမည် ဖြစ်ကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။
ပလိပ်မြို့ခံတဦးကလည်း “အများစုကတော့ နို့တစ်စာပေးတာ ပထမအကြိမ်ဆိုတော့ နည်းနည်းတော့ တုန်လှုပ်နေကြပေမယ့် ၃ ကြိမ်အထိ နို့တစ်စာပေးမယ်လို့ မျှော်လင့်နေကြတာပေါ့။ အချို့ကလည်း ဖျက်ဖို့ပြောင်းဖို့ စီစဉ်နေကြတာတွေ ရှိတာပေါ့။ နို့တစ် ၃ ကြိမ် မျှော်လင့်တာကတော့ မရှိဆင်းရဲသားတွေပေါ့” ဟု ရှင်းပြသည်။
မန္တလေးမြို့ စည်ပင်သာယာရေးကော်တီနယ်နမိတ် (အမရပူရ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေ သာစံ၊ ပြည်ကြီးတံခွန်) ၆ မြို့နယ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရ ဌာနဆိုင်ရာနယ်မြေနှင့် ပုဂ္ဂလိကပိုင် မြေနေရာများတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားဝင် ပိုင်ဆိုင်ခွင့် မရှိသူများက တရား မဝင် ကျုးကျော်နေထိုင်မှုများကို ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော သတ်မှတ်အဖွဲ့များဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟု စစ်ကောင်စီက ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ထို့နောက်ပိုင်း မန္တလေးမြို့ နေရာတချို့တွင် ကျူးကျော်နေထိုင်သူများ ဟုဆိုကာ စစ်ကောင်စီဘက်က အင်အားသုံး ရှင်းလင်း ဖယ်ရှားမှုများ ဆက်တိုက် ပြုလုပ်လာနေခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က ကျုးကျော် ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ရာတွင် အမှန်တကယ် နေထိုင်စရာ မရှိသူများအား မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် အငှားအိမ်ရာတွင် နေထိုင်ပေးရန် စီစဉ်ပေးမည်ဟု ကမ်းလှမ်းချက် ပြုလုပ်ခဲ့သော်လည်း အများစုက လက်ခံခဲ့ခြင်း မရှိပေ။
ယခုအခါ စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် စည်ပင်နယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်သူများအား ဖိအားပေး ဖယ်ရှားရှင်းလင်းရာတွင် ၎င်းတို့အား ပြန်လည်ကုစားပေးမည့် အစီအစဉ်များ မပါ ဝင်သည့်အတွက် ဒေသခံများ အခက်ကြုံနေရကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
ထို့အတွက် ကျုးကျော်အဖြစ် ရှင်းလင်းခံရသူများသည် တန်ဖိုးနည်း အကွက်ရိုက်မြေကွက်များအား အရစ်ကျစနစ်ဖြင့် ဝယ် ယူပြောင်းရွှေ့နေထိုင်ကြခြင်း၊ ငှါးရမ်းနေထိုင်ခြင်း၊ နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းများထံ ခိုလှုံခြင်း၊ ဘုန်ကြီးကျောင်းများ၌ ယာယီ ပြောင်းရွှေ့နေထိုင်ခြင်းနှင့် မိမိတို့၏ နေရင်းရပ်ရွာများသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် ဖြေရှင်းနေကြ ကြောင်း သိရသည်။
“ကျုးကျော်ရှင်းတာက အရင်ကတည်းက လုပ်နေတာပေါ့။ အခုက စီမံချက်ချပြီး မြို့နယ်အလိုက် ဆောင်ရွက်တာပါ။ ကျနော်တို့ ကျူးတွေ ရှင်းမယ်ဆိုရင် စည်ပင်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကြိမ်ကြိမ် အသိပေးပြီးမှ ရှင်းလင်းတာဖြစ် တယ်။ အခု ရှင်းလင်းနေတယ်ဆိုတာကလည်း ဥပဒေနဲ့အညီ လုပ်ဆောင်တာပါ။ သူတို့တွေက ကျုးကျော်နေ ထိုင်ကြတာဆို တော့ ကြာလာရင် ရှင်းလင်းရတာ ပိုပြီး ခက်မှာဆိုတဲ့ အတွက်ကြောင့် အခုလို ရှင်းလင်းနေတာ။ အခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး” ဟူ၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောဆိုထားသည်။
ယခုရက်ပိုင်းအတွင်း၌လည်း မန္တလေးတွင် စစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အားကောင်းသည့် လူဦးရေ ၈၀၀၀၀ ဝန်းကျင် နေထိုင်သော မြစ်ငယ်မြို့ကို ပိတ်ဆို့မှုများ ပြုလုပ်ပြီး ကျူးကျော်နေထိုင်သူများ ဟုဆိုကာ စက်ယန္တရား များ အသုံးပြု ဖြိုချဖျက်ဆီးခြင်းများ၊ ဖိအားပေး ပြောင်းရွှေ့ခိုင်းခြင်းများ ပြုလုပ်လျက် ရှိသည်။
စစ်ကောင်စီက နေအိမ်၊ အဆောက်အအုံ တချို့ကို စက်ယန္တရားများ အသုံးပြုပြီး ဖြိုချဖျက်ဆီးခြင်းများ၊ မြို့ခံများ၏ ကိုယ့်အစီအစဉ်ဖြင့် ဖျက်သိမ်းနေကြခြင်းများ၊ နှစ်ပေါင်း ၇၀ ခန့် အခြေချနေထိုင်လာသည့် မြို့ခံများ၏ ပူဆွေးငိုကြွေးသံ များကြောင့် မီးရထားဝန်ထမ်းမြို့ဟု ဆိုရမည့် မြစ်ငယ်မြို့မှာ မြိုပျက်တခုအသွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း မြစ်ငယ် ဒေသခံများက ပြောသည်။
အမြန်လမ်းမကြီးများဥပဒေအရ လမ်းမများ၏ နယ်နမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ သစ်ပင်စိုက်ပျိုးခြင်း၊ ခုတ်ခြင်း (သို့) ဖျက်ဆီးခြင်း၊ ကျုးကျော်ဝင်ရောက်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊ ကန်တူး ဖော်ခြင်း၊ မြေတူးယူခြင်းများ မပြုလုပ်ရဟု သတ်မှတ်ထားပြီး ပုဒ်မ ၁၅ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၂ သိန်းမှ ကျပ်သိန်း ၂၀ ထိဖြစ်စေ၊ ပုဒ်မ ၁၆ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁ သိန်းမှ ကျပ်သိန်း ၁၀ ထိဖြစ်စေ၊ ပုဒ်မ ၁၇ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၆ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ကျပ် ၅ သောင်းမှ ကျပ် ၅ သိန်းထိဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသလို အမြန် လမ်းမကြီးဆိုင်ရာ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု ရှိပါက ဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်ရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။
You may also like these stories:
မြစ်ငယ်မြို့မှ အိမ်များကို ကျူးဟုဆိုကာ အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ