ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ လှုပ်ရှားနယ်မြေအတွင်း ယခုရက်ပိုင်း အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် KNU တပ်များကြား တိုက်ပွဲများ ခပ်စိတ်စိတ် ပြန်လည် ဖြစ်ပွားနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။
KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက “ဒီနေ့ဆိုရင် ၁၂ ရက်နေ့ဆိုတော့ လွန်ခဲ့တဲ့ ၃၊ ၄ ရက် အတွင်းကစပြီး တိုက်ပွဲ တွေ တဖွဲဖွဲ ပြန်လာတာ။ စာထုတ်ပြီးတဲ့ အတောအတွင်းမှာပဲ ခပ်စိတ်စိတ် ဖြစ်လာတာ ဖြစ်တယ်။ ဖြစ်တဲ့နေရာကတော့ လေးကေ့ကော် ပတ်ဝန်းကျင်တင်မကဘူး၊ ကော့ကရိတ် ပတ်ဝန်းကျင်၊ ကော့ကရိတ်မြို့နဲ့ မနီးမဝေး နေရာတွေမှာ ဖြစ်တာ များတယ်။ နောက်ပြီးတော့ မနေ့ကဆိုရင် စစ်ကောင်စီဘက်က တပ်တွေအများကြီး ထပ်ပို့လာတာ ရှိတယ်” ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
KNU တပ်မဟာ ၆ က စစ်ကောင်စီတပ်များ ဆုတ်ပေးရန် ပြောထားသော်လည်း စစ်ကောင်စီဘက်မှ တပ်အင်အားများ ထပ်မံ ဖြည့်တင်းလာသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း၊ တပ်မဟာ ၆ ဘက်မှလည်း ၃ ရက်အတွင်း စစ်ကောင်စီတပ်များ မဆုတ်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို တာဝန်ယူမည် မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။
ပဒိုစောတောနီး က “တပ်တွေ မရုပ်တဲ့အပြင် တပ်ပါထပ်တိုးလာတော့ တိုက်ပွဲပဲ ဖြစ်တော့မှာ ဒါပဲရှိတယ်။ လက်နက်ကြီးနဲ့ ထုတာကတော့ လုပ်ရိုးလုပ်စဉ် တခုလို ဖြစ်နေတာပဲလေ။ တိုက်ပွဲဖြစ်ပြီဆိုရင် တွေ့ကရာကို ရမ်းသမ်း ပစ်ကြတာတော့ အများကြီးပဲ။ လက်နက်ကြီးနဲ့ နေရာမရှောင်ပေါ့။ ဘုန်းကြီးကျောင်းလည်းမရှောင် ပစ်ထည့်တာပဲ။ လုပ်နေကြပါပဲ။ မနေ့က တိုက်ပွဲမှာတော့ အထိအခိုက် အသေအပျောက်တော့ ရှိပါတယ်။ စာရင်းအတိအကျတော့ မရနိုင်သေးပါဘူး” ဟု ပြောသည်။
ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်မှ စတင်၍ စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေါနအရှေ့ခြမ်းရှိ လေးကေ့ကော်မြို့သစ် အပါအဝင် ပတ်ဝန်းကျင်ရွာများ၊ ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးရှောင်နေရသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာ ဒေသများရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများက တပ်စွဲလျက် ဒေသခံပြည်သူများ၏ ပစ္စည်းများကို အဓမ္မသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်းတို့ကြောင့် စစ်ဘေးရှောင်ဒေသခံများ အေးချမ်းစွာ နေ ရပ်ပြန်လာ နေထိုင်နိုင်ရေးအတွက် တပ်စွဲထားသော စစ်ကောင်စီတပ်များအား မတ် ၉ ရက်နေ့ နောက်ဆုံးထားပြီး တပ်ဆုတ် ပေးရန် မတ် ၇ ရက်စွဲဖြင့် KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ က သတိပေး ထုတ်ပြန်ထားသည်။
သို့သော် စစ်ကောင်စီတပ်သည် မတ် ၉ ရက်တွင် မြဝတီတောင်ခြမ်း လေးကေ့ကော်ဒေသနှင့် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ နယ်မြေ အနီးပတ်ဝန်းကျင်အား လေယာဉ် ၂ စီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သလို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နှစ်ဖက် တိုက်ပွဲများ ပြန်ဖြစ်လာသလို ယနေ့ နံနက်ပိုင်းကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကုန်တင် ယာဉ် ၂ စီး ပစ်ခတ် မီးရှို့ခံရပြီး အာရှလမ်း တောနော်ရေတံခွန်အနီး ၁၂ ဘီးကား ၁ စီးနှင့် ဒေါနတောင်ခြေ ကော့နွဲတံတား အနီး ကုန်တင်ယာဉ် ၁ စီး ပစ်ခတ်ခံရပြီး မီးလောင်နေကြောင်း ခရီးသွားပြည်သူများက လူမှုကွန်ရက်ပေါ် ရေးသားဖြန့်ဝေ ထားကြသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းများ သေဆုံးခဲ့သလို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်မှာလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းတလျှောက် ချီတက်လာသည်ကို တွေ့ကြောင်း၊ ယင်းပစ်ခတ်မှုမှာလည်း စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။
ကုန်ပစ္စည်းများ မီးလောင်သည့်အထဲ ပါသွားသည့် ကုန်သည်တဦးကလည်း “ကုန်တင်ကား ၂ စီး၊ Express ၁ စီး၊ အံစာတုံး ၁ စီး စုစုပေါင်း ၄ စီး မီးလောင်တယ်။ ဆုတောင်းတော့ မပြည့်ခဲ့ဘူး။ ကျနော့် ပစ္စည်းတွေ မီးထဲပါသွားတယ်။ ဘယ်တတ်နိုင်မလဲ ဒီခေတ် ဒီအခြေအနေကြီးထဲမှာ ဒီလိုပဲ စွန့်ရတာရှိမှာပဲ။ ကိုယ့်ထက်ဆိုးရွားနေကြသူတွေ အများကြီးပဲ” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ ကားမီးလောင်မှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း ယနေ့ နေလယ်ပိုင်းတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အား ယာဉ်အသွားအလာများ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ထို့မတိုင်ခင်ကလည်း လက်ရှိ အခြေအနေများကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းကို မဖြတ်ကြရန်နှင့် သတင်းများ နားစွင့်ပြီး အန္တရာယ်ကင်းနိုင်သည့် အခြေအနေမှသာ သွားလာမှု ပြုကြရန်လည်း ပြည်သူအချင်းချင်းကြား သတိပေးလျက် ရှိသည်။