ကချင်ပြည်နယ်၊ မြစ်ကြီးနားအထက်ပိုင်း မြစ်ဆုံဒေသတဝိုက် ရွှေတူးဖော်သည့် လုပ်ငန်းများကို တားမြစ် ထားသော်လည်း ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် ၏ Jadeland Company က စက်ယန္တယားကြီးများ အသုံးပြု၍ တူးဖော်နေကြောင်း ဒေသခံများကပြောသည်။
မြစ်ဆုံဒေသ တန်ဖဲရွာခံတဦးက “ကျမတို့ ဧရာဝတီမြစ်ရိုးတလျှောက်ရဲ့ မြစ်ဆုံတဝိုက်ပေါ့နော်။ ကျန်တဲ့နေရာ တော့ မပြောတော့ဘူး။ မြစ်ဆုံရဲ့ အထက်မှာရော၊ အောက်မှာရောပေါ့ ဒေသခံတွေရော၊ တခြားက လာလုပ်တဲ့သူတွေ ရော အသေးစား တူးဖော်တာ ရှိတယ်။ ဦးယွပ်ဇော်ခေါင်ကလည်း ပြီးခဲ့တဲ့နှစ်ထဲက တူးတာ။ စက်ယန္တရားတွေနဲ့ မတူးဖို့ ကျမတို့ စာတင်တာ ရှိခဲ့တယ်။ တားမြစ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဒီလုပ်ငန်းရှင်ကတော့ ဘယ်သူဘာပဲပြောပြော ဂရု မစိုက်ဘူး။ တူးနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ပြီး စစ်ကောင်စီခန့် တိုင်းမှူးအမိန့်နှင့် မြစ်ဆုံဒေသတဝိုက်ရှိ ဒေသခံများ အပါ အဝင် တခြားစက်အသေးနှင့် တူးဖော်နေသော တနိုင်တပိုင် အသေးစား ရွှေတူးဖော်သူများကို တူးဖော်ခွင့် မရှိကြောင်း တားမြစ်မိန့် ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလလယ်မှ စတင်ပြီး စက်ယန္တရားကြီးများနှင့် ရွှေတူးဖော်ခြင်းများ အပါအဝင် ကျောက်စိမ်းနှင့် မြေရှားသတ္တုတူးဖော်ခြင်းများကို နေ့စဉ်နှင့်အမျှ လုပ်ကိုင်နေကြသည့်အပေါ် ဒေသခံများက ကန့်ကွက် မှုများ ရှိလာသည့်အတွက် ထိုသို့ တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သို့သော် လက်ရှိတွင် ဒေသခံ အသေးစား ရွှေတူးဖော်သူများက ရပ်တန့်ထားသော်လည်း ဦးယွပ်ဇော်ခေါင် က စက်ယန္တရားကြီးများဖြင့် ဆက်လက်၍ ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း၊ ယင်းဖြစ်ရပ်သည် တရားမျှတမှု မရှိကြောင်း ဒေသခံများက ဆိုသည်။
ယခုကဲ့သို့ စက်ယန္တရားကြီးများနှင့် ဆက်လက် တူးဖော်နေပါက မြစ်ဆုံဒေသဝိုက်ရှိ သာယာလှပမှုကို ထိခိုက်နိုင်ခြင်း၊ မြစ်ကမ်းပါးများ ပြိုကျနိုင်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ သေကြေပျက်ဆီးနိုင်ခြင်း၊ ဒေသခံများအတွက် စိုက်ပျိုးမြေများ ဆုံးရှုံးလာနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်သောကြောင့် ဒေသခံများက ပုံစံမျိုးစုံဖြင့် ကန့်ကွက်ခဲ့ကြသည်။
တန်ဖဲရွာခံတဦးက “အရင်ကတော့ အားကိုးအားထားရတဲ့သူတယောက်ပဲ။ သူကိုယ်တိုင်လည်း မြစ်ဆုံစီမံကိန်းတွေ၊ ရွှေတူးတာတွေကို ကန့်ကွက်ခဲ့တာ။ အခုလိုမျိုး နိုင်ငံရေး ရှုပ်ထွေးနေချိန်မှာ အခွင့်ကောင်းယူပြီးတော့မှ လုပ်နေတာဆို တော့ ဒါက ဘယ်သူနဲ့ပေါင်းပြီး လုပ်စားနေတာလဲ။ သူ့အထက်မှာ ဘယ်သူမှ မရှိတော့ဘူးလားဆိုတဲ့ တွေးစရာ ရှိနေ တယ်” ဟု ဆိုသည်။

ဦးယွပ်ဇော်ခေါင်သည် ကချင်ပြည်နယ်အတွင်း ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး တဦးဖြစ်ပြီး ကချင်လူထုအပေါ် ဩဇာလွှမ်းသူတဦးလည်းဖြစ်သည်။ ထို့အတူ လက်ရှိစစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၏ ခမည်းခမက်တော်စပ်သူ ဖြစ်သည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် ကြားခံဆက်သွယ်ပေးနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ Peace Talk Creation Group (PCG) တွင်လည်း ဦးယွပ်ဇော်ခေါင်သည် အရေးပါသူတဦးအနေဖြင့် ပါဝင်နေသူဖြစ်သည်။
ယခင်က ဖားကန့်ဘက်တွင် ကျောက်စိမ်း တူးဖော်သည့်လုပ်ငန်း၊ သစ်လုပ်ငန်းများ လုပ်ကိုင်သူ ဖြစ်ပြီး ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်သည်မှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ကြားသိရခြင်း ဖြစ်ကြောင်းလည်း ၎င်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ တဦးက ပြောပြသည်။
ထို့ပြင် ဦးယွပ်ဇော်ခေါင်သည် ကချင်လူမျိုးများ၏ ရိုးရာဥက္ကဋ္ဌအဖြစ် သက်တမ်းနှစ်ဆက်အထိ လုပ်ကိုင်ခဲ့သည့်အတွက် လူမှုရေးလုပ်ငန်းများတွင် ကချင်လူမျိုး အများစု က လေးစားအားကိုးရသူတဦး ဖြစ်ခဲ့သော်လည်း ယခု ရွှေတူးဖော်မှုနှင့် ပတ်သက်ပြီး ဒေသခံအများစု၏ ကန့်ကွက်ခြင်း ကို ခံနေရကြောင်း သိရသည်။

ဒေသခံတဦးက “ကျနော် သိတာတော့ ဦးယွပ်ဇော်ခေါင်က သူ့ခြံမှာသူ နဂိုကျင်းတွေ ပြန်တူးတယ်လို့ပဲ ပြောတယ်။ ဒါပေမဲ့ ပြဿနာတော့ တက်နေကြတယ်။ ပြီးတော့ သူက ရွှေလုပ်တယ်လို့ မပြောဘဲ တခြားခေါင်းစဉ်နဲ့ လုပ်နေတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဦးယွပ်ဇော်ခေါင်က မေခနှင့် မလိခမြစ်ပေါင်းစုံရာ မြစ်ဆုံဈေးတန်း အနောက်ဘက်မှ မြစ်ကမ်းပါး တလျှောက် တူးဖော်နေခြင်း ဖြစ်သောကြောင့် မြစ်ကမ်းပါး ပြိုကျခြင်းနှင့် မိုးတွင်းကာလ ရေကြီးရေလျှံဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။
အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ ဦးယွပ်ဇော်ခေါင်က ၎င်းခြံဝန်းအတွင်း၌သာ တူးဖော်ခြင်းဖြစ်ပြီး မှားယွင်းမှု မရှိ သောကြောင့် ဆက်လက် လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေသတွင်း မီဒီယာများအား ဖြေကြားထားသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်အတွင်း မြစ်၊ ချောင်း၊ ကမ်းဘေးတလျှောက် တရားမဝင် စက်ယန္တရားကြီးများ အသုံးပြုလျက် ရွှေတူး ဖော်ခြင်းလုပ်ငန်းများ တွေ့ရှိရသောကြောင့် လုပ်ငန်းများ အမြန်ဆုံး ရပ်ဆိုင်းပေးရန်လည်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က မတ် ၉ ရက်တွင် ထုတ်ပြန် တောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ဆုံတဝိုက်၌သာမက ဧရာဝတီမြစ်ကြောင်း တလျှောက်တွင်ပါ ရွှေတူးဖော်မှုများကို ပိုမို တွေ့လာရသောကြောင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စာထုတ် သတိပေးထားသည်များလည်း ရှိသည်။
ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက လုပ်ငန်းရှင်များ၏ ရွှေတူးဖော်မှုများအား ပိတ်ပင်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှုများ တဖန် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။
မြစ်ဆုံဒေသတွင် တရုတ်အစိုးရနှင့် ပူးပေါင်းပြီး ၂၀၀၇ ၌ အကြီးစား ရေအားလျှစ်စစ်စီမံကိန်း တည်ဆောက်ရန် ဆောင် ရွက်ခဲ့ရာ ဒေသခံပြည်သူများ၏ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ စက်တင်ဘာတွင် ယာယီ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။