သတင်း

ရွာလုံးကျွတ်မီးတိုက်သည့် စစ်တပ်ကြောင့် ပြာပုံဘ၀ရောက်ကြရသူများ

“အိမ်” ဆိုတာကို စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ နာမည်ကျော် လူသိများသူတွေက စကားလုံးပေါင်း မြောက်များ စွာနဲ့ အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။

ဘာသာ၊ လူမျိုး၊ အတတ်ပညာ၊ အသက်အရွယ်၊ ကျော်ကြားမှု အဆင့်အတန်း ဘယ်လောက်ပဲ ကွဲပြားနေပါ စေ၊ အိမ်ဆိုတာ နွေးထွေးလုံခြုံတဲ့နေရာ၊ ပျော်ရွှင်ချမ်းမြေ့မှုတွေ ပေးနိုင်တဲ့ နေရာဆိုတဲ့ အယူအဆကတော့ တသမတ် တည်းပါပဲ။

အသက်အိုးအိမ်လို့ တွဲဖက်သုံးစွဲတဲ့နေရာမှာ လက်ရှိအနေအထားမှာတော့ မြန်မာနိုင်ငံသား တော်တော်များများ ကအသက်ကို ဖက်နဲ့ ထုတ်ထားရတဲ့ အပြင် အိုးအိမ်ကိုပါ လက်လွှတ် ဆုံးရှုံးခဲ့ရပါပြီ။ သူတို့ဟာ မွေးရပ်မြေကို ပြန်ခဲ့ရင်တောင်မှ လက်ကမ်းကြိုလင့်မယ့် အိမ်ရယ်လို့ မရှိတော့ပါဘူး။

ဘာကြောင့် အိမ်တွေ ဆုံးရှုံးခဲ့ရပါသလဲဆိုတာ ကြည့်ရင် ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး နိုင်ငံရဲ့ အာဏာနဲ့ အုပ်ချုပ်မှုကို အတင်း အဓမ္မသိမ်းယူခဲ့တဲ့ စစ်တပ်ကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘဝတွေဟာ ပျက်စီးပြိုလဲ နေရတယ်ဆိုတာကို မြင်တွေ့ရမှာပါ။

စစ်တပ်ဟာ အာဏာရှင်စနစ်ကို အကြောက်တရားနဲ့ ပြန်အသက်သွင်းဖို့ ဆန့်ကျင် တော်လှန်သူတွေ၊ သူတို့ကို ပံ့ပိုးကူညီသူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ် သိမ်းဆည်းတာ၊ နေအိမ်တွေကို မီးလောင်တိုက်သွင်း မီးရှို့တာတွေကို ဆက်တိုက် ပြုလုပ်နေပါတယ်။

အထူးသဖြင့် စစ်တပ်ဟာ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း တလျှောက်မှာ နေအိမ် သိမ်းဆည်းတာတွေ၊ ရွာလုံးကျွတ် မီးရှို့တာ တွေကို ပိုပြီး သိသိသာသာ လုပ်ဆောင်လာတာကို တွေ့မြင်ရပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာတော့ ရွာလုံးကျွတ် မီးကျွမ်းကာ ငုတ်တိုသာ ကျန် တဲ့ အိမ်တိုင်တွေ၊ ပြာပုံတွေ၊ ရိုးတံသာ ကျန်ခဲ့တဲ့ ဆိုင်ကယ်၊ စက်ဘီး၊ ကားတွေ၊ တခါတရံ တချို့ မြင်ကွင်းမှာဆို မီး တိုက်ခံရတဲ့ ရုပ်အလောင်းတွေကိုပါ တွေ့ရပါသေးတယ်။

ဒီလို ရက်စက် ကြမ်းကြုတ်မှုတွေက ရုပ်ရှင်တွေထဲမှာတင် ရှိတာမျိုး မဟုတ်ပါဘူး။ ပြင်ပကမ္ဘာမှာ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို မျက်ဝါးထင်ထင်မြင်နေရတာဟာ သက်သေခံချက်တွေပါပဲ။

စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းဟာ ထိခိုက်မှု အများဆုံး ဖြစ်ပါတယ်။ မြို့နယ် ၃၇ မြို့နယ်ရှိတဲ့ စစ်ကိုင်းမှာ ထက်ဝက်လောက်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရ ပြီးပါပြီ။

ကနီ၊ ပုလဲ၊ မင်းကင်း၊ ရွေဘို၊ တန့်ဆည်၊ ယင်းမာပင်၊ ဝက်လက်၊ ရေဦး၊ မုံရွာ၊ အရာတော်၊ ကလေး၊ ဒီပဲယင်း၊ ဝက် လက်၊ တမူး၊ ကန့်ဘလူ စတဲ့ မြို့နယ်တွေထဲက အိမ်ခြေ ၂၀၀၀ လောက်ဟာ မီးရှို့ဖျက်ဆီး ခံထားရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ နှမစားရစ်ရွာကို ရွာလုံးကျွတ် စစ်ကောင်စီ က မီးလောင် တိုက်သွင်းခဲ့ပါတယ်။

ဒေသခံတွေရဲ့ နေအိမ်တွေသာမက စုဆောင်းထားသမျှ စပါး၊ ဆန်၊ ဆီ ဘာဆို ဘာမှ မကျန်ခဲ့တဲ့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်ထဲကနေ အသက်လု ပြေးလွှားခဲ့ရပါတယ်။

ကာလပေါက်ဈေး သိန်း၂၀၀ ဝန်းကျင် အကုန်အကျခံ တည်ဆောက်ထားတဲ့ အိမ် မီးလောင်တဲ့အထဲ ပါသွားကြောင်း ကို နှမစားရစ် ရွာမှာနေတဲ့ ဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

သူက “အစ်မ အိမ်က ၁ ထပ်တိုက်လေး မနှစ်ကမှ ပြီးတာ။ ကျမတို့ ရွာက အိမ်ကြီး အိမ်ကောင်းတွေ၊ အိမ်တအား ဆောက်တာ၊ မစားဘဲ ဆောက်ကြတာ။ စုပြီးဆောက်တာ သူများရွာတွေနဲ့ကို မတူဘူး။ ကောင်းတဲ့အိမ်တွေ ထောက်ပံ့ နိုင်တယ်လို့ ထင်တဲ့အိမ်တွေ အကုန် ရှို့သွားတာ။ ဘာမှကို မပါဘူး။ တရွာလုံး ပစ်ထားခဲ့ရတာ။ မီးလောင်ပြီး ပြန်တော့ ဆိုပြီးပြန်တော့ ဘုရားလေး တဆူပဲ ကျန်ခဲ့တယ်။ ဒါတောင် ကြေးသွန်းဘုရားမို့” လို့ ဆိုပါတယ်။

မတ်လ ၅ ရက် ညက ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ခဲ့ ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- AAMIJ)

“အကုန် ပါတာ စပါးတွေ၊ ဆန်တွေ၊ ဆီတွေ အကုန်ပါတာ ဘာမှကို မရလိုက်ဘူး။ ၃ နာရီလောက်ကြတော့ ပြန်တော့ တဲ့ ကိုယ့်အိမ်ကိုယ် ကိုယ့်ရွာကိုယ်ပြန် အဲဒီလိုပြောပြီး ရွာထဲကို ပြန်လွှတ်တာ အိမ်မှ မရှိတော့တာ ဘယ်သွားပြန်ရမှာ လဲ ကိုယ့်အိမ်ကိုယ်ပြန် ဆိုတော့ ပြန်လာရတာ အထုတ်ကလေးတွေနဲ့” ဟုလည်း နေအိမ်ဆုံး ရှုံးခဲ့ရတဲ့ နှမစား ရစ် ရွာခံက ပြောပါတယ်။

ပြည်သူတွေရဲ့ နေ့စဉ် ဘဝအတွက် လုံခြုံမှုကို ပေးစွမ်းနေတဲ့ အိုးအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတာက လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်ဖြစ်တဲ့ “လူတိုင်း အသက်ရှင်ခွင့်၊ လုံခြုံခွင့်” ဆိုတာကိုလည်း စစ်တပ်က ပြောင်ပြောင်တင်း တင်းကို ချိုးဖောက်နေတာပါပဲ။

အာဏာသိမ်းပြီးနောက် ၁၃ လတာ ကာလအတွင်း စစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူတွေရဲ့ နေအိမ် အနည်း ဆုံး ၆၁၅၈ လုံးကို မီးရှို့ခဲ့ပြီး စစ်ကိုင်းတိုင်းက ဒေသခံတွေကတော့ အပျက်အစီး အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ခံစားနေရတယ်လို့ လွတ်လပ်သော သုတေသနအဖွဲ့ Data for Myanmar ရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

စစ်ကောင်စီတပ်က မီးရှို့တိုက်ခိုက်မှုတွေကို လွန်ခဲ့တဲ့နှစ် မေလက စတင်ခဲ့ပေမယ့်၂၀၂၂ ခုနှစ် အစမှာ မီးရှို့တဲ့ ဗျူဟာ က ပိုစိတ်လာပြီး ပိုပြင်းထန်လာတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တလတည်းမှာပဲ လူနေအိမ်ပေါင်း ၂၈၈၂ လုံးကို မီးရှို့ခဲ့ ပြီး ဒီအရေအတွက်ဟာ စစ်အာဏာသိမ်းမှု နောက်ပိုင်း မီးရှို့မှု အားလုံးရဲ့ ထက်ဝက်နီးပါး ရှိပါတယ်။

စုစုပေါင်းအနေနဲ့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းထဲက အရပ်သား နေအိမ် ၃၆၉၈ လုံး၊ ချင်းပြည်နယ်မှာ ၁၀၃၂ လုံး၊ မကွေးတိုင်းက ၈၈၅ လုံး၊ ကယားပြည်နယ်က ၃၁၁ လုံးနဲ့ ရှမ်းပြည် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း တို့မှာ အိမ် ဒါဇင်ပေါင်းများစွာကို မီးရှို့ခဲ့တယ်လို့ Data for Myanmar က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မီးလောင်မှု ဒုတိယအများဆုံး ဖြစ်တဲ့ ချင်းပြည်နယ်မှာဆိုရင် ထန်တလန်မြို့ဟာ၂၀၂၁ ခုနှစ် စက်တင်ဘာကတည်းက ၂၀၂၂ ခုနှစ်အထိကို ဆက်တိုက် မီးရှို့ခံနေရဆဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၇ ရက်တွေမှာ စစ်ကောင်စီက ၂၆ ကြိမ်မြောက် မီးရှို့ခဲ့တာပါ။

စက်တင်ဘာလကတည်းက မြို့ကို စွန့်ခွာပြီး ထွက်သွားကြပြီဖြစ်တဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ရုံတင်မကဘဲ နေအိမ်ထဲက ပစ္စည်းတွေကိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ယူဆောင်မှုတွေ ရှိနေဆဲ ဖြစ်တာကို အဝေးကြည့် မှန် ပြောင်းတွေကနေတဆင့် မြင်နေရတယ်လို့ ဒေသခံတွေက ဆိုလိုက်ပါတယ်။

“မှန်ဘီလူးနဲ့ ကြည့်ရင် မီးမရှို့ခင် ၁ ပတ်အလိုတုန်းက ဈေးရပ်ကွက်မှာ မီးမလောင်တဲ့ အိမ်လက်ကျန်တွေကို စစ်သား ၇ ယောက် ၈ ယောက်လောက်က အိမ်တွေကို ဖောက်ပြီးတော့ ပစ္စည်းတွေကို ယူနေတာ တွေ့ရတယ်။ အခုက သုည ဖြစ်သွားပြီ။ ဒါပေမယ့် ကိုယ့်နိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီ ရရှိဖို့ သူငယ်ချင်းတွေ၊ အစ်ကို အစ်မတွေတောင် အသက်ကို စွန့်ပြီးမှ ပြည်သူဘက်က ရပ်တည်နေတဲ့ အခိုက်အတန့်မှာ ကျနော်တို့လည်း အိမ်မီးလောင်တာတော့ တော်တော် ဆုံးရှုံးမှု ဖြစ်ပေမယ့် အားတင်းထားတာပေါ့လေ” လို့ ထန်တလန် ဒေသခံက ပြောပါတယ်။

ဖွံ့ဖြိုးမှု နောက်ကျသေးတဲ့ ချင်းပြည်နယ်လို ဒေသမှာ အိမ် ၁ လုံး ဖြစ်ဖို့ရာက ပိုခက်ခဲပါတယ်။ အိမ်ဆောက်ဖို့ရာ ကုန်ကြမ်း ပစ္စည်းတွေကို ဝယ်ရင် လမ်းပန်းဆက်သွယ်ရေး အရပဲ ဖြစ်ဖြစ် မြေပြန့်ဒေသတွေထက် ကုန်ကျငွေ ပိုပါ တယ်။

မတ်လ ၅ ရက် ညက ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ခဲ့ ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- AAMIJ)

တချို့နေအိမ်တွေဟာ ငွေကြေး ကြွယ်ဝချမ်းသာလို့ တည်ဆောက်ထားတဲ့ အိမ်တွေ မဟုတ်ပါဘူး။ မိသားစု တခုလုံးရဲ့ ချွေး သွေး၊ နွေးထွေးမှု၊ အားပေး ဖေးမမှုတွေနဲ့ နှစ်ပေါင်းများစွာ စုစည်းတည်ဆောက်ခဲ့ရတာပါ။

တောင်ယာ ၊ စိုက်ခင်းက ရသမျှ ပိုက်ဆံကို ချွေတာကြပြီး အိမ်တွေမှာ ရင်းနှီးမြှုပ်နှံ တည်ဆောက်ကြပါတယ်။

မင်းကင်းမြို့နယ် အုန္နဲပုတ် ကျေးရွာသားတဦးက “ကျနော်တို့ အဖေ အမေတွေဆို အရင်က တအား ဆင်းရဲတယ်။ ကျနော်တို့ ငယ်ငယ်ကဆိုရင် သူများအိမ်ဘေးမှာ အဖီ ဆွဲပြီး နေရတယ်။ နှစ်ပေါင်း ၃၀ လောက် ရင်းပြီးမှ တည် ဆောက်ထားတာ ဒီလို နာရီပိုင်းလေးနဲ့ လူမဆန်စွာ ဖျက်ဆီးသွားတာ ခံစားရတာပေါ့။ ရသမျှဟာနဲ့ အိမ်ကိုပဲ သကြ တာ။ အခုက ပြာပုံပဲ ရလိုက်တယ်” လို့ ဆိုပါတယ်။

နေအိမ်တွေ မီးရှို့ခံနေရသလို စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဆက်နွယ်ပြီး သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ကလည်း ရာနဲ့ချီ နေပါပြီ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ က ဖေဖော်ဝါရီ ၁၈ ရက်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ လွှတ်တော် ကိုယ်စားလှယ် ၇၅ ဦး၊ NLD နဲ့ ပတ်သက် ဆက်နွယ်နေသူတွေ ၅၀ အပါအဝင် စုစုပေါင်း ၁၇၅ ဦး ရဲ့ နေအိမ်၊ ဆိုင်ခန်းနဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံထားရတယ်လို့ သိရပါတယ်။

အဲဒီ စာရင်းထဲမှာ အနုပညာရှင်တွေ၊ ပြည်သူတွေနဲ့ သတင်းမီဒီယာသမားတွေရဲ့ အိမ်တွေ ချိတ်ပိတ်ခံရတဲ့ စာရင်း မပါ ဝင်သေးပါဘူး။ ဧရာဝတီက တွေ့ရှိတဲ့ အချက်အလက်တွေအရ အနုပညာရှင်တွေ၊ သတင်းမီဒီယာသမားနဲ့ ပြည်သူ တွေရဲ့ နေအိမ် ချိတ်ပိတ်ခံရမှုဟာ ၅၀ ကျော်ရှိနေပါတယ်။ ချိတ်ပိတ်လိုက်တဲ့အထဲမှာ လူနေအိမ်တွေတင် မကဘဲ ဘုန်းကြီးကျောင်းနဲ့ ပရဟိတ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီတပ်က နာရီပိုင်းအတွင်း မီးရှို့ပြာချလိုက်တဲ့ နေအိမ်တွေဟာ ဒေသခံတွေရဲ့ ချွေးနဲ့ သွေးနဲ့ နှစ်ပေါင်းများစွာ စုဆောင်း တည်ဆောက်ခဲ့ရတာပါ။ နေ့တွင်းချင်း ဖန်တီးလို့ မရတဲ့ အရာတွေကို နေ့တွင်းချင်း ပြန်ရလိုက်တာကတော့ ပြာပုံပါပဲ။

နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ နေအိမ်တွေအစား ပြာပုံတွေကိုပဲ ပြန်မြင်ခွင့်ရပြီး ခုဆိုရင် ဒေသခံတွေက အာဏာ သိမ်း စစ်ကောင်စီ လက်အောက်မှာ အိုးမဲ့အိမ်မဲ့ ဘဝကို အချိန်ပိုင်းအတွင်း ဆိုသလို ရောက်ရှိကုန်ကြပါပြီ။

You may also like these stories :

စစ်ကောင်စီ မီးရှို့တဲ့ အရပ်သားနေအိမ် ၆၀၀၀ ကျော် ရှိ

၂၆ ကြိမ်မြောက် မီးရှို့ခံရမှု ထန်တလန်မှ အိမ် ၁၀၀၀ ကျော် မီးလောင်သွား

ဆုံးရှုံးမှုများ ခါးစည်း ရင်ဆိုင်နေကြရသော တောင်သူများ

ယင်းမာပင်၊ သပြေအေးရွာ မီးရှို့ခံရမှု ရွာသား၂ ဦး သေဆုံး

Loading