စစ်ကောင်စီဘက်က နေ့စဉ်နှင့်အမျှ လက်နက်ကြီးနှင့် လေကြောင်း ပစ်ကူများသုံး၍ တိုက်ခိုက်မှုကြောင့် ကယား ပြည်နယ် မိုးဗြဲ- ဒီးမော့ဆို လမ်းပိုင်းရှိ ဒေသကာကွယ်ရေးတပ်များ (PDF) များ ထိန်းချုပ်နိုင်ခဲ့သည့် နေရာတချို့ကို ပြန်လည် လက်လွှတ်ပေးခဲ့ရကြောင်း သိရသည်။
ယမန်နေ့ (မတ် ၁၃ ရက်) တွင် ဒီးမော့ဆိုမြို့ နှင့် မိနစ်ပိုင်းသာ ကွာဝေးသော ဒေါငံခါး ရပ်ကွက်ကို လက်နက်အင်အားခြင်း မမျှ၍ နောက်ဆုတ်ပေးလိုက်ရကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) မှ ပြန်ကြားရေး တာဝန်ခံ က ဧရာ ဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှ စတင်ပြီး စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် PDF များက မိုးဗြဲ၊ ဝါရီဆူးပလိုင်၊ နန်းမယ် ခုံ အစရှိသည့် မြို့နယ်များမှ ဆုတ်ခွာပေးခဲ့ရပြီး ယခုတွင် ဒေါငံခါးရပ်ကွက်မှပါ နောက်ဆုတ်ပေးလာရခြင်း ဖြစ်သည်။
၎င်းက “ရှင်းရှင်း ပြောရရင် ကျနော်တို့မှာ လက်နက်ခဲယမ်း ကုန်သလောက် ဖြစ်သွားပြီ။ အဲဒါကြောင့် အနောက်ဘက် နည်း နည်း ဆုတ်ပေးလိုက်ရတယ်။ သူတို့ဘက်က နေ့နေ့ညည လေယာဉ်နဲ့ ဗုံးကြဲတယ်။ အခု အတွဲလိုက် ဒုံးနဲ့ပစ်တယ် ကျနော် တို့ ဆက်တင်းခံနေမယ်ဆိုရင် အိမ်တွေ လက်နက်ကြီး ထိမယ်။ဘာသာရေး၊ အဆောက်အအုံတွေလည်း ပျက်စီးမယ်။ ကျနော်တို့လည်း အထိနာမယ်။ အဲဒါကြောင့် ဆုတ်ပေးလိုက်ရတာ” ဟု ပြောဆိုသည်။
အာဏာသိမ်း စစ်ကောင်စီတပ်များသည် ရှမ်း- ကယား နယ်စပ်အနီးရှိ မိုးဗြဲမြို့ ဝန်းကျင်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက် မှ စတင်ကာ ခြေလျင်တပ်၊ သံချက်ကာကား၊ လေကြောင်းနှင့် ၁၂၀ မမ၊ ၈၀ မမ အမြောက်ပစ်ကူများ အပြည့်အဝသုံး ၍ အင်အား ၂၀၀ စီပါသော စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ဖြစ်ပြီး ဒီးမော့ဆို မြို့နယ် အတွင်း သို့ ဆက်လက် ထိုးစစ်ဆင်လာနေခြင်း ဖြစ်သည်။
ယခု ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများ အတွင်း၌ စစ်ကောင်စီဘက်က ကားတင် အတွဲလိုက်ဒုံး Multiple Rocket Launcher System (MRLS) များကို အသုံးပြု တိုက်ခိုက်လာနေလျက် ရှိသည်။
ကယားပြည်နယ်အတွင်းရှိ ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF) အပါအဝင် မဟာမိတ် ပူးပေါင်း PDF တပ်များ ကလည်း အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည့် ၁ လ ဝန်းကျင်အတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အများ အပြားရှိခဲ့ပြီး စစ်ကောင်စီဘက်က ၁၀၀ နီးပါး သေဆုံးခဲ့သလို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များဘက်က ၃၀ ကျော် ကျဆုံး ခဲ့သည်။
ဖယ်ခုံ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပြောရေးဆိုခွင့်ရှိသူ က “တိုက်လေယာဉ်နဲ့ လာတယ်။ ဟယ်လီကော်ပတာနဲ့ လည်း လာတယ်။ အခုဆို အတွဲလိုက်ဒုံးနဲ့လဲ တိုက်နေတယ်။ ကျမတို့ကို တကယ့်ကို မြန်မာနိုင်ငံသား မဟုတ်တော့ သလို ချနေတာ ဒါက ပြည်တွင်း စစ်ပွဲလေ ကျမတို့ကို တနိုင်ငံနဲ့ တနိုင်ငံ တိုက်နေသလိုမျိုးကြီး တကယ့်ကို ချနေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ အားကောင်းနေလာသည့် ကယားပြည်နယ်ကို ထိန်းချုပ်လာနိုင်ပါက တခြားတိုင်းနှင့် ပြည်နယ်များကိုလည်း ပို၍ ထိန်းချုပ်နိုင်လာလိမ့်မည်ဟု ယူဆချက်ကြောင့် ယခုလို ကယားပြည်နည်အတွင်းသို့ ဖိပြီး တိုက်ခိုက် လာနေခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီ ဒု ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ် ချုပ်ကြီး စိုးထွဋ်တို့ ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် ဘောလခဲမြို့များသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ နယ်မြေခံ တပ်နယ်အရာရှိများနှင့် တွေ့ဆုံပြီးနောက် ရှမ်း- ကယား နယ်စပ်မှ တဆင့် ကယားပြည်နယ်အတွင်းသို့ စစ်ဆင် ရေးများ လုပ်ဆောင်လာခြင်း ဖြစ်သည်။
CDM ဗိုလ်ကြီး လင်းထက်အောင်က “အတွဲလိုက် ဒုံးတွေကို အသုံးပြုတာဟာ ထိခိုက်မှုတွေ အများကြီး ရှိတယ်။ လက်နက် ကြီးပစ် ကူဆိုတဲ့ နေရာမှာ တော်တော်ကို ကြီးကြီးမားမား ပစ်ကူပေးတာပေါ့။ ဒါမျိုးတွေ သုံးတာက သူတို့ကို ခုခံတွန်းလှန် နေတဲ့ သူတွေရော၊ ခုခံတွန်းလှန်သူတွေကို ထောက်ပံ့နေတဲ့ သူတွေကိုရော ကြီးကြီးမားမား အကျိုးဆက်တွေ ခံရအောင် လို့ လုပ်နေတဲ့ အရာပဲ” ဟု ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ကယားပြည်နယ်အတွင်းရှိ PDF များကို အမြတ်ဖြတ် ချေမှုန်းပြီး နယ်မြေစိုးမိုးမှု ပြန်လည် ရရှိနိုင်ရန် အတွက် မြေပြင်နှင့် ဝေဟင် ထိုးစစ်များအပြင် သံချပ်ကာ၊ တင့်ကားနှင့် ဒုံးတပ်ဖွဲ့များကိုပါ အသုံးပြု တိုက်ခိုက်လာနေခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ဒီးမော့ဆို PDF မှ ပြန်ကြားရေး တာဝန်ခံက “ဒီနေရာတွေကို ကျနော်တို့ ပြင်ဆင်ပြီးရင်တော့ ပြန်တိုက်ယူမှာပဲ” ဟု ဧရာ ဝတီသို့ ပြောသည်။
လက်ရှိတွင် ကယားပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာနေ၍ ဒေသခံအရပ်သား တသိန်းခွဲကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူနေရပ်ကွက်များအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း နေအိမ် အများ အပြားလည်း ပျက်စီးဆုံးရှုံးလျက်ရှိသည်။
You may also like these stories:
ဒီးမော့ဆိုရှိ စစ်ရှောင်များ နေထိုင်ရာ လိုဘာခိုရွာအား လေယာဉ်ဖြင့် ဗုံးကြဲ
စစ်ကောင်စီ တပ်စွဲထားသည့် မိုးညှင်းတက္ကသိုလ်နှင့် ကားကြီးဝင်း KPDF ဝင်တိုက်
ပူတာအိုတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာ