ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ်ပေးခဲ့သည်ဟု စွပ်စွဲကာ အဂတိ လိုက်စားမှုဖြင့် တရားစွဲထားမှုကို ယနေ့ ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးခဲ့ရာ စွပ်စွဲမှုများ မမှန်ကန်ကြောင်း ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။
၎င်းက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စွပ်စွဲချက်တွေဟာ လုံးဝ မှန်ကန်မှု မရှိဘူး၊ ယူစရာလည်း အကြောင်း မရှိဘူး၊ လက်ခံစရာလည်း အကြောင်း မရှိဘူး” ဟုဆိုကာ ထွက်ဆိုခဲ့ကြောင်းလည်း ပြောသည်။
အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်ပြီး တရားစွဲဆိုထားမှုတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သီးခြား သက်သေ တင်ပြခြင်း မရှိတော့သည့်အတွက် လာမည့် မတ်လ ၂၈ ရက် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက် ပေးမည် ဖြစ်ပြီး မကြာမီ အမိန့်ချမည် ဖြစ်သည်။
ဦးဖြိုးမင်းသိန်း အနေဖြင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်စဉ်က ၎င်း၏ လုပ်ဆောင်မှုများအား ကူညီစောင့် ရှောက်ပေးရန် ဟုဆိုကာ အဆိုပါ ရွှေနှင့် ဒေါ်လာများကို ဒေါ်အောင်ဆန်းစုကြည်ထံ ၎င်းကိုယ်တိုင် သွားရောက် ပေးအပ်ခဲ့ ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
ဝန်ကြီးချုပ် တာဝန်ဖြင့် လုပ်ငန်း ဆောင်ရွက်ချက်များ ကူညီစောင့်ရှောက်ပေးရန်ဆိုသည့် ဦးဖြိုးမင်းသိန်း၏ ပြောကြားထား ချက်နှင့် ပတ်သက်၍လည်း ၎င်းအနေဖြင့် တနိုင်ငံလုံးအတွက် အလုပ် လုပ်နေခြင်းသာ ဖြစ်ပြီး ဦးဖြိုးမင်းသိန်း တဦးတည်း ဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်းနှင့် ယခုကဲ့သို့ စွပ်စွဲတိုင်ကြားထားမှုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင်မှ စုံစမ်းစစ်ဆေးရန်အတွက် စာပေးပို့သည့် အခါမှသာ သိရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်ဟု သိရသည်။
ယင်းပြင် ယနေ့ရုံးချိန်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေး ငှားရမ်းသုံးစွဲခဲ့မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် တို့အား အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားမှုမှ တရားလိုဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်ခန့်အား ဆက်လက် စစ်ဆေးခဲ့ပြီး သက်သေခံတင်ပြမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
မနက်ဖြန် မတ်လ ၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးနိုင်ငံလင်း တို့အပေါ် အာဏာ သိမ်း စစ်ကောင်စီက အဂတိမှုများဖြင့် တရားစွဲဆိုထားသည့် အမှုများအား ချေဖျက်ရုပ်သိမ်းရန် ပြည်ထောင်စု တရားလွှတ် တော်ချုပ်သို့ လျှောက်ထားတင်ပြမှုအား လက်ခံ/ မခံ ကြားနာမည် ဖြစ်သည်။
You may also like these stories:
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ မြေနေရာချပေးမှု စည်ပင်သတ်မှတ်ချက်အတိုင်းဖြစ်ဟု ထွက်ဆို