ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၏ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန်တို့ မိသားစု ၃ ဦးကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က သတ်ဖြတ်ခဲ့သည့် သက်သေများ တွေ့ရှိပြီး ဖြစ်ကြောင်း အဆိုပါ အမှုကို ရှာဖွေဖော်ထုတ်နေသည့် စုံစမ်းရေးကော်မတီထံမှ သိရသည်။
ဖြစ်စဉ်မှာ မိုင်းနုမ်ဟန်၏ ဇာတိဖြစ်သည့် မတ်ချိနုရွာတွင် အသတ်ခံလိုက်ရသည့် မိခင်ဖြစ်သူ၏ နာရေးမှ မိုင်းကိုင်မြို့သို့ အပြန် ဇန်နဝါရီလ ၁၀ ရက်က တုံလောရွာအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက်တွင် မိသားစုဝင်နှင့် မတ်ချိနုရွာခံများက မိုင်းနုမ်ဟန် ဖမ်းခံရသည့် တုံလောရွာအတွင်း ဝင်ရောက်ရှာဖွေရန် ကြိုးစားခဲ့သော်လည်း အတားအဆီးများကြောင့် မအောင်မြင်ခဲ့ပေ။
ဖြစ်စဉ် စုံစမ်းရေးတွင် ပါဝင်သူတဦးက “သူအဖမ်းခံရပြီလို့ ကြားကြားချင်း မတ်ချိနု ကျေးရွာသားတွေ အထူးသဖြင့် သူ့ညီလည်း ပါတာပေါ့။ သူအဖမ်းခံရတဲ့ တုံလော ကျေးရွာကို သွားမေးမြန်းတယ်။ ရှာဖွေပါရစေပေါ့။ ကားလည်း ပါတယ်ဆိုတော့ ကားတွေ့ရင် လူတွေ့မှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမယ့် လုံးဝ အရှာ မခံနိုင်ဘူး။ မင်းတို့ ရှာလို့ RCSS က တခုခု လုပ်သွားရင် ငါတို့ တာဝန် မယူဘူးဆိုတဲ့ လေသံတွေနဲ့ လုပ်တဲ့အခါကျတော့ သွားရှာလို့ မရဘူးပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထို့နောက် ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်ရာ ၂ လအကြာ မတ်လ ၉ ရက်တွင် တုံလောရွာအနီး ပန်ပွဲရွာပိုင် လူအရောက်အပေါက် မရှိသည့် တောတွင်း ကျင်းနက်တခုထဲ၌ လက်နှင့် လည်ပင်းအား ကြိုးတုပ်ထားပြီး ဇောက်ထိုး ပစ်ချခံထားရသည့် အနေအထားဖြင့် မိုင်းနုမ်ဟန် (၃၉ နှစ်) အပြင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည့် ၎င်း၏ ဇနီး လွေးအေးခ (၂၆ နှစ်) နှင့် မိခင်ကျော၌ လွယ်လျက်ပင် သေဆုံးနေသည့် ၇ လသားအရွယ် သမီးငယ် ရုပ် အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
ရုပ်အလောင်းများ ပျက်စီးနေသောကြောင့် မည်သည့်နေရာများအား ပစ်ခတ်သတ်ဖြတ်ခဲ့သည် ဆိုသည်ကို မသိရှိ နိုင်ကြောင်းနှင့် သေဆုံးသူများ၏ဘေးတွင် ကျည်အတောင့် ၃၀ ဝန်းကျင်ကို ကောက်ယူသိမ်းဆည်းထားကြောင်း စုံစမ်းရေး ကော်မတီထံက သိရသည်။
စုံစမ်းရေး ကော်မတီဝင် တဦးကလည်း “ကလေးကတော့ အရိုးပဲ ကျန်တော့ လသားကလေး ဆိုတော့ နှာခေါင်းပိတ်ရင်လည်း သေနိုင်တယ်။ အစားငတ် ရင်လည်း သေသွားနိုင်တယ်။ သူတို့ ဘယ်လိုပုံစံ သတ်သလဲတော့ မပြောတတ်ဘူး။ သေချာတာက ကလေးအမေကို ဆယ်တဲ့အခါမှာ ကလေးသည် သူ့အမေရဲ့ ကျောကုန်းမှာပဲ ပိုးထားတုန်း ရှိသေးတယ်။ အမေ ရုပ်အလောင်း ဆယ်ပြီး တဲ့အခါမှာ ကျည်ဆန်တွေတော့ အများကြီး တွေ့တယ်” ဟု ပြောသည်။
လသား အရွယ် ကလေးငယ်ကိုပါ မချန် သတ်ဖြတ်ခဲ့သည့် တရားခံသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဖြစ်ကြောင်းကို ယခုအမှုအား စုံစမ်းဖော်ထုတ် နေသည့် ကော်မတီအပြင် လက်နက်ကိုင်အဖွဲ့များ၏ ဝင်ထွက်မှု အခြေအနေတွေကို သိမြင်သည့် ဒေသခံများက ဆိုကြသည်။
ထို့ပြင် RCSS တပ်ဖွဲ့မှ ထွက်ပြေးလာသော တပ်သားတယောက်၏ ပြောပြချက်အရ ပန်ပွဲရွာ တောင်ဘက်ရှိ ကျောက်ဆောင်များကြားတွင် မိုင်းနုမ်ဟန်တို့ မိသားစုကို ဖမ်းဆီးထားသည့် နေရာအားလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရ သည်။
မိုင်းနုမ်ဟန်ကို ဝါးနှင့် ပြုလုပ်ထားသည့် ၆ ပေါက် ထိပ်တုံးတွင် ချုပ်နှောင်ထားပြီး သူ၏ မလှမ်းမကမ်းတွင် အမျိုးသမီး ဖြစ်သူနှင့် ကလေးငယ်ရှိနေကာ ကလေး ငိုလွန်းနေသဖြင့် အဆိုပါ တပ်သားက ထမင်းကို ကျွေးမွေးခဲ့ကြောင်း ဆိုသည်။
သူ၏ တွေ့ရှိချက်များကိုလည်း အရက်ဘက် အဖွဲ့များနှင့် ဒေသခံများက အတည်ပြုချက် ယူခဲ့ကြသည်။
မိုင်နုမ်းဟန် မိသားစုသည် အဆိုပါ လမ်းခရီး အသွားမှာပင် RCSS က ၁ နာရီကြာ စစ်ဆေးမေးမြန်း ခဲ့ကြောင်း သိရ သည်။
ကားတိုက်ခံရပြီး သေဆုံးသွားသည့် မိုင်းနုမ်ဟန်၏ မိခင် အပါအဝင် မိုင်းနုမ်ဟန်နှင့် မိသားစုကို RCSS က နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းနိုင်ငံရေး လေ့လာသူ အချို့ သုံးသပ်ပြောဆိုသည်။
စုံစမ်းရေး ကော်မတီ အဖွဲ့ဝင် တဦးက “မိုင်းနုမ်ဟန်က ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့နောက် ရွာကို မပြန်ဖြစ်ဘူး။ ထူးပြီးတော့ ရွာပြန်နိုင်တဲ့ အခြေအနေက အဲဒီတခုပဲ သူ့တို့ မောင်နှမထဲက တခုခု ဖြစ်မှပဲ ပြန်လာမယ် ဆိုတဲ့ ယူဆချက်ရှိပုံ ရတယ်။ အဲဒါကြောင့် မိုင်းနုမ်ဟန် သူ့အမေ သေတော့ ပြန်သွားတော့ သူ့ကို စစ်ဆေးတာ ၁ နာရီလောက် ကြာတယ်။ ငါးမျှားဖို့အတွက် ငါးစာချလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။
ဇန်နဝါရီလ ၅ ရက်က မိုင်းနုမ်ဟန်၏ မိခင်၊ ညီနှင့် တူတို့သည် မန်လီရွာမှ ဈေးဝယ်ပြီး မတ်ချိနုရွာသို့ အပြန်တွင် ၎င်း တို့ စီးနင်းလာသည့် ဆိုင်ကယ်တွဲဆိုင်းကို ကားတစီးက နောက်မှ လိုက်ကာ ဝင်တိုက်သဖြင့် မိခင်ဖြစ်သူ သေဆုံး ခဲ့ခြင်း ဖြစ်သည်။
မိုင်းနုမ်ဟန် မိသားစုနှင့် နီးစပ်သူ တဦးက “ရည်ရွယ်ချက်ရှိရှိ တိုက်တာ သူ့ညီနဲ့ အမေက ဆိုင်ကယ်အတွဲနဲ့ သွား တော့ ဈေးကနေ ပြန်လာတဲ့ အချိန်မှာ လိုက်လာတာ။ ရည်ရွယ်ချက်ရှိရှိ လိုက်တယ်ဆိုတာ သူ့ညီပြောပြချက်အရ တော်တော်လေး သိသာတယ်။ မမီခင်မှာ ဖြည်းဖြည်း လေးပဲ မောင်းပြီး ကားကို ဟိုကွေ့လိုက် ဒီကွေ့လိုက်နဲ့ သူတို့ ခဏလေး ရပ်တဲ့ အချိန်မှာ တိုက်သွားတာ” ဟု ပြောသည်။
RCSS ကို TNP ပါတီက မိုင်းနုမ်ဟန် မိသားစု ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ၎င်းတို့အဖွဲ့မှ ဖမ်းဆီး ထားခြင်း မရှိကြောင်းကို ဗိုလ်မှူးကြီး စိုင်းငင်း လတ်မှတ်ပါ စာဖြင့် ဇန်နဝါရီလ ၂၉ ရက်က အကြောင်းပြန်စာ ထွက်ရှိ လာခဲ့သည်။
ထို့ပြင် အခြား လက်နက်ကိုင်အဖွဲ့များလည်း လှုပ်ရှားသွားလာနေသဖြင့် ထပ်မံ စုံစမ်းသင့်ကြောင်း ဆိုထားသော်လည်း ဒေသခံများ၏ ပြောဆိုချက်အရ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့သည် မိုင်းနုမ်ဟန် ဖမ်းဆီးခံရပြီးနောက် ဇန်န ဝါရီ ၂၄ ရက်တွင်မှ ရောက်ရှိလာခြင်း ဖြစ်ပြီး အဆိုပါ ရက်များတွင် RCSS သာ လှုပ်ရှားသွားလာနေခြင်း ဖြစ်ကြောင်း ဆိုကြသည်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရန်အတွက် RCSS က ဗိုလ်မှူး စိုင်းခမ်းစံကို ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
RCSS သည် မိုင်းကိုင်မြို့နယ်တွင် TNP ပါတီ၏ နိုင်ငံရေး လှုပ်ရှားမှုများ အားကောင်းလာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေး အရ မကျေနပ်ချက်များ ရှိကြောင်း ရှမ်းပြည် နိုင်ငံရေး လေ့လာသူများထံက သိရသည်။
မိုင်းနုမ်ဟန်သည် အဆိုပါ ဒေသတွင် ထင်ရှားသော တအာင်း အမျိုးသား တဦးဖြစ်ကာ ဘုန်းကြီးဝတ်ခဲ့စဉ်ကတည်းက တအာင်း လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး လုပ်ငန်းများအတွက် တက်တက်ကြွကြွလုပ်ဆောင်ခဲ့ပြီး တအာင်း လူထု အရေးနှင့် ပါတီအရေးအတွက် အားတက်သရော ဆောင်ရွက်နေသူလည်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲ ကာလကလည်း မိုင်းကိုင်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် ပါတီဥက္ကဋ္ဌ မိုင်းအောင်ခမ်းကိုလည်း RCSS က ၂ လခန့် ဖမ်းဆီးခဲ့ပြီး လူထုက သိရှိသဖြင့် ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
မိုင်းအောင်ခမ်းက “ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကလည်း ကျနော်တို့ TNP ပါတီကို မရှိစေချင်ဘူး။ TNP ပါတီ ဆိုင်းဘုတ်ကို ဖြုတ်ခိုင်းတယ်။ ကျနော်နဲ့ ကျနော်ရဲ့ အတွင်းရေးမှူးကို ဖမ်းသွားတာပေါ့။ ကျနော့်ကို ဖမ်းသွားတာက ၃၃ ရက်ကြာ တယ်။ ဖမ်းထားတဲ့အချိန်မှာ ကျနော့်ကို ခေါင်းတွေ လက်တွေ ရိုက်တယ်။ ပါးတွေ ချတယ်။ မိုးတွင်းလည်း ဖြစ်တော့ မိုးထဲမှာပဲ ဒီတိုင်း ထားထား တာပေါ့။ ဒီတိုင်း အိပ်ရတာပေါ့။ ခြေထောက်ဆိုရင်လည်း ၂၄ နာရီ ချုပ်ထားတာ လက်ဆို ရင်လည်း နေ့လယ်ပိုင်းပဲ ဖွင့်ထားတယ်။ ညဆို ချုပ်ထားတာပေါ့” ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “အဲဒီအချိန်ကတည်းက ဇာတ်လမ်း စတယ်လို့ပဲ ပြောရမှာပဲ။ ကျနော့်အဖေကိုလည်း သတ်မယ် ဖျောက်မယ်ဆိုပြီး ကြံရွယ်ခဲ့ပေမယ့် သူတို့ မအောင်မြင်ခဲ့လို့ ကျနော့်အဖေကလည်း လွတ်မြောက်နယ်မြေကို ထွက် ပြေးလာတာ။ မိုင်းကိုင် ဒေသမှာ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်း ရှိတာကို သူတို့ မလိုလားဘူးပေါ့။ တအာင်းနိုင်ငံရေး အဖွဲ့အစည်း ရှိတယ်ဆိုတာကိုလည်း မိုင်းကိုင်မှာ မရှိစေချင်ဘူး” ဟု ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင်လည်း မိုင်းကိုင်မြို့နယ်အတွင်း မဲဆွယ် စည်းရုံးရေး ဆင်းသည့် TNP ပါတီကို RCSS က လူ သိရှင်ကြား ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သဖြင့် မဲဆွယ်စည်းရုံးမှုများကို ရပ်တန့်ခဲ့ရသည့်အပြင် မိုင်ကိုင်ကို အနက် ရောင် နယ်မြေ သတ်မှတ်လိုက်ကာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ပေ။
RCSS/SSA (တောင်ပိုင်း SSA) သည် မိုင်းကိုင်မြို့နယ် အပါအဝင်ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်တွင် SSPP/SSA (မြောက်ပိုင်း SSA)၊ TNLA တို့နှင့် နယ်မြေစိုးမိုးမှုအတွက် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသကဲ့သို့ အဆိုပါ ဒေသအတွင်းရှိ ပအို့ဝ်၊ ပလောင်စသည့် အခြား တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများနှင့်လည်း ပဋိပက္ခများ မကြာခဏ ဆိုသလို ပေါ်ပေါက်လေ့ ရှိသည်။
၂၀၁၈ ခုနှစ်ကလည်း လွိုင်လင်မြို့နယ် တောင်နောက် ကျေးရွာအုပ်စုတွင် RCSS နှင့် ရွာသားများ ပဋိပက္ခဖြစ်ပွားကာ ပအို့ဝ် ကျေးရွာသား ၅ ဦးကို RCSS တပ်ဖွဲ့က ပစ်သတ်ခဲ့သည်။
You may also like these stories:
မိုင်းကိုင်တွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြောင့် အရပ်သား ၆ ထောင်ကျော် ထွက်ပြေးနေကြရ
နှစ်အစ၌ပင် မြန်မာ့ကုန်ထုတ်လုပ်မှု အခြေအနေ ကျဆင်းလာဟု IHS စစ်တမ်းကဆို
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက အဖြေမရှိသေးတဲ့ ပဋိပက္ခ